စိုက်ပျိုးသူတို့ဘဝကို မြှင့်တင်ပေးမယ့် စနစ်လေးတစ်ခုအကြောင်း

Thein Soe     08/12/2017 22:29 PM     Content Provider - Greenway
Photo - ရာသီပေါ်သီးနှံများ ထည့်ထားသည့် ပုံး

လွန်ခဲ့တဲ့ ၃၅ နှစ်လောက်ကစလို့ အစားအသောက်တွေ တင်သွင်းလာတာနဲ့ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆုံးရှုံးလာတာတွေကို ရင်ဆိုင်လာရတဲ့ ဂျပန်နိုင်ငံက အမျိုးသမီးတစ်စုရဲ့ လှုပ်ရှားမှုလေး ကနေ ဒေသတွင်းစိုက်ပျိုးထုတ်လုပ်မှု ပုံစံအသစ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီအမျိုးသမီးတွေကပဲ ဒေသတွင်းစိုက်ပျိုးသူတွေနဲ့ သီးနှံစိုက်ပျိုး ထုတ်လုပ် ရောင်းချတာတွေကို ချိတ်ဆက် လုပ်ဆောင်လာခဲ့ပါတယ်။ အဲဒီလုပ်ဆောင်မှုလေးကို ဂျပန်လို “teikei” လို့ခေါ်ပြီး အဓိပ္ပါယ်ကတော့ စိုက်ပျိုးသူတွေရဲ့မျက်နှာကို အစားအစာပေါ် တင်ပေးလိုက်ခြင်း လို့ ဆိုလိုပါတယ်။ ဒီသဘောတရားဟာ ဥရောပဘက်ကို ခရီးဆက်လာပြီးနောက် အမေရိကရောက်လာတဲ့အချိန်မှာ ရပ်ရွာလူထုကိုယ်တိုင် ပူးပေါင်း ပါဝင်ဆောင်ရွက်စိုက်ပျိုးသော စိုက်ပျိုးနည်းစနစ် လို့အမည်တွင်လာပါတော့တယ်။

Community Support Agriculture (CSA)ဆိုတာ ရပ်ရွာလူထုရဲ့ ထောက်ခံမှုရယူပြီး စိုက်ပျိုးသောစနစ်ဖြစ်ပါတယ်။ အထူးသဖြင့် သြဂဲနစ် သို့မဟုတ် Biodynamic farming (ဆက်လက်ရေးသားရန်အစီအစဉ်ရှိပါသည်) စနစ်တို့ကို အသုံးပြုပြီး ရပ်ရွာလူထုအတွက် အရည်အသွေးမြင့်မားတဲ့အစားအသောက်တွေကို ထုတ်လုပ်နိုင်ဖို့ ဦးတည်ထားတာပါ။ ဒါ့အပြင် ဒီစနစ်ဟာ စိုက်ပျိုးသူများသာမကဘဲ စားသုံးသူအဖွဲ့ဝင်များကပါ စိုက်ပျိုး ထုတ်လုပ်မှုနှင့် ထုပ်ပိုး ရောင်းချမှုမှာ ကြုံတွေ့ရတဲ့ စွန့်စားမှုကို မျှဝေခံစားရတဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ဟာ ပုံမှန်စိုက်နေကြစနစ်ထက် စားသုံးသူများနဲ့ အခြားသက်ဆိုင်သူများပါဝင်မှု ပိုမိုအားကောင်းတဲ့အတွက် စားသုံးသူနဲ့ ထုတ်လုပ်သူ ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေပါတယ်။ ဒီစနစ်ရဲ့အသက်ကတော့ အရည်အသွေးမြင့်တဲ့ အစားအစာများ နှစ်ပတ်လည်လုံး ထုတ်လုပ်ပေးနိုင်ဖို့ လိုအပ်တဲ့ ငွေအရင်းအနှီးကို ကြိုတင်ထုတ်ပေးတဲ့ စည်းလုံးညီညွှတ်သော စားသုံးသူအစုအဖွဲ့ ထွက်ပေါ်လာစေခြင်းပါပဲ။ ကြိုတင်ငွေထုတ်ပေးရာမှာ စိုက်ပျိုးသူကို ချေးငွေထုတ်ပေးတာမဟုတ်ဘဲ မိမိ မိသားစု ၆ လစာ သို့မဟုတ် ၁ နှစ်စာ စားသုံးမယ့် ဟင်းသီးဟင်းရွက် ပမာဏအတွက် ကြိုတင် ငွေပေးချေတာဖြစ်ပါတယ်။ စားသုံးတွေအနေနဲ့ စိုက်ပျိုးရာမှာလိုအပ်တဲ့ ငွေကြေးကို ဘယ်လိုထောက်ပံ့ထားသလဲ၊ စိုက်ပျိုးထုတ်လုပ်သူတွေ အနေနဲ့ရော ဘယ်လိုဖြန့်ဖြူးသလဲ ဆိုတာတွေက တော့ နိုင်ငံ၊ ယဉ်ကျေးမှုအလိုက် ကွဲပြားမှုတွေရှိနိုင်ပါတယ်။ သီအိုရီအရဆိုရင်တော့ စိုက်ခင်းတစ်ခုလုံးကို ပိုင်နိုင်ပြီး ငွေကြေး လုံလုံလောက်လောက် ရရှိထားလေလေ အရည်အသွေးမြင့်မားလာပြီး အစားအသောက် လေလွင့်မှုနဲ့ ငွေကြေးဆုံးဆုံးမှုတွေ လျော့နည်းလေလေဖြစ်ပါတယ်။

