သင်္ဘောပင် စိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် ko khun ko khun မှ ရေးသား

သဘောင်္ပင်ကို အင်္ဂလိပ် အမည်အားဖြင့် “Papaya” ဟုခေါ်ပြီး သိပ္ပံအမည်မှာ Carica Papaya ဖြစ်သည်။ အာဟာရ တန်ဖိုးနှင့်ဆေးဖက်ဝင်မှုများကြောင့် ရောင်းဝယ်ဖောက်ကားရာတွင် အရေးပါသော အပူပိုင်းသီးနှံမျိုး ဖြစ်သည်။ တောင်မက္ကဆီကိုနှင့်ကော်စတာရီကာနိုင်ငံတို့သည် မူလပေါက်ရောက်ရာဒေသများဖြစ်သည်။

သဘောင်္သီးသည် ၎င်းအာဟာရတန်ဖိုးနှင့်ဆေးဝါး ဓာတ်စာများ များစွာပါဝင်သောကြောင့် ထင်ရှားသည်။ အသီးများတွင် အခြားအသီး သီးသောအပင်များနှင့် နှိုင်းယှဉ်ပါက အချိန်တစ်နှစ်ပင် မယူရသောစောစော အသီးတင်သည့်အပင်မျိုးဖြစ်ပြီး သက်မှတ် ဧရိယာတွင်လည်း အထွက်နှုန်း ပိုမိုထွက်ရှိသည်။ သဘောင်္ပင်ကို တောင်ပေါ်မြေပြန့်ပါမကျန် နေရာများစွာတွင် စိုက်ပျိုးကြသည်။

ကမ္ဘာ့ ထုတ်လုပ်မှုတွင် တန်ချိန်ပေါင်း ၆ သန်းခန့် ရှိပြီး အိန္ဒိယနိုင်ငံ၏ ထုတ်လုပ်မှုသည်ပင် တန်ချိန် ၃ သန်းခန့် ရှိကာ ကမ္ဘာ့ဈေးကွက်ကို ဦးဆောင်နေသည်။ ၎င်းနောက်တွင် ဘရာဇီး၊ မက္ကဆီကို၊ နိုက်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ တရုတ်၊ ပီးရူး၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့က အသီးသီး ရပ်တည်နေကြသည်။

 

၁။ မျိုးများ

မြန်မာနိုင်ငံတွင် သြစတေးလျ၊ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ် စသည့် အခြားနိုင်ငံများမှ တင်သွင်းသော အထွက်ကောင်း သဘောင်္သီးမျိုးများကို စိုက်မှုများကြသည်။

၂။ ရာသီဥတု လိုအပ်ချက်

သဘောင်္ပင်သည် အပူပိုင်းပင် ဖြစ်သော်လည်း အပူလျော့ပိုင်းဒေသများတွင်ပါ စိုက်ပျိုးကြသည်။ သာယာကောင်းမွန်သော ရာသီဥတုရှိသည့် တောင်ပေါ်ဒေသများသည်လည်း သဘောင်္ပင် စိုက်ပျိုးရန် အကောင်းဆုံးနေရာများ ဖြစ်သည်။ အပူချိန်နှိမ့်ပြီး ဆီနှင်းများရှိတောင်ပေါ်ဒေသများသည် စိုက်ပျိုးရန် အကန့်အသတ်ရှိသည့်နေရာများ ဖြစ်သည်။

ဆောင်းတွင်း ညအပူချိန် အရမ်း ကျဆင်းလျှင် အသီးကြီးထွားမှုနှေးကွေးပြီး အသီးအရည်အသွေး မကောင်းနိုင်ပါ။ ပင်လယ်ရေ မျက်နှာပြင် အမြင့်ပေ ၃၃၀ဝ ထိ စိုက်ပျိုးနိုင်သည်။ သို့သော် အမြင့်ပေ ၁၈၀ဝ အထက်မှစ၍ အသီးအရွယ်နှင့် အရည်အသွေးမှာ အနည်းငယ် ကျဆင်းသွားမည် ဖြစ်သည်။ အပူချိန် ၂၅ ဒီဂရီမှ ၃၅ ဒီဂရီ စင်တီဂရိတ်သည် အကောင်းဆုံး အပူချိန် ဖြစ်သည်။

