အထက်မြန်မာပြည် ကွမ်းစိုက်ပျိုးနည်း

Photo -

အထက်မြန်မာပြည်ဟု ခြုံငုံ၍ ဆိုရသော်လည်း အဓိကမှာ မန္တလေးတိုုင်း အလယ်ပိုင်းနှင့် စစ်ကိုင်းတိုင်းအောက်ပိုင်းတို့တွင် စိုက်ပျိုးသော နည်းစနစ် ဖြစ်ပါသည်။ ယင်းဒေသ နှစ်ခုစလုံးသည် အပူချိန် မြင့်၍ မိုးရေချိန် (၄၀- ၆၀) လက်မသာ တစ်နှစ်ပတ်လုံး ရွာသွန်းပါသည်။ သို့ဖြစ်၍ ချောင်းရေ၊ မြောင်းရေ၊ ကန်ရေ၊ လက်တွင်း၊ စက်ရေတွင်းများကို အားကိုး စိုက်ပျိုးကြသည်။ လယ်ရှိစိုက်ပျိုးသော သူများမှာ တစ်ဖက်မှ လယ်လုပ်ရင်း ကွမ်းကိုလည်း ဂရုတစိုက်နှင့် အလေးထား စိုက်ပျိုးကြသည်။ အဓိကမှာ (၁၅) ရက် တစ်ကြိမ် ဝင်ငွေရသော သီးနှံပင်ဖြစ်၍ငွေကြေး မြုပ်နှံ၍ စိုက်ပျိုးကြခြင်း ဖြစ်သည်။

မြေပြုပြင်ခြင်း

ညီညာ ပြန့်ပြူးသော မြေကွက်ကို ကွမ်းစိုက်ရန်အတွက်ရွေးချယ် သတ်မှတ်ကြသည်။ အကွက် အရွယ်အစားကို သတ်မှတ်ရာတွင် အလျားကော အနံပါ (၆) နှင့် စား၍ ပြတ်ရုံတင်မက (၉) နှင့် စားလျှင်ပါ ပြတ်သော ဂဏန်းကို ယူလေ့ ယူထရှိသည်။ (၆) နှင့် စားလျှင် ပြတ်ရသည့် ရည်ရွယ်ချက်မှာ ကွမ်းစင်တိုင်များကိုလေးတောင် (၆ပေ) ထားမည် ဖြစ်သည့် အတွက်ဖြစ်သည်။ (၉) နှင့် စားလျှင် ပြတ်ရသည့် ရည်ရွယ်ချက်မှာ ရိုးရာ မြန်မာ အယူအဆ တစ်ခုကြောင့်ဖြစ်သည်။

ကွမ်း + ရွက်

တနလၤာ ရာဟု

ဂြိုလ်သက် ၁၅ + ၁၂ = ၂၇ = ၉

ရိုးရာအယူအဆအရ (၉) ဂဏန်းကို ကြိုက်နှစ်သက်သောကြောင့် ဖြစ်သည်။ ဥပမာ- အလျား (၁၀၈)ပေ၊ အနံ (၅၄) ပေ ခြံအကျယ် သတ်မှတ်ပါက (၆) နှင့် စားလည်း ပြတ်သည်။

ဤအချက်ကိုထောက်ရှုခြင်းဖြင့် မြန်မာလူမျိုးများသည် လုပ်ငန်းတစ်ခုကို အဖက်ဖက်မှစေ့စေ့စပ်စပ်နှင့် အဓိပ္ပာယ်ရှိရှိ လုပ်တတ်ကြောင်း ထင်ရှားပေသည်။ အယူအဆ တစ်ခုသည် မည်သည့် တစ်ဦးတစ်ယောက်ကိုမျှ မထိခိုက်ပါက လုပ်သင့်သော အလုပ်ဟု လက်ခံယုံကြည်ကြသည်မှာ မြန်မာာလူမျိုးများ၏ စရိုက်ဟု ဆိုရမည်ဖြစ်သည်။

