ဘူးအကြောင်း သိကောင်းစရာနှင့် စိုက်ပျိုးနည်း

Shwe-Yee-linn     08/12/2017 22:29 PM     Content Provider - Greenway
Photo - ဘူးသီး

 ဘူးပင်သည် CUCURBITACEAE (ကျူကာဘီတေးစီး) မျိုးရင်းဝင်ဖြစ်ပြီး Lagenria (လက်ဂနာရီးနား)မျိုး စိတ်ကွဲတွင် ပါဝင်ပါသည်။ ဘူးသီးသည် အရှေ့တောင် အာရှတွင် စိုက်ပျိုးကြသော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ် သည်။ အိန္ဒိယတွင် ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံး အသီးသီးနိုင်သော ဟင်းသီးဟင်းရွက် ဖြစ်သည်။ ဘူးသည် အရွက်ဖားဖားနှင့် နွယ်တက်ပင်မျိုးဖြစ်ပြီး သုံးလလျှင် တစ်ကြိမ် အသီးသီးပါသည်။ အပွင့်မှာ မြေဖြူရောင်ရှိပြီး ညအချိန်တွင်သာ ပွင့်၍ ပွင့်တည်း ဝတ်မှုန်ကူးခြင်းဖြင့် မျိုးပွားသည်။ ဘူးသီးများသည် အရွယ်အစားစုံ သီးတတ်ပြီး အရည်ရွှမ်းသည်။ စိုက်ပြီး နှစ်လအကြာတွင် ပန်းစပွင့်သည်။ ဘူးပင်သည် မိုးရေကို အဓိကအားထား စိုက်ပျိုးကြသော်လည်း ရေအရင်းအမြစ်သာ အဆင်ပြေပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည့် အားသာချက်ရှိသော အပင်ဖြစ်သည်။

ကျန်းမာရေးအတွက် ကောင်းကျိုးများမှာ- သတ္တုရည်၊ ဘူးသီး သတ္တုရည်သည် အမြဲတစေ သုံးစွဲပါက ကျန်းမာ ရေးအထောက်အကူ ဖြစ်စေပါသည်။ သင့်တော်သော စိုက်ပျိုး နည်းစနစ်ဖြင့် စီးပွားဖြစ် စိုက်ပျိုးပါက ဘူးပင်သည် ကောင်းစွာ အကျိုး အမြတ်ရသော ဟင်းသီးဟင်းရွက် အပင်ဖြစ်ပါသည်။

အစာကြေမှုကို အကူအညီပေးပြီး ဝမ်းကိုအေးစေပါသည်။ အသည်းနှင့် ကျောက်ကပ်ယောင်ခြင်းများကို သက်သာစေပြီး ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို သက်သာပျောက်ကင်းစေသည်။ သွေးအတွင်းရှိ သကြားဓာတ်ကို ထိန်းညှိပေး၍ ဆီးချို၊ သွေးချိုရောဂါ ဖြစ်သူများအတွက် ပိုမိုသင့်တော်သည်။ ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အိပ်မပျော်သော ရောဂါကို ကုသရန်အတွက် အသုံးပြုနိုင်ပါသည်။

၁။ အမျိုးအစား

ဘူးသီး၏ ပုံသဏ္ဍာန်ကို လိုက်၍ ဘူးသပိတ်၊ ဘူးလည်လှ၊ ဘူးရှည်စက၊ ဘူးရှည်နှင့် ဘူးရေမှုတ်ဟု အမျိုးမျိုး ရှိကြပါသည်။

(က) ဘူးသပိတ် - ဤဘူး၏ ပုံသဏ္ဍာန်မှာ သပိတ်ပုံရှိပြီး အလုံးကြီးသည်။ လည်ပင်းမရှိချေ။

(ခ) ဘူးလည်လှ - ဤဘူးမျိုးသည် လည်ပင်းရှိ၍ လှသည်။ ဤဘူးမျိုးကို ရင့်သည် တိုင်ထားပြီး အထဲမှ အစေ့များ ထုတ်၍ ရေဘူး လုပ်ကြသည်။

(ဂ) ဘူးလည်စက- ဤဘူးမျိုးသည် အရှည်လည်း မဟုတ်၊ အပုလည်း မဟုတ် စက ဖြစ်သည်။

(ဃ) ဘူးရှည်- ဤဘူးမျိုးကို ဆင်နှာမောင်းမျိုး ဟုလည်းခေါ်သည်။ အချို့ ဘူးသည် (၄)ပေခန့် အထိ ရှည်သည်။

