ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် လက်ဖက် စိုက်ပျိုးခြင်း

Photo - UNESCO

 

ဇင်ဝိုင်း။ ။ သောတရှင်များခင်ဗျာ။ မြန်မာနိုင်ငံမှာရှိတဲ့ ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့ဟာ လက်ဖက်စိုက်ပျိုးတဲ့ ရာသီဥတု နဲ့ကိုက်ညီမှုရှိသလို ပြည်နယ်နှစ်ခုစလုံးဟာ တောင်မြင့်မားလွန်းလေ လက်ဖက်ကောင်းလေဆိုတဲ့ ရေမြေတောတောင် သဘာဝအရလည်း လွန်စွာတူညီမှုရှိတဲ့ ပြည်နယ်တွေဖြစ်ပါတယ်။ ဒါကြောင့် လက်ဖက်စိုက်ပျိုးရေး လုပ်ငန်းကို အထူး အလေးပေးပြီးတော့ ကျယ်ပြန့်စွာလုပ်ကိုင်တဲ့အခါမှာ လက်ဖက်စိုက်ပျိုးမှုဟာ ဖြစ်ထွန်းအောင်မြင်မှု မရှိခဲ့ပါဘူး။ (Delete) ရှမ်းပြည် နယ်မှာဆိုရင် လက်ဖက်စိုက်ပျိုးမှုကို တည်ငြိမ်စွာလုပ်ဆောင်နိုင်နေပေမယ့်လည်း၊ ချင်းပြည်နယ်အနေနဲ့က လက်ဖက်စိုက် ပျိုးမှုနဲ့ပတ်သက်ပြီးတော့ တည်ငြိမ်မှုမရှိပဲနဲ့ ဘယ်လိုရုန်းကန်မှုတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ ပြည်နယ်နှစ်ခုရဲ့ ကွာဟချက် တွေကို မြန်မာ့အသံမှသတင်းထောက် မနွဲ့နွဲ့ခိုင် က ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်ကို ကိုယ်တိုင်သွားရောက် လေ့လာထား တာတွေကို ဒီကနေ့အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

 နွဲ့နွဲ့ခိုင်။ ။ သောတရှင်များရှင်...ကျွန်မတို့နိုင်ငံရဲ့ မြေပေါ်မှာ ဒီလိုတန်ဖိုးရှိတဲ့ လက်ဖက်စိုက်ခင်းတွေကို ကျွန်မတို့ရဲ့ တောင်သူတွေဟာ အားကြိုးမာန်တက် စိတ်ပါဝင်စားစွာနဲ့ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဂျာမနီနိုင်ငံ အစိုးရ ကိုယ်စားပြုအဖွဲ့ရဲ့ ကူညီမှုနဲ့ ထိုင်းနိုင်ငံကို ကိုယ်တိုင်သွားရောက် လေ့လာဆည်းပူး ခွင့်ရရှိခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ ရွာငံမြို့နယ်၊ လက်ဖက်အသင်း ဥက္ကဋ္ဌဖြစ်သူ သဘာဝအဆင့်မြင့် လက်ဖက်ခြောက်စက်ရုံရဲ့ နည်းပညာ အကြံပေးတစ်ဦးလည်းဖြစ်တဲ့ ဦးမောင်နုက တောင်သူတွေကို လက်ဖက် စိုက်ပျိုး ချင်စိတ်တွေ ဖြစ်လာအောင်နဲ့ အများပိုင်စက်ရုံ တည်ဆောက်နိုင်ဖို့ စည်းရုံးလှုံဆော်ခဲ့ရပုံတွေကို အခုလို ရှင်းပြထား ပါတယ်ရှင်။