ဘယ်လိုလုပ်ဆောင်သလဲ။

ပထမဆုံး ဒီCSAအဖွဲ့ထဲမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ရပါမယ်။ ဒီအဖွဲ့ထဲကို ဝင်လိုက်မယ်ဆိုရင်တော့ စိုက်ပျိုးရာသီတစ်လျောက်မှာ တစ်ပတ်ကိုတစ်ခါ (တစ်နေရာနှင့်တစ်နေရာကွာခြားနိုင်) ဓာတုကင်းလွတ်ပြီး လတ်ဆတ်တဲ့ စိုက်ပျိုးထွက်ကုန် တစ်အိတ် (သို့) ပုံးတစ်ပုံးကို ရရှိမှာပါ။ ဘယ်လိုထွက်ကုန်တွေလည်းဆိုတာကတော့ လယ်သမား အုပ်စုတစ်ခုနှင့်တစ်ခု (သို့) ခြံတစ်ခုနှင့် တစ်ခု ကွာခြားနိုင်ပါတယ်။ အချို့နေရာတွေမှာဆိုရင် ပျားရည်၊ ဥအမျိုးမျိုးနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေပါ ပါလာတတ်ပါတယ်။ ထွက်ကုန်တွေကို ဘယ်လိုဖြန့်ဖြူးလဲဆိုတာလည်း ကွာခြားပါတယ်။ အချို့နေရာတွေမှာ လယ်သမားတွေကတော့ စုရပ်တစ်ခုမှာ လာထားပေးလေ့ရှိပြီး အချို့နေရာတွေမှာတော့ စားသုံးသူတွေကိုယ်တိုင် သတ်မှတ်ထားတဲ့ရက်နဲ့ သတ်မှတ်ထားတဲ့အချိန်မှာ ခြံထဲထိတိုက်ရိုက်လာရောက်ယူဆောင်ရပါတယ်။

ISAC (Institute for Sustainable Agriculture Community)

ISAC (Institute for Sustainable Agriculture Community) ဆိုတဲ့ ချင်းမိုင်မှာရှိတဲ့ ကြားခံအကျိုးဆောင်အဖွဲ့လေးတစ်ခုအကြောင်းပြောပြချင်ပါတယ်။ ဒီအဖွဲ့ဟာဆိုရင် စိုက်ပျိုးသူနဲ့ စားသုံးသူကြားကနေ အကျိုးဆောင်ပေးတဲ့ လူငယ်အဖွဲ့လေးဖြစ်ပါတယ်။ ဒီအဖွဲ့မှာဆိုရင် အဖွဲ့ဝင် (၁၀)ဦးရှိပြီး အဓိက လုပ်ငန်းသုံးခုကို လုပ်ကိုင်ပါတယ်။