နှစ်စဉ် ပုံမှန် ရွာသွင်းသော မိုးရေချိန် လက်မ ၆၀ နှင့် ၈၀ ကြား ရရှိသောနေရာများတွင် ကောင်းစွာ စိုက်ပျိုးနိုင်သော်လည်း ရေသွင်းစိုက်ပျိုးသည့် စနစ်လောက် အထွက် မကောင်းနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် သဘောင်္ပင်သည် ဆောင်တွင်းပိုင်းတွင် ရေငတ်သောကြောင့် ဖြစ်သည်။ လေထု စိုထိုင်းဆသည်လည်း သဘောင်္သီး၏ အချိုဓာတ်ပေါ်တွင် သက်ရောက်မှု ရှိသည်။ အပူချိန် ကျဆင်းချိန်တွင် သဘောင်္သီးသည် အချိုဓာတ်လျော့နည်းနေမည် ဖြစ်သည်။ သဘောင်္သီး မှည့်ချိန်တွင်နွေး၍ခြောက်သွေ့သော ရာသီဥတု လိုအပ်သည်။ နှုးညံ့ပြီး တိုတောင်းသော အမြစ်များကြောင့်လေကြမ်းတိုက်သည့် ဒဏ်ကို ခံနိုင်ရည်မရှိပါ။

၃။ သဘောင်္ပင်အတွက် သင့်တော်သောမြေ

သဘောင်္ပင်အားမြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း သဲဆန်သော၊ စေးသော၊ ကျစ်သောမြေများတွင် မဖြစ်ထွန်းပါ။ သဘောင်္ပင်၏ အမြစ်များသည်ရေဝပ်ခြင်း၊ ရေမြုပ်ခြင်းဒဏ်ကို ခံနိုင်ရည် မရှိပါ။ ၂ ရက်ခန့် ရေမြုပ်လျင်ပင် သဘောင်္ပင်ကိုသေစေသည်။ မြေစေးခြင်း၊ မိုးများပြီးရေဝပ်ခြင်း၊ အမြစ်တွင်ရောဂါ ကျရောက်ခြင်း များသည် သဘောင်္ပင်များကို အချိန်တိုအတွင်းသေစေနိုင်သည်။ ထို့ကြောင့် ညီညာသောမြေ ထက်အနည်းငယ် ကုန်းလျော ဖြစ်နေသောမြေသည် သဘောင်္ပင်အတွက် ပိုမိုကောင်းမွန်မည်။ သဘာဝမြေဆီသြဇာထက်သန်ပြီးရေဆင်းကောင်းသော ကုန်းစောင်းဒေသများသည် သဘောင်္ပင်စိုက်ပျိုးရန် အကောင်းဆုံးနေရာများ ဖြစ်မည်။

၄။ မျိုးပွားခြင်း

သဘောင်္ပင်အား အစေ့မှ မျိုးပွားယူသည်။ မျိုးပွားရန်အတွက်ရောဂါကင်းသော အမပင်မှ ကျန်းမာသော၊ ကြီးမားသော၊ ကောင်းစွာရင့်မှည့်သော သဘောင်္အသီးမှ အစေ့များကို စုဆောင်းပါ။ တစ်ခါတစ်ရံတွင် ၄၅ ရက်သားရှိ အစေ့များသည် အပင်ပေါက်ရာခိုင်နှုန်း ကျဆင်းသွားသောကြောင့် အပင်မပေါက်သည်များ ရှိသည်။ သဘောင်္စေ့လေးများပေါ်ရှိ အကျိအချွဲများကို ဖယ်ရှားလိုက်ပါက အကျိအချွဲများ ရှိနေသည့် အစေ့များထက် အပင်ပေါက်မြန်သလို၊ အပင်ပေါက်လည်း ညီညာမည် ဖြစ်သည်။ အကျိအချွဲများကို ဖယ်ရှားရန် အစေ့များကို ရေပုံးတွင်ရေထည့်ကာ ၂-၃ ရက်ခန့် အချဉ်ဖောက်ခြင်းဖြင့် ဖယ်ရှားနိုင်သည်။ ၎င်းအချဉ်ဖောက်ထားသော အစေ့များကို မီးဖိုပြာဖြင့် လူးကာ ဂုံနီစဖြင့် ပွတ်ခြင်းအားဖြင့်ပြောင်စင်အောင် ဖယ်ရှားနိုင်မည်။ ၎င်းအစေ့များကိုရေပုံးထဲထည့်ကာ ထပ်မံဆေးကြောပါ။ အပင်ပေါက်မည့် အစေ့များသည်ရေတွင် နှစ်မြှပ်မည် ဖြစ်ပြီး အဖျင်းများနှင့် အမှိုက်များသည်ရေပေါ်တွင်ပေါ်နေမည် ဖြစ်သည်။