(င) ဘူးရေမှုတ် - ဤဘူးမျိုးသည် လက်သီးဆုပ် သာသာခန့်ရှိပြီး လည်ပင်းမှာ တစ်တောင်ခန့် ရှည်သည်။ တောင်သူကြီးများသည် ၎င်းဘူးများကို အလျားလိုက် အလယ်မှ ခွဲပြီးလျှင် ရေခတ်ရန် ရေမှုတ် ပြုလုပ်ကြသည်။

၂။ မြေအမျိုးအစား

မြေအမျိုးအစား အများအပြားတွင် စိုက်ပျိုး ဖြစ်ထွန်းနိုင်သော်လည်း သဘာဝမြေဆွေးများနှင့် ကြွယ်ဝနေသော၊ ရေသွင်းရေထုတ် ကောင်းမွန်စွာ ပြုလုပ်နိုင်သော၊ နှုန်းမြေ အမျိုးအစားတွင် ပိုမို အထွက်ကောင်း၍ အရည်အသွေး ပြည့်မှီသော အသီးများ ထုတ်လုပ်ပေးနိုင်ပါသည်။ မြေအချဉ်အငံဓာတ် (၆) နှင့် (၇) ကြားတွင် ပိုမို ဖြစ်ထွန်းနိုင်ပါသည်။

၃။ ရာသီဥတု

ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အအေးဒဏ်ကို အသင့်တင့် ခံနိုင်ရည် ရှိပါသည်။ ဖရဲနှင့် သခွားမွှေးတို့ထက် အအေးဓာတ်ကို ပိုမို ခံနိုင်ရည် ရှိသည်။သို့သော် ဆီးနှင်းဒဏ်ကို ခံနိုင်ရည် မရှိပါ။

၄။ မြေပြုပြင်ခြင်း

ဘူးသည် စင်တင် စိုက်ပျိုးသော အပင်မျိုး ဖြစ်ပြီးဘောင်တင်၍ စိုက်ပျိုးနိုင်ပါသည်။ စိုက်ဘောင်မြေ ကိုပေါက်တူးဖြင့်ပေါက်ပြီး၊ မြေဆွေးနှင့် သမအောင်ရော၍ စိုက်ဘောင် ပြုလုပ်ပါသည်။ စိုက်ဘောင် (၁) ဘောင်လျှင် အလျား(၅) ပေ၊ အနံ (၃) ပေ၊ အမြင့် (၁) ပေခန့် ပြုလုပ်ကြပါသည်။

၅။ ရေသွင်းခြင်း

အထက် မြန်မာပြည်တွင် ဘူးကို မိုးတွင်းတွင် စိုက်ကြသဖြင့် မိုးတစ်ပတ်ခန့် ပြတ်သွားပါ ကရေလောင်းပေးရန် လိုအပ်ပါသည်။ အောက် မြန်မာပြည်တွင် ဆောင်းစိုက်ခင်းများ အတွက် (၃)ရက်ခြား တစ်ကြိမ် ရေသွင်းပေးရန် လိုပါသည်။

၆။ ပျိုးထောင်ခြင်း

မျိုးညှောင့်ဖောက်အားကောင်းစေရန် မျိုးစေ့များကို တရက်ရေကြိုစိမ် ထားနိုင်သည်။ မြေဆွေး ထည့်ထားသော ပလပ်စတစ်အိတ်တွင် ဘူးစေ့ (၂) စေ့ခန့် ထည့်ပြီး ပျိုးနိုင်သည်။ စိုက်ပြီး (၁၀) ရက်ခန့်ကြာလျှင် ပျိုးပင်ပေါက်လာမည်။ အပင် အရွက်(၃)ရွက်၊ (၄)ရွက် ထွက်လျှင် ရွှေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။

၇။ စိုက်ပျိုးခြင်း

ဘူးပင်ကို အထက် မြန်မာပြည်၌မေလနှင့် ဇွန်လများတွင် စိုက်ပျိုးပြီး အောက်မြန်မာပြည်တွင်မူ ဆောင်းတွင်း ပိုင်း၊ အောက်တိုဘာများတွင် အများအပြား စိုက်ပျိုးပါသည်။ တစ်ဧကလျှင် မျိုးစေ့နှုန်းမှာ (၂-၃) ကီလိုဂရမ် လိုအပ်ပါသည်။ စိုက်ပျိုးနည်းမှာ မြေဆွေး၊ ဓာတ်မြေဩဇာများ သမအောင် မွှေထားသောမြေကို စိုက်ဘောင်များ ပြုလုပ်၍ စင်တင် စိုက်ပျိုးပါသည်။ခပ်နက်နက် ဆင်းတတ်သောရေသောက်မြစ်၏ သဘော သဘာဝကြောင့်ရေသွင်းမြောင်း ကျယ်ကျယ်ထား၍ တဘောင်နှင့် တဘောင်ကြား ကျယ်ကျယ် ပြန့်ပြန့် လှပ်စိုက်သော နည်းစနစ်နှင့် စိုက်ပျိုးသင့်ပါသည်။