ဖော်ပြပါ အလျား (၁၀၈) ပေ၊ အနံ (၅၄) ပေ အကျယ်မြေကွက်ကို နွားထယ်ဖြင့် ထယ်ထိုးခြင်း ထွန်မွှေခြင်းများဖြင့်မြေကို စတင်ပြုပြင်သည့် စိုက်ကွက်မြေသည် သဲလွန်ဆန်မြေဖြစ်ပါက လယ်မြေ သို့မဟုတ် စနယ်မြေများ ထည့်ပေးကြသည်။ ထို့နောက် ယင်းအကျယ်အဝန်းကို မဖေါက် ထုံးတစ်တင်း၊ ဖွဲအိတ် (၃) အိတ်၊ ဆေးရွက်ကြီး အမှုန့်တစ်တင်းခွဲအိတ် (၃) အိတ်၊ နွားချေးတင်း (၆၀) နှင့် တီဆူပါ ဓာတ်မြေသြဇာ (၅၀) ကီလို ဝင် အိတ်ကိုနေရာအနှံ ဖြူးထည့်ပေးပါသည်။

စိုက်ကွက်၏ဘေးပတ်လည် (၅) ပေ ခွာ၍ (၂) ပေ အကျယ် (၂)ပေ အနက်ရေမြောင်း ပတ်ပတ်လည် တူးဖော်ပြီး ရရှိသောမြေစာများကို အကွက် ပတ်လည်တွင် ကန်သင်းပြုလုပ်ခြင်း၊ ပိုသောမြေကို စိုက်ခင်း အတွင်း ဖြန့်ဖြူးခြင်းများ ပြုလုပ်ပါသည်။ ထို့နောက် ထွန်ဖြင့်မွှေ၍ သမစေပြီး တစ်ကွက်လုံးကို ရေသွင်းပေးပါသည်။ ရေသွင်းရင်းအကွက်ကို မျက်နှာပြင် ညီညာစေရန်လည်း ပြုပြင်ပေးသည်။

စိုက်ကွက်ကိုရေသွင်းပြီးနောက် တစ်ပတ်ခန့် နှပ်ထားပါသည်။ ရေအစိုဓာတ်ပေါ် မူတည်၍ နှစ်ပတ်သုံးပတ်လည်း ထားတတ်ပါသည်။ အထူးသဖြင့် နွားချေးအဆွေး လိုသေးပါက တစ်ပတ်ခန့် နှပ်ထားပါသည်။ ရေအစိုဓာတ်ပေါ် မူတည်၍ နှစ်ပတ်သုံးပတ်လည်း ထားတတ်ပါသည်။ အထူးသဖြင့် နွားချေးအဆွေး လိုသေးပါက ကြာကြာနှပ်ထားတတ်သည်။

မြေပြုပြင်ခြင်း လုပ်ငန်းကိုမေလလယ်တွင် အပြီးဆောင်ရွက်ကြသည်။

ကွမ်းစင်ဆောက်ခြင်း

မြေပြုပြင်ပြီးသော အကွက်တွင်လေးတောင် (၆) ပေ ပတ်လည်နေရာများ သတ်မှတ်၍ ကျင်းတူးကာမျှောတိုင် အငယ်စားများကို ကွမ်းစင်တိုင်အဖြစ် စိုက်ထူကြသည်။ တိုင်များသည်မြေပေါ် (၁၃) ပေ အမြင့် ရှိသည်။ ထို့နောက် ဝါယားများဖြင့် ထုတ်တန်းသဖွယ် တန်းဖြစ်ကြပြီး ၎င်းအပေါ်မှ ယောက်သဖွယ်တန်းများ ကန့်လန့်တင်၍ အခိုင်အမာချည်သည်။ ကန့်လန့်ဖြတ် ထုတ်တန်း ဝါးပေါ်တွင် တိုင်များကို တစ်ပေခွဲခွာ၍ ဝါးတန်းများ ထပ်တင်ကာ ချည်နှောင်ပေးရသည်။ ယင်းဝါးတန်းများသည် တစ်တန်းနှင့် တစ်တန်း (၃)ပေကွာ ဖြစ်သည်။ ကွမ်းပင် စိုက်တိုင်များ စိုက်သောအခါ မှီတွယ်ရန် ဖြစ်သည်။