အစေ့များကို တိုက်ရိုက် စိုက်ပျိုးနိုင်ပြီး၊ မစိုက်ပျိုးလိုပါက အရိပ်တွင် အခြောက်ခံကာလေလုံသော ဗူးများဖြင့် သိမ်းဆည်းပါ။ သို့သော် အစေ့များကိုနေရောင်အောက်တွင် အခြောက်မခံပါနှင့် အပင်မပေါက်နိုင်သည့် အစေ့များ ဖြစ်သွားနိုင်သည်။

 

၅။ စိုက်ပျိုးရန်မြေပြင်ခြင်း

ရေဆင်းကောင်းသော ယာမြေအမျိုးအစားကိုရွေးချယ်ပါ။ ဟင်းလင်းဖြစ်နေသော စိုက်ခင်းသည်လေတိုက် ခံရမည်။ ထို့ကြောင့် စိုက်ခင်းဘေးတွင်လေကာပင်များ တန်းစီကာ စိုက်ပျိုးပေးပါ။

၆။ စိုက်ပျိုးခြင်း

ပျိုးပင်- သဘောင်္ပင်အား မျိုးစေ့ (သို့) တစ်သျှူးမျိုးများခြင်းနည်းဖြင့် စိုက်ပျိုးသည်။ မျိုးစေ့နှုန်းသည် ၁ ဧက လျှင် ၁၀ဝ-၁၂၅ ဂရမ် (၆-၇ကျပ်သား) ခန့် လိုအပ်သည်။ အပင်ငယ်များကို အထူ ၄ လက်မ၊ အနံ ၃ ပေနှင့် အလျား ၉ ပေခန့် ကျယ်သော ပျိုးဗန်းတွင် ပျိုးထောင်ပါ။ မျိုးစေ့များကို မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် စီရင်ပြီး အနက် လက်မဝက်ခန့်နှင့် တစ်တန်းနှင့် တစ်တန်း ၄ လက်မခန့် ခွာကာ အပေါ်မှမြေဆွေးမှုန့်ဖြင့် ပြန်အုပ်ပေးပါ။ မနက်ခင်းပိုင်းတွင်ရေအနည်းခန့်သာလောင်းပေးရန် လိုအပ်ပါသည်။ ပျိုးခင်းဗန်းအား ပလပ်စတစ်စ (သို့) မဟုတ်ကောက်ရိုးတို့ဖြင့် ဖုံးအပ်ထားပါ။ ၂ လခန့်ကြာသောအခါ ၆ လက်မ-၈ လက်မခန့် အရှည်ရှိသော သဘောင်္ပင်ငယ်များကို စိုက်ခင်းသို့ပြောင်းရွေ့စိုက်ပျိုးပါ။

စိုက်ပျိုးရန်အကောင်းဆုံးအချိန်- သဘောင်္ပင်အားဆောင်းနှောင်း (ဖေဖော်ဝါရီ-မတ်)၊ မုတ်သုန်အချိန် (ဇွန်၊ ဇွန်လ) နှင့်ဆောင်းပိုင်း (အောက်တိုဘာ၊ နိုဝင်ဘာလ) များတွင် စိုက်ပျိုးနိုင်သည်။

ပင်ကြားတန်းကြား- ၆ပေ ပတ်လည် အကွာအဝေးဖြင့် အစိုက်များသည်။ သို့သော် ၅ပေ ပတ်လည်ဖြင့် စိုက်ပျိုးပါက အထွက်ပိုမည်ဟု ဆိုကြသည်။

စိပ်စိပ်စိုက်ပျိုးခြင်း- အချို့မျိုးများအား ၄ ပေ ပတ်လည်ဖြင့် စိုက်ပျိုးကြသည်။ ၁ ဧကတွင် ၂၇၂၂ ပင်ခန့် ဝင်ဆန့်မည် ဖြစ်သည်။ (ထိုကဲ့သို့ ၄ ပေ ပတ်လည် စိုက်ပျိုးသောနည်းသည် အိန္ဒိယနိုင်ငံတွင် အပင်သေး၊ အပင်ပု မျိုးများကို စိုက်ပျိုးသောနည်းဖြစ်သည်။)