၇။ စိုက်ပျိုးခြင်း

စင်တင် စိုက်ပါက စိုက်ဘောင် အလျား(၅)ပေ၊ အနံ(၃)ပေ၊ အမြင့်(၁)ပေခန့်ဘောင် ပြုလုပ်ပြီး ဘူးစေ့များကို တစ်ကျင်းနှင့် တစ်ကျင်း (၁)ပေခြား၍ တစ်ကျင်းလျှင် ဘူးစေ့ (၇)စေ့ ထည့်ပေးပြီး စိုက်ရသည်။ ဘူးပင်များပေါက်လာလျှင် တစ်ကျင်းလျှင် (၂) ပင် ချန်ထားလျှင် သင့်တော်ပါသည်။

(ခ) ကျင်းဖြင့် စိုက်ပျိုးခြင်း

ကျင်းဖြင့် စိုက်ပျိုးပါက အနက် (၁.၅)ပေ၊ အနံ(၂)ပေ၊ အလျား(၃)ပေရှိ ကျင်းများ တူးပြီး နွားချေးနှင့်မြေဆွေး ဆတူရော၍ ကျင်းနှုတ်ခမ်း (၃-၄) လက်မအလိုခန့် အထိ ထည့်ပြီးလျှင် အပေါ်မှ မြေရိုးရိုးကို ဖို့ရမည်။ တစ်ကျင်းလျှင် (၇)ပင်၊ (၈)ပင်ခန့် စိုက်ရမည်။ အပင်ငယ်များ တစ်ထွာခန့် မြင့်လာသောအခါ တစ်ကျင်းလျှင် (၂)ပင်ချန်ပြီး ကျန်အပင်များကို နုတ်ပစ်ရမည်။ အပင်ကလေးများ နွယ်တက်နိုင်ရန် ဝါးခြမ်းထောင်ပေးရမည်။ အပင်ကလေးများ လသား အထိ အပင်ခြေရင်းပေါင်းလိုက်ပေးရပါမည်။

၈။ အပင်ပြုစုစောင့်ရှောက်ခြင်း

ဘူးပင်ကလေးများ တစ်လသားခန့်ရှိ လျှင်ပေါင်းမြက်များကို ရှင်းလင်းပေးရန် လိုပါသည်။ ဘူးပင် အညွှန့် စင်ပေါ်ရောက်ပါက အညွှန့် ဖြတ်တောက်ပေးပါ။ သို့မှသာ အညွှန့်များ စင်ပေါ် ဖြာတက်ပြီး အသီးများ ပိုသီးပါမည်။ ဘူးသည် ကြားပေါင်းလိုက်ခြင်းနှင့် မြေဆီသြဇာ ကျွေးခြင်းကို ကောင်းစွာ တုံ့ပြန်၍ ကြီးထွားဖြစ်ထွန်းနိုင်သော ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ်ပြီး ကြက်​ဟင်​းခါးနှင့် ကျောက်ဖရုံ စိုက်ပျိုးရာတွင်လည်း ဘူးစိုက်ပျိုးနည်း အတိုင်း စိုက်နိုင်သည်။ အပင်မှ နွယ်နှာမောင်းများ စတင်၍ တွယ်လိပ်တက်သည်နှင့် အပင်၏ အညွှန့်များထိုးထိုးထောင်ထောင် တက်လာသည်။ ၎င်းအချိန်တွင်ပေါင်းလိုက်၊ မြေဖို့၍မြေသြဇာ ကျွေးရန် အကောင်းဆုံး အချိန်ဖြစ်သည်။ မြေဖို့ခြင်းကို မိုးရာသီတွင် ပြုလုပ်သင့်သည်။