(၁) အရည်သွေးထိန်းသိမ်းခြင်း

သူတို့အဖွဲ့လေးကနေပြီး သီးနှံတွေကို သြဂဲနစ်ဖြစ်နေစေဖို့ ထိန်းချုပ်ထားပါတယ်။ သြဂဲနစ်စိုက်ပျိုးရာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ကိုယ်တိုင်မချမှတ်ပဲ PGS (Participatory Guarantee System) လို့ခေါ်တဲ့ အဖွဲ့ဝင်တွေကိုယ်တိုင် ပူးပေါင်းပါဝင်ချမှတ်ပြီး အားလုံးသဘောတူလက်ခံတဲ့ အာမခံစနစ် ကိုကျင့်သုံးတာဟာ တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ စည်းကမ်းချက်တွေကို အကျိုးဆောင်အဖွဲ့၊ စိုက်ပျိုးထုတ်လုပ်သူများနဲ့ စားသုံးသူတို့အားလုံး ပါဝင်ပြီး စိုက်ပျိုးထုတ်လုပ်မှု၊ ထုပ်ပိုးပြင်ဆင်မှု၊ သယ်ယူမှုပုံစံများနဲ့ အခြားလိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ရပါတယ်။ အားလုံး ပူးပေါင်းဆောင်ရွက် ထားတဲ့ အတွက်ကြောင့် နောက်ပိုင်းမှာ ပြဿနာ နည်းသလို ကိုယ်တိုင် သဘောတူထားတာ ဖြစ်တဲ့အတွက်ကြောင့် အစားအသောက်တွေမှာ စိတ်မချစရာနည်းပါးသွားပါတယ်။ အကျိုးဆောင်အဖွဲ့လေးဟာ စိုက်ပျိုးထုတ်လုပ်တဲ့ နေရာမှာ စည်းကမ်းလိုက်နာမှု ရှိမရှိစစ်ဆေးပြီး စိုက်ပျိုးသူတွေရဲ့ ထုတ်လုပ်မှုအခြေအနေကို အမြဲတမ်း ကြည့်ရှုနေရပါတယ်။ လိုအပ်ရင် နည်းပညာပါ ပံ့ပိုးပေးပါတယ်။

(၂) သယ်ယူဖြန့်ဖြူးခြင်းနှင့် ရောင်းချခြင်း

စိုက်ပျိုးသူတွေ ဆီကနေ ရောက်လာတဲ့သီးနှံတွေကို ထုပ်ပိုးပြင်ဆင်ရပါတယ်။ အဲဒီအတွက်တော့ စိုက်ပျိုးသူတွေကနေပြီး ထုပ်ပိုးစရိတ်ကို ပေးဆောင်ရပါတယ်။ အဲဒီမှာ လယ်သမားတွေအနေနဲ့ ထွက်ကုန်တွေကို ရောင်းချလို့ရပါတယ်။ အဖွဲ့မဝင်ထားတဲ့ စားသုံးတွေအနေနဲ့လည်း အလွယ်တကူ လာရောက်ဝယ်ယူနိုင်ပါတယ်။ စျေးကွက်ရဲ့လိုအပ်ချက်အလိုက်၊ သီးနှံစိုက်ပျိုူးတဲ့ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို ဇယားနဲ့စနစ်တကျ ထားရှိပြီး လယ်သမားတွေကလည်း သီးနှံမျိုးစုံကို စိုက်ပျိုးရပါတယ်။ စနစ်အရသီးနှံတစ်မျိုးတည်းစိုက်တဲ့ လယ်သမားတွေက ဝင်ငွေနည်းတဲ့အတွက် လယ်သမားတွေအနေနဲ့ သီးနှံစုံလင်အောင်စိုက်ရပါတယ်။ ဒါဟာ ရေရည်တည်တံ့တဲ့ စိုက်ပျိုးနည်းစနစ်ကို ဖော်ဆောင်ရာ ရောက်စေပါတယ်။

(၃) အသိပညာမြှင့်တင်ပေးခြင်း

စိုက်ပျိုးသူများနဲ့ စားသုံးသူတို့ကြားက နားလည်မှုကို ချိန်ညှိဖန်တီးပေးနေတဲ့ အလွန်အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ အဓိကကတော့ ရာသီပေါ်သီးနှံများနဲ့ ကျန်းမာရေးအတွက် အရေးပါမှုကို ပညာပေးခြင်း၊ အစားအသောက်နဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲများကို အပတ်စဉ်ပညာပေးခြင်းဖြစ်ပါတယ်။ ရာသီပြောင်းလဲမှုကြောင့် စိုက်ပျိုးသီးနှံ အမျိုးစားပြောင်းလဲချိန်တွေမှာ အဓိကထားပြုလုပ်တတ်ပါတယ်။ စားသုံးသူတွေအနေနဲ့ တောင်သူတွေစိုက်ပျိုးတဲ့သီးနှံကိုသာ စားရပါတယ်။ ရှင်းလင်းအောင်ပြောရရင် ရာသီမဟုတ်တဲ့သီးနှံများ၊ စိုက်ပျိုးသူတွေကို အခက်အခဲတွေ့စေမယ့် သီးနှံတွေကို တွန်းအားပေး၍ စိုက်စေခြင်း စတာတွေလုပ်လို့မရပါဘူး။ ဒါ့ကြောင့် အသိပညာပေးအဖွဲ့အနေနဲ့ ရာသီပေါ်သီးနှံများနဲ့ ကျန်းမာရေးဆက်စပ်မှုကို ဦးစားပေးဆောင်ရွက်ရပါတယ်။ ဒီစနစ်မှာ စိုက်ပျိုးသူကို အလေးပေးထားကြောင်း တွေ့ရှိနိုင်ပါတယ်။