ဦးမောင်နု။ ။ ထိုင်းနိုင်ငံကိုရောက်သွားတဲ့အခါမှာ စိုက်ခင်းတွေအများကြီးပြောင်းလဲသွားတယ်။ ကျွန်တော်တို့ ရေမြေအခြေအနေ အများကြီးကောင်းပါတယ်။ လုပ်ကိုင်တဲ့ နည်းစနစ်တွေ အများကြီးလိုအပ်တယ်။ အဲဒီနည်းပညာတွေ ပြန်ယူလာပြီးတော့ ရွာငံမြို့နယ်မှာ အဲဒီပုံစံဖြစ်အောင်လုပ်မယ်။ ဒီလက်ဖက်ခြောက်လေးတွေကို စက်နဲ့လုပ်လိုရတာ ရှိတယ်။ Green Tea ဖြစ်လာမယ်။ ထိုင်းမှာ Green Tea တွေ့တယ် Oolong Tea တွေ့တယ်။ မြန်မာနိုင်ငံဖက်မှာ Green Tea တွေတယ်။ လက်ဖက်ခြောက်စျေး မေးကြည့်တော့ လက်လုပ်ခြောက် ၁ ပိဿာကို ကျပ်သုံးထောင်ရှိတဲ့ အချိန်မှာ သူတို့ိ Green Tea နေ့ချင်းခြောက်လုပ်တာလေး ကျပ်သုံးသောင်းအထိ ရှိတာတွေ့ရတယ်။ ဆယ်ဆလောက် တန်ဖိုးကွာ နေတာတွေ့ရတယ်။ အဲလိုကွာနေတာဖြစ်နေတဲ့အတွက် ဒီစက်ရုံလေးကို ကျွန်တော် ထောင်ချင်တယ်။ ဘယ်လို ထောင် ရမလဲ နည်းပညာလေ့လာတယ်။ နောက်ပြီးတော့ တောင်သူတွေကို လုပ်ချင်တဲ့စိတ်ဖြစ်လာအောင် စည်းရုံး၊ လက်ဖက် ခြောက်တစ်ပိဿာကို သုံးသောင်းရှိတယ်ပြောရင် တောင်သူတွေလက်မခံပါဘူး။ ဒီလက်ဖက်ခြောက်တွေ ဒီလိုလုပ် လို့ရတယ်လို့ ပြောပြတယ်။ ဒယ်အိုးနဲ့ လှော်ပြတယ်။ ဒယ်အိုးနဲ့လှော်ပြရာကနေ တွေစက်ရုံကြီး တည်ထောင်နိုင်အောင် ကျွန်တော်စည်းရုံးခဲ့တယ်။ တော်တော်လေးတော့ စွန့်စွန့်စားစားပြောရပါတယ်။ ယုံကြည်မှုမရှိတာကို ယုံကြည်မှုတွေ ရှိအောင်ပြောရတယ်။ အခုဆိုရင် ဒီစက်ရုံက ၂၀၁၆ သြဂုတ်လ (၉) ရက်နေ့မှာ စက်ရုံနှစ်ရုံ ဖွင့်ပွဲလုပ်တယ်။

နွဲ့နွဲ့ခိုင်။ ။ နိုင်ငံတော်အစိုးရအနေနဲ့ လက်ဖက်စိုက်ပျိုးရေးကို အဓိက စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်လာစေဖို့အတွက် ရည်ရွယ်ပြီး ချင်းပြည်နယ်ကို သက္ကရာဇ် ၂၀၀၀ ခုနှစ်မှာ လက်ဖက်ပြည်နယ်ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့ လက်ဖက် စိုက်ပျိုးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်လုပ်ကိုင်ခဲ့ပါတယ်။ လက်ဖက်မျိုးကောင်း မျိုးသန့်တွေကို အခမဲ့ ဖြန့်ဝေ ပေးခြင်းနဲ့ နည်းပညာတွေကို သင်ကြားပို့ချပေးခြင်းတွေကိုလည်း အားသွန်ခွန်စိုက် လုပ်ဆောင်ပေးခဲ့ပါတယ်။ ချင်းပြည် နယ်ရဲ့ လက်ဖက်စိုက်ပျိုးမှု အခြေအနေတွေကို သုံးသပ်ကြည့်မယ်ဆိုရင် မြို့တော် ဟားခါးအပါအဝင် တီးတိန်နဲ့ ဖလန်း မြို့နယ်တို့မှာ လက်ဖက်အမျိုးအစား တော်တော်များများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်၊ ပင်လောင်းဒေသမှာရှိတဲ့ ပင်လောင်းလက်ဖက်သုတေသနခြံမှာ နှစ်ရှည်လများ သုတေသနလုပ်ငန်းတွေကို ပြုလုပ်ခဲ့ပြီး ချင်းပြည်နယ်မှာလည်း လက်ဖက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို (၇) နှစ်ခန့် သွားရောက်တာဝန် ထမ်းဆောင် လုပ်ကိုင်ခဲ့တစ်ဦးလည်းဖြစ်တဲ့ မြန်မာနိုင်ငံ လက်ဖက်အသင်းရဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျော်သီဟက ရှမ်းပြည်နယ်နဲ့ ချင်း ပြည်နယ်တို့ရဲ့ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်တင်ပြထားပါတယ်ရှင်။