၇။ စိုက်နည်းစနစ်

ပျိုးပင်များကို၂ ပေ ပတ်လည် ၂ ပေ အနက်ရှိသော စိုက်ကျင်းတွင် ထည့်စိုက်ပါ။ နွေအခါများတွင် စိုက်ကျင်းအား ၂ ပတ်ခန့် ကြိုတူးထားရမည်။ ထို့နောက် ၎င်းစိုက်ကျင်းအား အပေါ်ယံမြေနှင့်မြေဆွေး ၁၂ ပိဿာ၊ တမာကြိတ်ဖက် ၆၀ သား၊ အရိုးမှုန့် ၆၀ ကျပ်သားခန့်ရော၍ ထည့်သွင်းပါ။ သန်စွမ်းသော အပင်ကြီးများကို ချဲ့စိုက်ပြီး အပင်ပုသော၊ အလယ်အလတ်ရှိသော မျိုးများကို စိပ်စိပ် စိုက်ပျိုးပါ။

၈။ မြေဆွေးနှင့်မြေသြဇာများ ထည့်သွင်းခြင်း

သဘောင်္ပင်သည်မြေဆွေးနှင့်မြေသြဇာများ ကျွေးရသောအပင် ဖြစ်သည်။ သဘောင်္ပင်၏ စိုက်ကျင်းတွင်မြေခံအဖြစ် မြေဆွေး ၁၂ ပိဿာ ခန့် ထည့်သော်လည်း နိုက်ထရိုဂျင်ဓါတ်၊ ဖော့စပရပ်ဓါတ်၊ ပိုတက်စီယံဓါတ် ၂၀ဝ မှ ၂၅၀ ဂရမ်စီ တစ်နည်းအားဖြင့် ယူရီးယား ၄၃၄-၅၄၃ ဂရမ် (၂၆-၃၂ကျပ်သား)၊ တီစူပါ ၄၄၄-၅၅၅ ဂရမ် (၂၇-၃၄ကျပ်သား)၊ ပိုတက် ၃၃၃-၄၁၆ ဂရမ် (၂၀-၂၅ကျပ်သား) အား အထွက်ကောင်းရန် ထည့်ပေးရမည်။ (မှတ်ချက် ယူရီးယားတွင် နိုက်ထရိုဂျင်ဓါတ် ၄၆%၊ တီစူပါတွင် ဖော့စပရပ်ဓါတ်၄၅%၊ ပိုတက်တွင် ပိုတက်စီယံဓါတ်၆၀%သာပါဝင်သောကြောင့် ဖြစ်သည်။)

နိုက်ထရိုဂျင်ဓါတ်သည် ၂၀ဝဂရမ် (ယူရီးယား၂၆ကျပ်သား) သည် သီးနှုန်း အကောင်းဆုံး အနေအထားဖြစ်ပြီး သဘောင်္အစေးများများ ရဖို့ဆိုလျှင် နိုက်ထရိုဂျင်ဓါတ် ၃၀ဝ ဂရမ် (ယူရီးယား ၃၉ ကျပ်သား ဖြင့် ညီမျှသည်) ထိ ထည့်ပေးနိုင်သည်။ သဘောင်္ပင် အတွက်ပြောင်းရွေ့စိုက်ပြီးချိန်မှ ပန်းပွင့်သည်ထိ အချိန် (၅) လ သည် အပင်အာဟာရအတွက် အလွန်အရေးကြီးသည်။ ပန်းမပွင့်မီ ပင်စည်ကြီးထွားမှုရှိလျှင် သန်မာသော သီးနှုန်းကောင်းသော အပင်အဖြစ် မှတ်ယူနိုင်သည်။ အကယ်၍ အဆိုပါ (၅)လ အတွင်း အာဟာရ မပြည့်မီဘဲ အပင်အားနည်းနေပါက အပင်နောက်ပိုင်း သီးနှုန်းကိုလည်း ဆိုးရွားစွာ ထိခိုက်လိမ့်မည်။ ထို့ကြောင့်မြေသြဇာများကို ပန်းမပွင့်မီ အချိန်တွင် ကျန်းမာသန်စွမ်းသည့် အပင်ဖြစ်ရန်နှင့်တောက်လျောက် သီးအား ရရှိရန်နှင့် ကြီးထွားမှု ထိန်းသိမ်းရန် သင့်လျော်သော နှုန်းထားဖြင့် အကြိမ်ခွဲကျွေးပါ။

