စိုက်ပျိုးရေးမှာအရေးကြီးတာ ရေ၏အရည်အသွေးပါ

Photo - source - google

          ရေရှိရင် အပင်စိုက်လို့ရတယ်ဆိုပေမယ့် ရေကြောင့်ပဲ သီးနှံပင်နဲ့ မြေဆီလွှာမှာ အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်နိုင်တယ်ဆိုတာ စိုက်ပျိုးသူတောင်သူဦးကြီးများ နဖူးတွေ့၊ ဒူးတွေ့ ကြုံဖူးကြမှာ မလွဲအမှန်ပါဘဲ။ စိုက်ပျိုးတဲ့အခါမှာ လိုအပ်တဲ့ စိုက်ပျိုးရေမှာ ရှိသင့်တဲ့အရည်အသွေး----အသုံးပြုလိုက်တဲ့ စိုက်ပျိုးရေကြောင့် ဖြစ်ပေါ်နိုင်တဲ့ပြဿနာ----ဘယ်လိုဖြေရှင်းရမလဲဆိုတာ----တောင်သူဦးကြီး များဆီသို့-----

 

         သီးနှံများစိုက်ပျိုးရာတွင် အသုံးပြုသော စိုက်ပျိုးရေ၏ အရည်အသွေးသည် အရေးကြီး သော ကဏ္ဍတစ်ရပ်ဖြစ်သည်။ သွင်းရေအရည် အသွေးကို စိုက်ပျိုးရေးတွင် အသုံးပြု၍ သင့်တော်ခြင်း၊ မသင့်တော်ခြင်းဟူ၍ အဆင့် အတန်းခွဲခြားထားပါသည်။ အဘယ်ကြောင့် ဆိုသော် သွင်းရေတွင် အချို့ပျော်ဝင်နိုင်သော ဆားများပါဝင်ခြင်းကြောင့် ဖြစ်ပါသည်။ စိုက်ပျိုး ရေအရည်အသွေးသည် ရေတွင်ပျော်ဝင်နိုင်သော ဆားများ၏ ပမာဏနှင့် ဆားအမျိုးအစား ပေါ်မူတည်ပါသည်။

         သွင်းရေတွင်ပျော်ဝင်နေသော ဆားအမျိုးအစားနှင့် ပျော်ဝင်မှုပမာဏအလိုက် သီးနှံစိုက်ပျိုးမြေ တွင် ပြဿနာအမျိုးမျိုးဖြစ်ပေါ်နိုင်ပါသည်။ ပြဿနာဖြစ်ပေါ်မှုသည် သွင်းရေအရည်အသွေးအပြင် မြေ၊ ရာသီဥတု၊ သီးနှံအမျိုးအစားနှင့်အသုံးပြုသူ၏ ကျွမ်းကျင်မှုပေါ်တွင်လည်းများစွာမူတည်ပါသည်။ အများဆုံးဖြစ်ပေါ်နေသောပြဿနာများမှာ-

                (၁) မြေဆီလွှာဆားပေါက်မှုပြဿနာ

                (၂) ရေဝင်နှုန်းလျော့ကျမှုပြဿနာ

                (၃) သီးနှံများအဆိပ်သင့်မှုပြဿနာများဖြစ်ကြပါသည်။

(၁) မြေဆီလွှာဆားပေါက်မှုပြဿနာ

         မြေအောက်ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့်လည်းကောင်း၊ သွင်းရေတွင်ဆားများ ပါဝင်ခြင်းကြောင့်လည်းကောင်း၊ အမြစ်ဇုံတွင်ဆားများစုပုံလာခြင်းဖြင့် မြေတွင်းရေ၏ asmotic potential သည် နိမ့်ကျလာပြီး သီးနှံပင်မှရေစုပ်ယူရန် ခက်ခဲစေပါသည်။ မြေတွင်းရေအသင့်အတင့် ရှိသော်လည်း သီးနှံပင်ရေငတ်ခြင်းဖြစ်ပေါ်စေပြီး သီးနှံအထွက်နှုန်းများလျှော့ကျစေပါသည်။ ဤသို့ အထွက်နှုန်းလျှော့ကျမှုသည် သီးနှံအမျိုးအစားအလိုက် ဆားငံဒဏ်ခံနိုင်မှုအနည်းအများအရ  ကွဲပြား ပါသည်။ မြေဆီလွှာဆားပေါက်သဖြင့် သီးနှံပင်ထိခိုက်သောလက္ခဏာသည် ရေငတ်သောလက္ခဏာနှင့် ဆင်တူပါသည်။ ဆားပေါက်မြေတွင် မြေတွင်းရေမြင့်မားနေရန် ရေကို မကြာခဏသွင်းပေးရခြင်းနှင့် အမြစ်ဇုံမှဆားများကို ဆေးချရခြင်းကို အထူးဂရုပြုဆောင်ရွက်ရမည်။ သီးနှံအထွက်နှုန်းသည် အမြစ်ဇုံ တစ်လျှောက် မြေတွင်းရေတွင် ပျမ်းမျှဆားပါဝင်မှုနှင့် တိုက်ရိုက်အချိုးကျပါသည်။