CSA ၏ အကျိုးကျေးဇူးများ

 

ရပ်ရွာလူထုမှ ရရှိသည့်အကျိုးကျေးဇူးများ

·         သန့်ရှင်းလတ်ဆတ်တဲ့ သြဂဲနစ်အစားအစာများရရှိမယ်။

·         ဆိုင်မှာ ဝယ်ရတဲ့ စျေးနှုန်းထက်သက်သာမယ်။

·         အစားအစာမိုင်တိုင် (Food miles – မိမိတို့စားသုံးသော အစားအသောက်များမှာ သယ်ဆောင်လာရသော ခရီးကွာဝေးလေလေ မိမိကြောင့် ကာဗွန်ထွက်မှုပိုများလေလေ) ပိုနည်းခြင်းနဲ့ ထုပ်ပိုးမှုလျော့နည်းခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ကြီး ကိုယ့်ကြောင့်ပျက်စီးမှုကို လျော့ချပေးနိုင်တယ်။

·         ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်ဖြစ်တာကြောင့် ဂေဟစနစ်ထိန်းသိမ်းဖို့ကိုလည်း အားပေးရာရောက်ပါတယ်။

·         ရာသီပေါ်သီးနှံများနဲ့ ကျန်းမာရေးဆက်စပ်မှု အစရှိတဲ့ အသိပညာများကို ရရှိနိုင်ပြီး ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အသိပညာပြန်လည်ဖြန့်ဝေပေးနိုင်မယ်။

·         ဒေသတွင်းအလုပ်အကိုင်ရရှိမှု၊ ဒေသတွင်း ထုတ်လုပ်မှု၊ ဒေသတွင်းစားသုံးမှုနဲ့ ဒေသတွင်းငွေလည်ပတ်မှုတွေကြောင့် ကိုယ့်ဒေသရဲ့ စီးပွားရေးကို အားပေးရာရောက်ပါတယ်။

·         စိတ်ဝင်စားမယ်ဆိုရင် ကိုယ်တိုင် သီးနှံစိုက်ခင်းမှာ ဝင်ရောက်ကူညီလုပ်ကိုင်ပေးနိုင်ပါတယ်။

·         စားသုံးသူတွေဟာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုစနစ်တွေကို နားလည်လာမယ်။

·         စားသုံးသူတွေအနေနဲ့ ကိုယ် စားသုံးနေတဲ့ အစားအသောက်တွေဟာ ဘယ်ကလာပြီးဘယ်ကိုသွားလဲဆိုတာကို တိတိကျကျသိခွင့်ရရှိမည်ဖြစ်တယ်။ (ဒါဟာ ကိုယ်စားသုံးတဲ့အစာကို စိတ်သန့်သန့်နဲ့ စားသုံးနိုင်တာပဲဖြစ်တယ်)

စိုက်ပျိုးသူမှ ရရှိသည့် အကျိုးကျေးဇူးများ

·         တိကျကောင်းမွန်တဲ့ လုပ်ငန်းစီမံမှုနှင့် စိုက်ပျိုးရေးမှာ အာရုံစိုက်လုပ်ကိုင်နိုင်တာတို့ကြောင့် ပိုစိတ်ချရတဲ့ ဝင်ငွေကိုရရှိမယ်။

·         လူထုကို တိုက်ရိုက်ရောင်းတော့ ကိုယ့်သီးနှံက ပုံမှန်စျေးထက်မြင့်မားပြီး မျှတသော စျေးနှုန်းကို ရရှိနိုင်မယ်။

·         စားသုံးသူရဲ့ လိုအပ်ချက်ကို တိုက်ရိုက်တုန့်ပြန်နိုင်မယ့် အခွင့်အရေးရမယ်။

·         ရပ်ရွာလူထုကနေလုပ်အားအကူအညီတွေ ရနိုင်မယ်။

·         ကိုယ့် စိုက်ပျိုးမှုအပေါ် လူထုဆီက တုန့်ပြန်မှုကို တိုက်ရိုက်ရရှိနိုင်မယ်။

·         စွန့်စားမှုကို စိုက်ပျိုးသူတစ်ဦးတည်းမဟုတ်ဘဲ စားသုံးသူမှလည်း မျှဝေခံစားပေးတယ်။

·         ဆုံးရှုံးလေလွင့်မှု နည်းပါးတယ်။

·         စိုက်ပျိုးထုတ်လုပ်သူများတွေဟာ အာမခံချက်ရရှိထားတဲ့ စျေးကွက်တစ်ခုပိုင်ဆိုင်လာမယ်။