ဦးကျော်သီဟ။ ။ ကျွန်တော်တို့ ချင်းပြည်နယ်ကိုစပြီး ရောက်တဲ့အခါမှာ လက်ဖက်သင်တန်းကိုစပေးတဲ့အခါမှာ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် စိုက်ပျိုးထုတ်လုပ်တဲ့နည်းပညာကိုကျွန်တော်တို့ပေးတယ်။ ကိုင်းဖြတ်နည်းကိုပေးတယ်၊ ထုတ်လုပ်တဲ့ နည်းပညာ ပေးတယ်၊ လက်ဖက်ခြောက် တစ်ပိဿာကို လေးထောင်ခြောက်ထောင်ရနေပါပြီ။ ချင်းပြည်နည်မှာဆိုရင် တီးတိန်မှာရှိတဲ့ ဒေါလွန် ကျေးရွာ၊ ကန်ပက်လက်၊ မင်းတပ်၊ အဲဒီနေရာတွေမှာ ပြီးတော့ ဟားခါး ကျွန်တော်တို့ လုပ်ပေး နိုင်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာ ၂၀၁၃ က ပင်းတယ ဒေသမှာစခဲ့တယ်။ ကိုင်းဖြတ်တဲ့သင်တန်း လက်ဖက်ကို တစ်ရက် တည်းနဲ့ export quality အဆင့်မီ လက်ဖက် ခြောက်ထုတ်နိုင်တဲ့သင်တန်းမျိုးကို နည်းပညာ ကျွန်တော်တို့ပေးခဲ့တယ်။ အညွန့်ထွက် အားကောင်းလေ စျေးကောင်းရလေ ပါ။ အဲ့ဒါတွေကို ဒီဒေသတွေက ခံစားခဲ့ရတယ်။ ၂၀၁၄-၁၅ လောက်မှာ German အစိုးရရဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ GIZ ကနေ ဒေသခံတွေကိုကူညီပေးတဲ့အခါမှာ အဓိကတော့ လက်ဖက်ခြောက် Green Tea စက်ရုံတည်ထောင်ဖို့ အဲဒီလုပ်ငန်းကို ကျွန်တော့်ကိုအပ်နှံခဲ့တယ်။ ကျနော်က လုပ်ပေးခဲ့တယ်။ ဒီနေ့ဒီအချိန်ထိ GIZ အကူအညီနဲ့တည်တဲ့ ဇီးချိုင့်ရွာမှာရှိတဲ့ Green Tea အခါးခြောက်စက်ရုံက အောင်မြင်ပြီးတော့ ဂျာမနီကိုပို့ဖို့ အဆင့် အထိ ဂျာမနီကဝယ်တယ်။ ဒီနှစ်ဆိုရင် သုံးတန် ထင်တယ် စဝယ်တယ်။ အဲလောက်အထိ အောင်မြင်မှုရတာ။

နွဲ့နွဲ့ခိုင်။ ။ ကမ္ဘာမှာ လက်ဖက်ခြောက်အမျိုးအစားပေါင်း (၁၅၈) မျိုးရှိတဲ့အနက်က ကျွန်မတို့ မြန်မာနိုင်ငံဟာ လက်ဖက် ခြောက်အမျိုးအစား (၃) မျိုးသာ ထုတ်လုပ်နိုင်သေးတဲ့အတွက် ကမ္ဘာစျေးကွက်ကို လိုက်မှီဖို့ အခြေအနေဟာ တော်တော် လေးကို ကြိုးစားရအုန်းမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မျိုးကောင်းတဲ့ လက်ဖက်တွေ စိုက်ပျိုးနိုင်ဖို့အတွက် အဓိကအားနည်း ချက်တွေများစွာ ရှိနေသေးတဲ့အတွက် အဲဒီအားနည်းချက်တွေကို ဘယ်လိုဖြည့်ဆည်းပြင်ဆင်ပြီး မြန်မာ့လက်ဖက် စိုက်ပျိုး ရေးရဲ့ အနာဂတ်လှပဖို့အတွက် ဘာတွေလုပ်ဆောင် သင့်တယ်ဆိုတာကိုလည်း ဦးကျော်သီဟက ဆက်လက် ရှင်းပြထား ပါတယ်။