ကွမ်းစင်ပေါ်တွင် အရိပ် ရရှိရန်အတွက် အုန်းလက်များ တင်ပေးကြသည်။ အကာအရံအနေဖြင့် ကွမ်းစင်မှ (၃)ပေခွာ၍ တိုင်များ စိုက်ကာ ခြံစည်းရိုးကာ ဝါးကပ်များကို ခိုင်ခိုင်မာမာနှင့် ကာရံကြသည်။ လေပြင်းလေပူမှ ကာကွယ်ရန်နှင့် သူခိုး၊ ခွေး၊ နွားများ မဝင်စေရန် ဖြစ်သည်။

စိုက်ပျိုးခြင်း

“ကွမ်းစိုက်ဝါဆို၊ ကွမ်းခွေပြာသို” ဆိုစကားနှင့် အညီ ကွမ်းပင်များကို ဝါဆိုလ (ဇွန်လ) တွင် စိုက်ပျိုးကြရမည် ဖြစ်သည်။ စိုက်ပျိုးရာတွင် စိုက်နည်းနှစ်နည်းကို အသုံးပြုကြသည်။ မြေဆီ ထက်သန်မှုပေါ် မူတည်၍ စိုက်ပျိုးကြခြင်း ဖြစ်သည်။

လေးကောင်လေး ဇယားစိုက်နည်း

လေးတောင် ပတ်လည် ကွက်တွင် ကွမ်းလေးပင် စိုက်သည့် စနစ်ဖြစ်သည်။ ကွမ်းစင်တိုင်လေးတိုင်သည် လေးတောင် (၆ပေ) ပတ်လည် ဖြစ်ရာ ယင်းအကွက် အလည်တွင် ကွမ်းပင် (၄) ပင်ကို (၃) ပေ ကွာ လေးကွက်ကြား စိုက်ပျိုးခြင်း ဖြစ်သည်။

 

ပံုပါ

လေးတောင်ခြောက် ဇယားစိုက်နည်း

လေးတောင် ပတ်လည်ကွက်တွင် ကွမ်းပင် (၆) ပင် စိုက်သည့် စနစ် ဖြစ်သည်။ ကွမ်းပင်များကို တိုင်များနှင့် တစ်တန်းတည်း စိုက်ပြီး ကြားတွင် တစ်တန်း ထပ်ထည့်ခြင်း ဖြစ်သည်။ ကွမ်းပင်များမှာ (၃) ပေကွာ လေးကွက်ကြားပင် ဖြစ်သည်။

ပံုပါ

ဖော်ပြပါ နမူနာ ပုံတွင်လေးတောင်ခြောက်ဇယား စိုက်နည်းသည် လေးတောင်လေး ဇယားစိုက်နည်းထက် (၂) ပင် ပိုဝင်သည်ကိုတွေ့ရမည် ဖြစ်သည်။

ဖော်ပြပါ ကွမ်းစိုက်မည့်နေရာများ သတ်မှတ်ပြီးနောက်မြေပေါ် (၈) ပေ အမြင့် ကွမ်းတိုင် အဖြစ် မျှင်ဝါးများ စိုက်ထူပေးကာ စင်ပေါ်မှ ဝါးတန်းတွင် တွဲချည်ပေးထားပါသည်။ အချို့ ခြံများတွင် (၁၃) ပေ အမြင့် ကွမ်းတိုင်များ တစ်ခါတည်း စိုက်ထားတတ်ကြသည်။ (၈) ပေ အမြင့်တိုင်များမှာမူ နောင်တစ်ချိန်တွင် ဆက်ပေးရမည် ဖြစ်သည်။ လောလောဆယ်တိုင်တိုများ အသုံးပြုထားခြင်း ဖြစ်သည်။

အချို့သော ကွမ်းစိုက်သူများသည် ကွမ်းစိုက်ရန် သတ်မှတ်ထားသောနေရာများတွင် (၃) ပေ ရှည် ဝါးခြမ်း ပြားကို ယာယီတိုင်အဖြစ် အသုံးပြု၍ ကွမ်းညွန့်ကို ဝါးခြမ်းတွင် ချည်ပေးထားသည်။ ဝါးခြမ်း အဖျားသို့ ကွမ်းညွန့်ရောက်လာသောအခါမှသာ တိုင်ရှည်ကို ဝါးခြမ်းပြားနှင့် စိုက်ထူကြသည်။ စတင် စိုက်ပျိုးစဉ်ငွေကုန်အကျများသဖြင့် လောလောဆယ်ငွေချွေတာသည့်အနေဖြင့် ဤစနစ်ကို အသုံးပြုခြင်း ဖြစ်သည်။