·         စိုက်ပျိုးသူတွေအနေနဲ့ စျေးကွက်ကိုတင်ပို့ရောင်းချရာမှာ ကုန်ကျစရိတ်သက်သာလာတယ်။

ပတ်ဝန်းကျင်အတွက် အကျိုးရှိမှု

      ·        ဇီဝမျိုးကွဲများထိန်းသိမ်းရာတွင် အထောက်အပံ့ပါတယ်။

·         သီးနှံမျိုးစေ့စုံစုံလင်လင်စိုက်ပျိုးသည့်အတွက် အပင်မျိုးစိတ်များ ထိန်းသိမ်းရာရောက်ပါတယ်။

·         စိုက်ခင်းငယ်လေးများမှ ဝင်ငွေရအောင်ကူညီပေးခြင်းဖြင့် စိုက်ပျိုးမြေများကို မြို့ပြဖွံ့ဖြိုးချဲ့ထွင်မှုမှ ကာကွယ်ပေးပါတယ်။

·         ထုပ်ပိုးပြင်ဆင်တာ၊ သယ်ယူပို့ဆောင်တာ နဲ့ ဝယ်ယူရောင်းချတာတို့ကြောင့် ဖြစ်ပေါ်လာတဲ့ လေလွင့်မှုတွေကို လျော့နည်းစေပါတယ်။

·         ရေရှည်တည်တံ့တဲ့စိုက်ပျိုးစနစ်ကို ကျင့်သုံးတာကြောင့် မြေဆီလွှာပျက်စီးမှုကို ကာကွယ်ပေးတာ အပြင် ပိုးသတ်ဆေးသုံးစွဲမှုကို ကင်းဝေးစေပါတယ်။

·         စားသုံးသူတွေကြားမှာ စိုက်ပျိုးမြေကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတဲ့ အလေ့အထကောင်းများ ထွန်းကားလာပါတယ်။

အကျဉ်းချုပ်အနေနဲ့ပြောရမယ်ဆိုရင် ဒီစနစ်မှာ တောင်သူတွေရဲ့ သီးနှံတွေကို စျေးနှုန်းချယ်လှယ်ကစားနေတဲ့ ပွဲစား (ကြားလူ) မရှိတော့တဲ့အပြင် စျေးနှုန်းတည်ငြိမ်ပြီး ရောင်းမထွက်မှာကို စိတ်ပူစရာမလိုတော့ပါဘူး။ စားသုံးသူများအနေနဲ့လည်း သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတတဲ့ စျေးနှုန်းနဲ့ အမြဲမပြတ်စားသုံးနိုင်လာပါတယ်။ အခုဆို ကမ္ဘာ့နေရာအတော်များများမှာ CSA စနစ်ကို ကျင့်သုံးနေကြပါပြီ။ ပိုးသတ်ဆေးအဆိပ်သင့်မှုအန္တရာယ်များ မကြာခဏကြားကြားနေရတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း စတင်ကျင့်သုံးဖို့ အချိန်တန်နေပါပြီ။ ကိုယ့်ဒေသနဲ့ သင့်တော်တဲ့ ပုံစံကို အဆင်ပြေသလို ပြောင်းလဲကျင့်သုံးလို့ရပါတယ်။ စားသုံးသူတွေကို အန္တရာယ်ကင်းဝေးစေပြီး တောင်သူများအကျိုးကို ဖြစ်ထွန်းစေတဲ့ စနစ်များ မြန်မာပြည်မှာ ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းများပေါ်ပေါက်လာပါစေလို့ ဆုတောင်းရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါတယ်။

REF:

http://en.wikipedia.org/wiki/Community-supported_agriculture

http://www.organicfooddirectory.com.au/general-issues/community-food-systems/community-supported-agriculture.html

http://www.organicfooddirectory.com.au/general-issues/community-food-sys...

http://soilassociation.org/communitysupportedagriculture/whatiscsa

http://www.localharvest.org/csa/

What is Community Supported Agriculture? (A3811-4) by Bill Wright, Emerging Agricultural Market Team

TOA (Toward Oragnic Asia) Partnership Meeting မှကောက်နှုတ်ချက်များ

 

 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆိုရိုးစကား  

"ကမ္ဘာပေါ်မှာ နှစ်စဉ် အစားအစာပေါင်း ၁.၃ ဘီလီယံ တန်ဟာ ဆုံးရှုံး ဒါမှမဟုတ် လေ့လွင့်နေပါတယ်။" (FAO)