ဦးကျော်သီဟ။ ။ လက်ဖက်စိုက်တောင်သူတွေအတွက် နောက်လက်ဖက်စက်ရုံတည်ထောင်ဖို့ အတွက်လက်ဖက် လုပ်ငန်းရှိနေသူအတွက် Research and Development အရမ်းအရေးကြီးတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ လက်ဖက်အရင်းမြစ်တွေကို ဘယ်လို နည်းပညာနဲ့ထုတ်လုပ်မလဲ၊ အဲဒီထုတ်လုပ်တဲ့နည်းပညာ တွေဟာဘယ်လို အရသာ တွေနဲ့ နိုင်ငံတကာက ဘယ်စျေးကွက်က ဘယ်လိုကြိုက်သလဲ ဆိုတဲ့ Research and Development ပေါ့၊ ဒါတွေကို ကျွန်တော်တို့မလုပ်နိုင်သေးဘူး။ Tea Sector နဲ့ပတ်သက်ပြီးတော့ Research and Development မလုပ်နိုင်သရွေ့ ကျွန်တော်တို့နိုင်ငံရဲ့ Tea Export ဆိုတာ ဟိုး နောက်တန်းမှာကျန်နေဦးမှာ သွားဖို့မလွယ်ဘူး။ ဒါပေမယ့် လက်ဖက် စိုက်ခင်းကြီးတွေတော်တော်များများက သဘာဝအတိုင်းစိုက်ကြတယ်။ ပိုးသတ်ဆေးတွေ ဓါတ်မြေသြဇာတွေ လုံးဝမသုံးဘဲ စိုက်ပျိုးတာ။ ဒါကကျွန်တော်တို့နိုင်ငံရဲ့ အားသာချက်။ အဲဒီတော့ ဒီအားသာချက်တစ်ခုကို အခြေခံပြီးတော့ ထပ်ဆင့်ပေါ့ Value added တွေ လုပ်နိုင်မယ်။ Research တွေလုပ်နိုင်မယ် Development တွေလုပ်နိုင်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့ Green Tea production တွေ ကမ္ဘာကိုခြေဆန့်နိုင်မယ် လို့ယုံကြည်တယ်။

နွဲ့နွဲ့ခိုင်။ ။ ချင်းပြည်နယ်မှာ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ်နဲ့ အောင်အောင်မြင်မြင် ဖြစ်ထွန်းပြီး လူနေမှုဘဝတွေ အဆင်ပြေချောမွေ့စေဖို့အတွက်ဆိုရင်တော့ နိုင်ငံတော်အစိုးရနဲ့အတူ ပူးပေါင်းလက်တွဲပြီး အဓိကလိုအပ်ချက် အားနည်းချက်တွေကို ဖော်ထုတ်ဖြည့်ဆည်း ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ချင်းပြည်နယ်ဒေသခံတွေက သူတို့ရဲ့ ချင်းပြည်နယ် အနာဂတ်အတွက် အခုလို မျှော်တွေးပြောကြားထားကြပါ သေးတယ် ရှင်။

ဒေသခံ လက်ဖက်စိုက်တောင်သူ။ ။ ဒီစိုက်ပျိုးရေးပဲလုပ်ခဲ့ပါတယ်။ ဒီမြေကွက်ကိုဝယ်ပြီးတော့ လက်ဖက်စိုက်ခဲ့တာပါဗျ။ ဒီလက်ဖက်ပင်တွေက တကယ်စိုက်သင့်တဲ့အပင်လို့ ယူဆပါတယ်။ မိုးသီးဘယ်လောက်ကျကျ၊ မိုးဘယ်လောက် ပြင်းပြင်း၊ မုန်တိုင်း ဘယ်လောက်ပဲတိုက်တိုက်၊ ဘာရာသီဥတုပဲလာလာ အထွက်နှုန်းလည်းလျော့သွားတာမရှိဘူးဗျ။ ပိုးသတ်ဆေး မသုံးဘူး၊ ပိုးမွှားကျတဲ့အခါလည်းကျပေါ့၊ ကျပြီးသေသွားတဲ့အခါ အညှောင့်နုလေးတွေထွက်လာတော့ ဒါတွေပဲခူးရတာ။ ရှမ်းပြည်ဘက်မှာက သူတို့ကျစီးပွားဖြစ်ပြီး ကျွန်တော်တို့ ဘာကြောင့်စီးပွားမဖြစ်သလဲဆိုတာ ပြန်စဉ်းစားကြည့်တဲ့ အခါမှာ မြေအနေအထားအရ လှေကားထစ်ပြုလုပ်ပေးဖို့ ရေရအောင်လုပ်ပေးပြီးမှ ဒီအပိုင်းကိုနိုင်ငံတော်ကပံ့ပိုးပေးမှ အမြဲတမ်း တောင်ယာအဖြစ်လုပ်ပေးမှစီးပွားဖြစ်လုပ်ပေးမယ်ဆိုရင်ဖြစ်နိုင်တဲ့အတိုင်းအတာဖြစ်ရမယ်။ အဲဒီထွက်ကုန်တွေကိုလည်း မြို့ကို အရောက်ပို့နိုင်ဖို့ရာ လမ်းပန်းဆက်သွယ်ရေးလိုတယ်။ နိုင်ငံတော်အပိုင်းအနေနဲ့ ကုန်းမြင့်လယ်ယာကိုဖော်ထုတ် လမ်းတွေဖောက်ပေးမယ်ဆိုရင် ချင်းပြည်မှာရှိတဲ့မြေတွေကို အလဟဿမဖြစ်စေဘဲ တစ်နိုင်တစ်ပိုင်ကနေ စီးပွားဖြစ်တဲ့ အထိ လုပ်နိုင်စရာအများကြီးမြင်တွေ့သွားမှာပါ။