(၂) ရေဝင်နှုန်းလျော့ကျမှုပြဿနာ

          သွင်းရေ၌ ဆိုဒီယမ် (Na) သည် ကယ်လ ဆီယမ် (Ca) နှင့် မဂ္ဂနီဆီယမ် (Mg) တို့ထက် ပိုမို ပါဝင်လျှင် မြေမှုန်ဖွဲ့စည်းမှုကို ပျက်စီးစေကာ မြေစေးမှုန့်များက ရေပေါက်လေပေါက်များကို ပိတ်၍ မြေကြပ်ခြင်း ဖြစ်ပေါ်ပါသည်။ ဤသို့ မြေကြပ်၍ရေဝင်နှုန်းလျှော့ကျပါက မိုးရွာ (သို့မဟုတ်) ရေသွင်းလျှင် မြေမျက်နှာပြင်၌ ရေများကြာရှည်စွာတင်ရှိနေ၍ မျိုးစေ့ပုတ်ခြင်း၊ ရေငတ်၍အပင်သေခြင်း၊ ခြောက်လျှင် ပတ်ကြားကွဲခြင်း၊ အဟာရရှိမှုဟန့်တားခြင်း ထယ်ထွန်ရန် ခက်ခဲခြင်းများအပြင် အပင်အတွက် လိုသောရေကိုပြန်လည်သွင်းပေးရန် ခက်ခဲခြင်းများ ဖြစ်ပေါ်လာပါသည်။ ရေဝင်နှုန်းလျှော့ကျမှု ပြဿနာသည် သွင်းရေအမျိုးအစားသာမက မြေဆီလွှာ အမျိုးအစား၊ မြေမှုန်ပေါင်းစပ်မှု၊ မြေစေးပါဝင်မှုနှင့် မြေကျစ်မှု၊ ပွမှု အခြေအနေများအပေါ် မူတည်ပါသည်။

(၃) သီးနှံပင်အဆိပ်သင့်မှုပြဿနာ

          သီးနှံပင်အဆိပ်သင့်မှုသည် အများအားဖြင့် ကလိုရိုဒ်၊ ဆိုဒီယမ်နှင့် ဘိုရွန်တို့ကြောင့် ဖြစ်ပါ သည်။ မြေတွင်းရေရှိ အိုင်းယွန်းများကို အမြစ်မှ စုတ်ယူပြီး နောက်ဆုံးအဆင့် အရွက်များသို့ ရောက်ရှိ စုပုံနေကာ သီးနံှပင်အဆိပ်သင့်နိုင်သော ပမာဏသို့ရောက်ရှိကာ အရွက်ဖျားများ၊ အရွက်နားများနှင့် အရွက်အလယ်ပိုင်းတို့တွင် လောင်ကျွမ်းမှုကို ဖြစ်ပေါ်စေပါသည်။ အဆိပ်သင့်မှုဖြစ်ပေါ်ခြင်းသည် သီးနှံ တစ်မျိုးနှင့်တစ်မျိုးမတူဘဲ နှစ်ရှည်ခံပင်စည်မာအပင်ကြီးများတွင် ပို၍ဖြစ်ပေါ်စေပါသည်။ ဤသို့ အဆိပ်သင့်မှုသည် ရေသုံးစွဲမှုနည်းသော ဆောင်းရာသီထက် ရေသုံးစွဲမှုများသော နွေရာသီတွင် ပိုမို ဖြစ်ပေါ်စေပါသည်။

           အထက်ဖေါ်ပြပါ ပြဿနာများကို ဖြေရှင်းရန်အတွက် ရေသွင်းစိုက်ပျိုးမှုကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါသည်။

(၁) မြေဆီလွှာဆားပေါက်မှုပြဿနာကို ဖြေရှင်းရန်အတွက်

                (က) မြေအောက်ရေမြင့်တက်မလာစေရန်ထိန်းထားခြင်း။

                (ခ) ဆားများစုပုံမလာစေရန် ရေဆေးချခြင်းနှင့် ရွာသွန်းသောမိုးရေကို အကျိုးရှိစွာအသုံးချခြင်း။