သဘောင်္ စိုက်ပျိုးရာတွင် နိုက်ထရိုဂျင်ဓါတ်၊ ဖော့စပရပ်ဓါတ်၊ ပိုတက်စီယံဓါတ်တို့ အရေးပါသည်မှာ အထင်အရှားပါ။ ရေသွင်းစိုက်ပျိုးသည့် အခြေအနေတွင် သဘောင်္ပင်အား တစ်ပင်လျင် တစ်နှစ်စာအတွက် နိုက်ထရိုဂျင်ဓါတ် ၄၀ဝ ဂရမ်၊ ဖော့စပရပ်ဓါတ် ၂၅၀ ဂရမ်၊ ပိုတက်စီယံဓါတ် ၄၀ဝ ဂရမ် (သို့မဟုတ်) ယူရီးယား ၈၇၀ ဂရမ် (၅၃ကျပ်သား)၊ တီစူပါ ၅၅၅ ဂရမ် (၃၄ကျပ်သား)၊ ပိုတက် ၆၆၆ ဂရမ် (၄၀ကျပ်သား) တို့ကို (၆) ကြိမ်ခွဲပြီး ထည့်သွင်းပေးသင့်သည်။

မိုးနှင့် စိုက်ပျိုးသောသဘောင်္ခင်းတွင်လည်း မိုးဦးတွင် တစ်ကြိမ်နှင့် မိုးနှောင်းတွင် တစ်ကြိမ်စုစုပေါင်း (၂) ကြိမ်ခွဲကျွေးပါ။ မိုးကာလ ရှည်ပါက သုံးကြိမ်ခွဲကျွေးနိုင်ပါသည်။ တစ်နှစ် တစ်ကြိမ် တစ်ပင်ခြင်းအတွက်မြေဆွေး ၁၂-၁၅ ပိဿာခန့် ထည့်သွင်းပေးသင့်သည်။ မြေသြဇာကျွေးသည့် အချိန်တွင်မြေတွင် လုံလောက်သော အစိုဓာတ် ရှိနေရမည်။ မြေသြဇာများကို သဘောင်္ပင် ပတ်လည်ရှိရေသွင်းမြောင်းတွင်သာ တူးဆွ၍မြေနှင့် သမအောင် လုပ်ပါ။ အသီးမခူးမီ ၆ လ အလိုတွင်မြေသြဇာကျွေးခြင်းအား ရပ်နားရမည်ဖြစ်သည်။

၉။ ရေသွင်းခြင်း

ဒေသအလိုက် ရာသီဥတု၊ မြေအမျိုးအစားကိုလိုက်၍ရေသွင်းသည့် အစီအစဉ်ကို သတ်မှတ်ထားရမည်။ ပထမနှစ်တွင် ရေများကို သဘောင်္ပင်သို့ အဖိတ်အစင်မရှိ ထိထိရောက်ရောက် သွင်းပေးရမည်။ ဒုတိယနှစ်တွင်ဆောင်းတွင်ပိုင်း၌ (၁၄) ရက်ခြား တစ်ကြိမ်၊ နွေရာသီတွင် (၁၀) ရက်ခြား တစ်ကြိမ်ရေသွင်းပေးပါ။ သဘောင်္ပင်အား အပင် ပတ်လည် ဝိုက်၍ရေသွင်းကြသည်။ မိုးနည်းသော အရပ်များတွင်ရေပန်းစနစ်၊ အစက်ချစနစ် တို့ကိုကျင့်သုံးနိုင်သည်။