တိုင်ခြေရင်းတွင် (၆) လက်မအနက် (၈-၁၀) လက်မရှည် မြောင်းရှည်လေးများကို တိုင်များ၏ တစ်ဖက်သတ်တည်းတွင် တူးပေးထားသည်။ ထို့နောက် မြေထုပ်စီး ကွမ်းမျိုးညွန့်များကို ပလတ်စတစ်ကို ခွာ၍မြောင်းအတွင်း အလျားလိုက် ချပေးက တူးဖယ်ထားသောမြေဖြင့်ပင် ပြန်လည် ဖုံးအုပ်ပေးသည်။ မျိုးညွန့်ကို ကွမ်းတိုင်တွင် အသာအယာကွေးယူ၍လျှော်ကြိုး၊ သင်းအူများဖြင့် ချည်နှောင်ပေးသည်။

အချို့ကွမ်းစိုက်သူများမှာမြေထုပ်စီး ကွမ်းညွန့်ကို အလျားလိုက် လှဲမစိုက်ဘဲထောင်လိုက်အတိုင်း စိုက်ကြသည်။ မည်သို့ပင် စိုက်သည်ဖြစ်စေမြေလုံးမကွဲစေရန် ဂရုတစိုက် လုပ်ဆောင်ကြသည်။ (၁၀၈ x ၅၄) ပေ မြေကွက်တွင် လေးတောင်လေး ဇယားနည်းဖြင့် ကွမ်းပင်ပေါင်း (၆၄၈) ပင် ဝင်ဆန့်မည် ဖြစ်ပါသည်။ လေးတောင်ခြောက် ဇယားနည်းဖြင့် စိုက်ပါက (၆၈၄) ပင် ဝင်ဆန့်မည်ဖြစ်သည်။

ပြုစုဂရုစိုက်ခြင်း

စိုက်ပျိုးပြီး ကွမ်းပင်များကိုရေပန်းခရားဖြင့် ရေဝအောင်လောင်းပေးရသည်။ မြေချစိုက်ကာစဖြစ်၍ အရိပ်ကိုလည်း လုံလောက်စွာပေးထားရန်လိုအပ်ပါသည်။ ကွမ်းညွန့်များမှာမြေထုပ်စီးအပင်များဖြစ်၍ အရှိန်မပျက် ဆက်လက်ကြီးထွားသည်။ တစ်ပတ်ကြာသောအခါ ထုံးမှုန့်ပါးပါး ဖြူးပေးရသည်။ အချို့ ဆေးရွက်ကြီးမှုန့်ရောထည့်သည်။ ပြီးလျှင် ကွမ်းပင်တန်း နှစ်တန်းကြားတွင် လမ်း တစ်ပေခွဲခန့် ချန်၍ လမ်းမြေကို အနက်(၃)လက်မခန့် ယူကာ ကွမ်းပင်ခြေရင်းသို့ ပြန်ဖုံးပေးသည်။ ထိုအခါ ကွမ်းပင်တန်းများပေါ်လာပြီ ဖြစ်သည်။ ထို့နောက် လမ်းအတိုင်း ရေပြည့်အောင် ရေစုပ်စက်များဖြင့် ရေသွင်းပေးပါသည်။ ဘောင်ပေါ်သို့ ရေလျှံခြင်း မဖြစ်စေပဲ လမ်းအပြည့်သာ ရေသွင်းခြင်း ဖြစ်သည်။

ကွမ်းစိုက်ထားသည့်ဘောာင်ပေါ်သို့ သစ်ရွက်ကောက်ရိုး ဖုံးအုပ်ခြင်းစနစ် အသုံးပြုမှု နည်းပါးသည်။ နေ့စဉ် ကွမ်းပင်များကို စစ်ဆေးသည့်ရောဂါကျရောက်သည်ဟု ယူဆရသော အပင်များကို ချက်ချင်း နုတ်ယူဖျက်ဆီးပစ်သည်။ ပိုးမွှားရောဂါကျရောက်မှု အလွန်နည်းသည်ဟုဆိုသည်။