နွဲ့နွဲ့ခိုင်။ ။ ချင်းပြည်နယ် စိုက်ပျိုးမွေးမြူရေးနဲ့ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးမာန်ဟင်းဒါးရ်က ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေး တဖြေးဖြေးနဲ့ ပပျောက်အောင် လက်ဖက်ကို အစားထိုးပြီးစိုက်ပျိုးဖို့ လိုအပ်တဲ့အကြောင်းကိုလည်း အခုလို ပြောပြပါတယ်။

ဦးမာန်ဟင်းဒါးလ်။ ။ ဒီရွေ့ပြောင်းတောင်ယာကို အစားထိုးနိုင်တဲ့နည်းက ဥပမာဆိုရင် လက်ဖက်တွေ ဘာတွေရှိ တယ်။ လက်ဖက်ကတော့ နေရာတိုင်းတော့ မဖြစ်ဘူး။ ဖြစ်တဲ့နေရာ ရှိတယ်။ အဲ့ဒီနေရာမှာ တစ်ချို့ရွာတွေ လက်ဖက် စိုက်ပြီးတော့ တအိမ်ကို ဧက (၁၀) လောက် ရှိလျှင် တောင်ယာစိုက်ပျိုးစရာ မလိုတော့ပဲနဲ့ ဒါနဲ့ တစ်နှစ်ပတ်လုံး နေနိုင်တဲ့ အနေအထား ဖြစ်တော့ ဒါမျိုးကိုလည်း သင့်တော်တဲ့နေရာမှာ ချဲ့ပြီးတော့ လုပ်သွားမယ်။ အဲဒီလိုနည်းနဲ့ ရွေ့ပြောင်း တောင်ယာစနစ်ကို တဖြည်းဖြည်းနဲ့ လျော့သွားရမယ်။

နွဲ့နွဲ့ခိုင်။ ။ အခု လက်ရှိအခြေအနေမှာဆိုရင်တော့ နိုင်ငံတော်အစိုးရနဲ့အတူ ချင်းပြည်နယ်အစိုးရ၊ နိုင်ငံခြားသား ပညာရှင်တွေ၊ ပြည်တွင်းကပညာရှင်တွေအပါအဝင် ချင်းပြည်နယ်မှာ နေထိုင်ကြတဲ့ သူတွေနဲ့ ချင်းပြည်နယ်မှာ နေထိုင်ခဲ့ ဖူးကြတဲ့သူတွေအားလုံး စုပေါင်းပြီး ချင်းပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်း အကြံပေး ဆွေးနွေးပြီး သုတေသန ပြုလုပ်ငန်းများ ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

ဇင်ဝိုင်း။ ။ ဒါကြောင့်မို့လို့ ချင်းပြည်နယ်ရဲ့ အနာဂတ်ဟာ စနစ်ကျတဲ့ နှစ်ရှည်သီးနှံစိုက်ပျိုးရေးတွေနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ တိုးတက်လာပြီး လူမှုဘဝ ဖူလုံမှုတွေလည်း တိုးတက်ပြောင်းလဲလာဖို့ အခွင့်အလမ်းတွေ များစွာ ရှိနေပြီ ဖြစ်တဲ့အတွက် ချင်းပြည်နယ်ကြီးကို အနာဂတ်မှာ ပြီးပြည့်စုံသော ပြည်နယ်ကြီး တစ်ခုဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။ သောတရှင်မိဘပြည်သူများ ကာယစိတ္တသုခနှစ်ဖြာ ပြည့်စုံကြပါစေ ခင်ဗျာ ။

  



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ငရုတ်တစ်လှမ်း ခရမ်းတစ်ခုန်"