(က)ခေါင်နှိမ်ခြင်း

အပင်ကို ကိုင်းဖြတ်ခြင်း၊ ခေါင်နှိမ်ခြင်းနှင့် လိုရာပုံသွင်းခြင်း အပင်ကို ကိုင်းဖြတ်ခြင်း ဆိုသည်မှာ များပြားလှသော အတက်များမှ ထွက်လာသော ကိုင်းများကို လိုအပ်သလောက်သာ ထားခြင်းဖြစ်ပြီး လိုရာပုံသွင်းခြင်းဆိုသည်မှာ အပင်များကို မိမိလိုအပ်သည့်၊ ဖြစ်စေချင်သည့် ပုံစံ၊ နေရာ၊ အမြင့်သို့ရောက်စေရန် ဖြစ်သင့်သည့် အကိုင်းဖြတ်ခြင်း၊ ခြွေသင့်သည့် အဖူးကို ခြွေခြင်းကို ဆိုလိုသည်။ အပင်၏ နွယ်နှာမောင်းများကို အပင် တွယ်တက်ရန် ဝါးတန်းများဖြင့် တန်းသွယ်ပေးပါက အပင်၏ အမြစ်ကို နေရောင်နှင့် ထိတွေ့မှု များအောင် ပြုလုပ်ပေးနိုင်သည်။ အပင်၏ ဘေးဖူးများကို နွယ်ကိုင်း တကိုင်းတွင် လေးဖူးမှ ငါးဖူးသာ ထားရှိသင့်သည်။ အပင်၏ ထိပ်ဖူးများကို နွယ်ကိုင်းများ မြင့်မြင့် မရောက်ခင် အချိန်ထိ ခေါင်နှိမ် ထားသင့်သည်။ လိုချင်သော အမြင့်ကိုရောက်မှ သာလျှင် ဘေးဖူးများကို ထိပ်ဖူး အနေဖြင့် ထားသင့်ပါသည်။ အပင်ခြေ၌ ရှိသော အရွက်ဝါများကို ဖယ်ထုတ်ပစ်သင့်ပါသည်။

၆။ မြေဩဇာကျွေးခြင်း

ဘူးတစ်ဧကလျှင် နွားချေး (သို့) သစ်ဆွေးမြေဩဇာလှည်း (၂၀- ၂၅)စီး အထိ လိုအပ်ပြီး၊ ဓာတ်မြေဩဇာ တစ်ဧကလျှင် ယူရီးယား ၁၂ ပိဿနှင့် တီစူပါ ၁၅ ပိဿလိုပါသည်။ စိုက်ဘောင်များ ပြုလုပ်ရာတွင် ဓာတ်မြေဩဇာနှင့် မြေဆွေးများကို သမအောင်ရောနှောပေးရမည်။ တီစူပါ ဓာတ်မြေဩဇာကို ပထမ အကြိမ် ၁၂ ပိဿနှင့် ယူရီးယားမြေဩဇာ ၆ ပိဿကို စိုက်ဘောင် ပြုလုပ်စဉ် ထည့်ပေးပြီး နောက်ကျန် ၆ပိဿကို ဘူးပင် ပန်းစပွင့်ချိန်တွင် ထည့်ပေးရန်ဖြစ်ပါသည်။

၇။ ပိုးမွှားရောဂါကာကွယ်ခြင်း

ဘူးစိုက်ပျိုးရာတွင် ကျိုင်းကောင်နှင့် ပျပိုးများကို ထိရောက်စွာ နှိမ်နင်းရန် လိုအပ်ပါသည်။ ထိရောက်စွာ မနှိမ်နင်းပါက အပင်ငယ်များ သေကြေ ပျက်စီးနိုင် ပါသည်။ ဘူးပင်ကို ပိုးသတ်ဆေး ပက်ဖျန်းပါက ဒီဒီတီ၊ ဘီအိပ်ချ်စ်၊ အင်ဒရင်းစသောဆေးများဖြင့် မပက်ဖျန်းသင့်ပါ။

၈။ အသီး ခူးဆွတ်ခြင်း

ဘူးသီးကို စိုက်ပြီးနောက် (၇၅) ရက် မှ(၉၀)ရက် အကြာတွင် စတင် ဆွတ်ခူးနိုင်သည်။ ရင့်လွန်းပါက ချက်ပြုတ် စားသောက်ရန် မကောင်းသကဲ့သို့ နုပါကလည်း အခါးဓာတ် ရှိသည့်အတွက် ဘူးကို မနုမရင့် အနေတော် ခူးရသည်။ တစ်ဧကလျှင် ဘူးသီး လုံးရေ (၆၀ဝဝ) မှ (၈၀ဝဝ) အထိ ထွက်ရှိတတ်ပါသည်။

Shwe Yee Lin

ကိုးကား- အစိမ်းရောင်လမ်း သင်ရိုး ညွှန်းတမ်းစာအုပ်၊ www.asiafarming.com



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"သရက်ဓားထစ်၊ မရန်းတုတ်ပစ်၊ ပိန္နဲခဲပစ်"