                (ဂ)  ဆားငန်ဒဏ်ခံနိုင်သော သီးနံှများစိုက်ပျိုးခြင်း။

                (ဃ) စနစ်တကျစိုက်ပျိုးခြင်း။

                - မြေကိုညီညာစွာ တပြေးညီဖြစ်အောင် ညှိထားခြင်း။

                - ရေကိုအချိန်မှန်မှန်သွင်းပေးခြင်း။

                - မျိုးစေ့ကို ဆားစုပုံသည့်နေရာမှလွှဲ၍ ချပေးခြင်း။

                - မျိုးစေ့မချမှီ ရေသွင်းပေးခြင်း။

                - ရေသွင်းနည်းစနစ်ကို မှန်ကန်စွာအသုံးချခြင်း။

(၂) ရေဝင်နှုန်းလျော့ကျမသွားစေရန်အတွက်

(က) မြေဆီလွှာနှင့်သွင်းရေတွင်ဓါတုပစ္စည်းများထည့်သွင်းခြင်း

            ဓါတုပစ္စည်းအဖြစ် ဂေါ်ဒန်မှုန့် (Gypsum) ကို အများဆုံးအသုံးပြုပါသည်။ ဓါတုပစ္စည်း ထည့်သွင်းခြင်းသည် ငွေကုန်ကြေးကျများသဖြင့် ပိုမိုထွက်ရှိလာမည့်သီးနှံနှင့် နှိုင်းယှဉ်၍ စီးပွါးရေး တွက်ခြေကိုက်မကိုက်ကို ဆန်းစစ်ရန် လိုအပ်ပါ သည်။ ဂေါ်ဒန်မှုန့်ကို မြေတွင်ထည့်သွင်းရာတွင် (၁) ဟက်တာအကျယ် (၁) မီတာအနက်ရှိမြေမှ (၁၀၀) ရာခိုင်နှုန်း ဂေါ်ဒန်မှုန့် (၁၂.၅) တန်ခန့် လိုအပ် ပါသည်။

(ခ) အရည်အသွေးညံ့သောရေကို အရည်အသွေးကောင်းသောရေဖြင့်ရော၍ အသုံးပြုခြင်း

           ရေညံ့ကိုရေသန့်ဖြင့်ရောလိုက်ခြင်းဖြင့် ဧရိယာဧက ပိုမိုစိုက်လာနိုင်ပါသည်။ ရေသန့်နှင့်ရေညံ့ ကို မရောဘဲ တလှည့်စီသုံးပါက ရေသန့်ကုန်ဆုံးချိန်တွင် ရေဝင်နှုန်းလျှော့ကျမှု ပိုမိုဖြစ်လာနိုင်ပါသည်။ နွေရာသီတွင်ရေညံ့ဖြင့်စိုက်ပြီး မိုးတွင်းတွင်မိုးရေဖြင့်စိုက်ပါက အလားတူရေဝင်နှုန်း လျှော့ကျမှုဒဏ်ကို ခံရပါသည်။ ဤအခြေအနေတွင် မိုးမကျမှီ (၁) ဟတ်တာလျှင် ဂေါ်ဒန်မှုန့် (၁.၂) တန်နှုန်းခန့် မြေမျက်နှာပြင်တွင် ကြဲပက်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

(ဂ) မြေကိုနက်စွာထယ်လှန်ခြင်းနှင့်ကြားထွန်လိုက်ခြင်း

            မြေကျစ်လွှာကိုခွဲရန်အတွက် ထယ်ကိုနက်နက်လှန်ခြင်း၊ မြေကြပ်ခြင်းကိုကာကွယ်ရန် ကြား ထွန်ဝင်ခြင်း စသည့်လုပ်ငန်းများကို အခါအားလျော်စွာ လုပ်ပေးရသည်။ မြေအစိုဓါတ်အခြေအနေတွင် ထယ်ကိုနက်နက်ထိုးပေးပါက မြေစိုင်ခဲများဖြစ်ပေါ်၍  မြေစိုင်ခဲများအကြားသို့ ရေများဝင်သွားနိုင်ပါ သည်။ ကြားထွန်လိုက်ခြင်းသည် ပေါင်းမြက်နှိမ်နှင်းရန်နှင့် မြေဆီလွှာ၌ လေဝင်လေထွက် ကောင်းစေရန်အပြင် မျက်နှာပြင်ရေစီးနှုန်းကိုလည်း နှေးစေသောကြောင့် မြေဆီလွှာအတွင်း ရေကို ပိုမိုစိမ့်ဝင်စေပါ သည်။