အပင် တစ်လခွဲသား အရွယ်တွင် နွားချေးဆွေး၊ ဆိတ်ချေးဆွေး၊ ထုံးမှုန့်၊ ဆေးရွက်ကြီးမှုန့်များကို ဘောင်များပေါ်တွင် ပက်ဖြူးပေး၍ လမ်းအကျယ် တစ်ပေသာချန်ကာမြောင်းကို ထပ်မံတူး၍ ကွမ်းစိုက်ဘောင်ကို တစ်ပေခွဲခန့် မြင့်အောင် ဘောင်တင်ပေးရသည်။ ပြီးလျှင် လမ်းတစ်လျှောက် ဘောင်အမြင့် တစ်ဝက်ရောက်သည်အထိ ရေသွင်းခြင်းကို ဆောင်ရွက်ရသည်။ ရေသွင်းသည့်အချိန်မှစ၍ ရေဖြန်းပုံးဖြင့် ရေဖြန်းခြင်းပြုလုပ်ပေးခြင်း မရှိတော့ချေ။ ဆောင်းရာသီ၊ နွေရာသီတို့တွင် (၁၅) ရက် တစ်ကြိမ်ရေသွင်းပေးလေ့ရှိသည်။ ပူလွန်းသော ရက်များတွင် (၁၀) ကြိမ် သွင်းပေးရသည်။

ဓာတ်မြေသြဇာကျွေးလေ့ မရှိသော်လည်း ရွက်ဖြန်းမြေသြဇာ ပက်ဖြန်းခြင်းကိုမူ အသုံးပြုတတ်ကြသည်။ ပေါင်းများရှင်းပြီး ထုံးမှုန့်နှင့်ဆေးရွက်ကြီးမှုန့်တို့ကိုသာ တစ်လတစ်ကြိမ် ဖြူးပေး၍မြေဆွပေးသည်။

ဆွတ်ခူးခြင်း

အပင် သက်တမ်း (၃) လ ကြာမှ စ၍ ကွမ်းရွက် စတင်ခူးပါသည်။ ကွမ်းရွက်ခူးရာတွင် မူလ ပင်စည်မှ ကွမ်းရွက်များကို ခူးယူခြင်း မဟုတ်ဘဲ ပင်ခြေပိုင်းဘေးတက်များမှ (စလင်းတက်) မှ အရွက်များကို ဆွတ်ခူးခြင်း ဖြစ်သည်။ ကွမ်းရွက်ကို (၁၅) ရက် တစ်ကြိမ် ခူးယူပြီး ကွမ်းရွက်များကို အမျိုးအစား အဆင့်အတန်း ခွဲခြားသည်။ ခူးယူသည့် အရွက်မှာ စတုတ္ထမြောက် အရွက်ဖြစ်သည်။

ကွမ်းစင်ကို မြင့်တင်ပေးခြင်း

ကွမ်းပင်များမှာ တစ်ဖြည်းဖြည်း ရှည်လာရာ (၇) ပေ အမြင့်သို့ရောက်သည်နှင့် စင်ပေါ်မှ အမိုးများကို ခွာပြီး ကွမ်းတိုင်ကို (၁၃) ပေ အမြင့်ရောက်အောင် ထပ်ဆက်၍ စင်ထပ်တင်ပေးသည်။ အမိုးအကာများကိုလည်း ဆက်လက် လုပ်ပေးသည်။ ကွမ်းရွက်ခူးသည့်အခါ ပထမစင်ပေါ်တွင် ဝါးတန်းများပစ်၍ လူတက်ကာ ခူးယူကြသည်။

ကွမ်းခွေခြင်း

ကွမ်းခွေခြင်းကို တစ်နှစ်လျှင် နှစ်ကြိမ်ခန့် လုပ်ဆောင်ပေးလေ့ ရှိသည်။ နွေရာသီ မတ်လ၊ ဧပြီနှင့်ဆောင်းအဝင် အောက်တိုဘာလတွင် လုပ်ကိုင်လေ့ရှိသည်။ တစ်ခါတစ်ရံ အချို့သော ကွမ်းခြံများမှာနွေရာသီရောက်သည့်တိုင် ကွမ်းထွက်ကောင်းနေတတ်သဖြင့် ယင်းနှစ်နွေရာသီတွင် ကွမ်းမခွေကြတော့ချေ။ ပုံမှန်အားဖြင့် ကွမ်းပင် ဒုတိယဆင့် အမိုးထိရောက်သည့်အချိန်တွင် ကွမ်းခွေတတ်ကြသည်။ ကွမ်းခွေတော့မည် ဆိုပါက ကွမ်းပင် အဖျားပိုင်း (၂) ပေ လောက်ချန်၍ ကျန်အဆစ်များမှ အရွက်များ ဘေးတက်များ အားလုံးကို ဖယ်ရှားပစ်ကြသည်။