(ဃ) အော်ဂဲနစ်ပစ္စည်းများထည့်ပေးခြင်း

           သီးနှံအကြွင်းအကျန်နှင့် အခြားအော်ဂဲနစ် ပစ္စည်းများကို မြေဆီလွှာတွင် ရောမွှေပေးပါက ရေဝင်နှုန်းကို မြင့်တက်စေပါသည်။ ရေဝင်နှုန်း မြင့်တက်စေရန် အခြေအနေကိုလိုက်၍ အော်ဂဲနစ် ပစ္စည်း များကို (၁) ဟက်တာလျှင် (၄၀-၄၀၀) တန် လောက်ထိ ထည့်ပေးရန် လိုအပ်ပါသည်။ ထည့်သွင်းရာ တွင်လည်း အပေါ်ယံမြေဆီလွှာထဲသို့ ရောမွှေပေးရပါမည်။

(င) သွင်းရေကိုစနစ်တကျအသုံးချခြင်းတွင်

                (က) မကြာခဏရေသွင်းပေးခြင်း

                (ခ)  မျိုးစေ့မချမှီရေသွင်းပေးခြင်း

                (ဂ)  ရေကိုအချိန်ကြာရှည်စွာ ရေသွင်းပေးခြင်းနှင့်

                (ဃ) သင့်တော်သော ရေသွင်းနည်းစနစ်ကို ပြောင်းလဲအသုံးပြုခြင်းတို့ ဖြစ်ပါသည်။

(၃) သီးနှံအဆိပ်သင့်မှုပြဿနာဖြေရှင်းရန်အတွက်

       သီးနှံအဆိပ်သင့်မှုပြဿနာမဖြစ်စေရန် အကောင်းဆုံးနည်းလမ်းမှာ အဆိပ်သင့်မှုဖြစ်စေသော ရေကို မသုံးရန်ဖြစ်ပါသည်။ ဆိုဒီယမ်ကလိုရိုဒ်နှင့် ဘိုရွန်အဆိပ်သင့်မှုကို မြေဆီလွှာအောက်သို့ ဆေးချ ခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။ ဆေးချရန်အတွက် ရေလိုအပ်မှုအလွန်များ၍ ဆောင်ရွက်လျှင် ခံနိုင်ရည် ရှိသည့်သီးနှံပင်များကို ပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲခြင်းများဖြင့် ဆောင်ရွက် ရပါမည်။

                သို့ဖြစ်ပါသောကြောင့် စိုက်ပျိုးရေ၏အရည်အသွေးကို ခွဲခြားရန် လိုအပ်ပါသည်။ စိုက်ပျိုးရေ၏ အရည်အသွေးကို ခွဲခြားလေ့လာရာတွင်     

                (က)       စိုက်ပျိုးရေ၏အချဉ်၊ အငန်ဓါတ်(pH)

                (ခ)          စိုက်ပျိုးရေတွင်ပါဝင်သော ဆားများ၏ပြင်းအား (EC)

                (ဂ)          စိုက်ပျိုးရေတွင်ပါဝင်သော ဆားတစ်မျိုးဖြစ်သည့် ဆိုဒီယမ်နှင့် တခြားဆားများ ဖြစ်သော ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့၏ ပါဝင်မှုအချိုး (SAR)

                (ဃ)       စိုက်ပျိုးရေတွင်ပါဝင်သော ဘိုရွန်၏ပြင်းအားနှင့် အခြားအင်အော်ဂဲနစ်များ

                (င)          စိုက်ပျိုးရေတွင်ပါဝင်သော ကာဗွန်နိတ်နှင့် ဘိုင်ကာဗွန်နိတ်များ

                (စ)          ကလိုရိုဒ်နှင့် ဆာလဖိတ်တို့၏ စိုက်ပျိုးရေတွင် ပါဝင်မှု

          အထက်ပါစိုက်ပျိုးရေ၏ အရည်အသွေးကို အောက်ပါနည်းလမ်းများဖြင့် စိုက်ပျိုးရေးသုတေ သနဦးစီးဌာနတွင် စစ်ဆေးတိုင်းတာလျှက်ရှိပါသည်။

table

           သီးနှံအထွက်နှုန်းမြင့်မားစေရန် မိမိအသုံးပြုမည့် သွင်းရေ၏အရည်အသွေးကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါကြောင်း တောင်သူဦးကြီးများထံ သတင်းကောင်းပါးလိုက်ပါသည်။

 

ဒေါက်တာခင်မာဌေး - (စိုက်/သု)



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"မျိုးကောင်းမှ ပျိုးကောင်းမည်"