ကွမ်းမခွေမှီ ကြိုတင်ပြင်ဆင်ထားသည့် တစ်ချက်မှာ ကွမ်းဘောင် တင်ထားသောမြေပုံကို ပေါက်တူးဖြင့် ခုတ်ချ၍ ကွမ်းခြံတစ်ခုလုံးကို မြေပြင် တစ်ပြင်တည်း ဖြစ်အောင် ပြုလုပ်လိုက်သည်။ ထို့နောက်မှ မူလ စိုက်တိုက်ထားသောနေရာ၏ ဆန့်ကျင်ဘက်နေရာတွင် ကျင်းတူးကာ ကွမ်းပင်ကို မကျိုးမပဲ့စေဘဲချွေချပေးက အပေါ်ပိုင်းအညွန့်ရှိရာ (၂)ပေ အမြင့်ကို ကွမ်းတိုင်တွင် ချည်ပေးပြီး တွင်းတူးထားသောကျင်းစာဖြင့်ပင်ပြန်ဖုံးပေးခြင်းဖြစ်သည်။

ပြီးပါက ပထမ စိုက်ပျိုးစဉ်က အတိုင်းရေဖျန်းခြင်း၊ ဘောင်တင်ခြင်းများ ပြုလုပ်ပေးသည်။ နွားချေး၊ ထုံးမှုန့်၊ ဆေးရွက်ကြီးမှုန့်၊ တီစူပါဝါတို့ကို ထည့်ပေသည်။

ကွမ်းခွေခြင်းစနစ်ကို အသုံးပြုသဖြင့် ကွမ်းခြံတစ်ခြံသည် (၁၀-၁၅) နှစ်ထိ သက်တမ်းရှိ ကြသည်။

ကျရောက်သော ပိုးမွှားရောဂါများ

ပိုးမွှားများ မကျသလောက် ဖြစ်သည်ဟု ဆိုသည်။ ဓါတုဗေဒ ပိုးသတ်ဆးများ မသုံးကြချေ။ ဆေးရွက်ကြီး၊ ထုံးမှုန့်တို့ကိုသာ သုံးလေ့ရှိသည်။

ရောဂါအနေဖြင့် ရိုးမဲဆစ်ပြုတ်ရောဂါ၊ ကြက်တူရွေး မျက်စေ့ရောဂါများ ကျတတ်သည်။ ခြံလုံးပြုတ်သည်အထိ ဖြစ်ခဲသည်ဟု ဆိုသည်။ နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်၍ အရိပ်အရောင်တွေ့ပါက နှုတ်ယူမီးရှို့ ဖျက်ဆီးပစ်ကြခြင်းကြောင့်ဖြစ်သည်။ အချို့သော ခြံများ မှိုသတ်ဆေး အနည်းငယ် သုံးစွဲကြသည်။

ကွမ်းထွက်ရာသီ

နွေရာသီတွင်ရေပေး၍ ကွမ်းအထွက်ကောင်းအောင် ဆောင်ရွက်ပေးကြသည်။ မိုးရာသီတွင် ကွမ်းအထွက် အကောင်းဆုံးဖြစ်သည်။ ဆောင်းရာသီတွင် အပူချိန်နိမ့်သဖြင့် ကွမ်းပင်အထနှေးသည်ဟု ဆိုသည်။ သို့ဖြစ်၍ ကွမ်းပင်ကို အနားပေးသည့် အနေဖြင့်ဆောင်းရာသီတွင် ကွမ်းခွေခြင်းပြုလုပ်ကြသည်။

ကိုးကား-စိုက်ပျိုးရေးဦးစီးဌာန



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"မြေစမ်းခရမ်းပျိုး"