၁၀။ သီးညှပ်စိုက်ပျိုးခြင်း

သဘောင်္ပင်သည် တစ်နှစ်အတွင်း အသီးတင်သော ကြီးမြန်ပင် ဖြစ်သည်။ ထို့ကြောင့်သဘောင်္ စိုက်ခင်းတွင် သီးညှပ်စိုက်ပျိုးခြင်းအားဆောင်ရွက်လေ့ မရှိပါ။ သဘောင်္ပင်ကိုသာ သစ်သီးခြံများတွင် သီးညှပ်အဖြစ် ထည့်သွင်း စိုက်ပျိုးသည်။ သဘောင်္ပင်သည် အမြစ်တိမ်သောကြောင့် ထယ်ရေးနက်ရန် မလိုပေ။ စိတ်ပါသည့် အချိန်ပေါင်းရှင်းပေးရန်သာ ဖြစ်သည်။ တောက်လျောက် ရှင်သန်ကြီးထွားဖို့ အစိုဓာတ်မပြတ် ရှိဖို့လိုသည်။

၁၁။ ပိုးမွှားနှင့်ရောဂါများ

အတွေ့များသည် ပိုးကောင်များကတော့ သီးထိုးယင်၊ ဓားခုတ်ကောင်၊ ပျ၊ မွှားပင့်ကူနီ၊ ပင်စည်ထိုးပိုး၊ ကျိုင်းကောင်တို့ဖြစ်သည်။ ဒဏ်ရာ အနာတရဖြစ်သော အပင်အစိတ်အပိုင်းများကို ဖယ်ရှာပြီး ဒိုင်မီသိုအိတ်ဆေးဖျန်းပါ။

အတွေ့ရများသောရောဂါများမှာ ဖားဥမှိုရောဂါ၊ ဒေါင့်ကွက်ရောဂါ၊ ပင်ညှိုးရောဂါ၊ ပင်စည်ပုပ်ရောဂါတို့ဖြစ်သည်။ ၎င်းရောဂါများအတွက် ဆလဖာ၊ ကာဗာဒါဇင်၊ သိုင်အိုဖီးနိတ်မီသိုင်း၊ မန်ကိုဇက်တို့ကို စသည့်ဓာတုဆေးတို့အသုံးပြုနိုင်သည်။

 

 

 

 

၁၂။ ခူးဆွတ် ရိတ်သိမ်းခြင်း

အရောင်၊ အရွယ်အစား၊ အလေးချိန် အလိုက် အသီးများကို ခွဲခြားပါ။ ထိခိုက်လွယ်သော အသီးများ ဖြစ်သောကြောင့်သေချာ မခူးဆွတ်ပါကကောင်းသည့် အသီးများပင် ပျက်စီးသွားတတ်သည်။ သဘောင်္သီးများကို အပင်မှာကောင်းစွာ ရင့်မှည့်သည်အထိ ထားသင့်သည်။ သာမန်အားဖြင့် အရွယ်အစား ပြည့်မီပြီး ထိပ်ဖျားဝါသော အစိမ်းနုရောင် အသီးများကို ခူးဆွတ်ကြသည်။ ရင့်မှည့်သည့်အခါ အချို့မျိုးများသည် အဝါရောင်ဖြစ်ပြောင်းသော်လည်း အချို့မှာ အစိမ်းရောင်အတိုင်း ရှိသည်။ သဘောင်္စေးသည် နို့ရည်ကျဲကျဲဖြစ်သောအခါ ခူးဆွတ်ဖို့ အချိန်တန်ပြီဖြစ်သည်။

အသီးများကို ခူးဆွတ်စဉ်တွင် မပွန်းမပဲ့နှင့် အနာတရမဖြစ်အောင် ဂရုစိုက်ခူးရမည်။ ထိုသို့ မဟုတ်ပါက ဈေးကွက်တင်ပို့ရောင်းချသည့်အခါ အသီးများ မှိုစွဲခြင်းနှင့် ပုပ်ရိခြင်းများ ဖြစ်တတ်သည်။ ထုပ်ပိုးမှု မလုပ်မီ အသီးများကို အတန်းအစား ခွဲခြားပါ။ ဈေးကွက် တင်ပို့သည့် အခါ ကောင်းစွာ ထုပ်ပိုးထားဖို့ လိုသည်။

နုညံ့သော အသီးများ ဖြစ်သောကြောင့် တစ်လုံးခြင်းအား စက္ကူဖြင့်ပတ်၊ ကောက်ရိုးစသည့်ပျော့ပျောင်းသည့် အရာများ ခံကာ သစ်သားသေတ္တာတွင် ထည့်ပါ။ အရသာ မပျက် အသီးများ အထားခံရန်ဆေးဗားနိုက်ထရိတ်(သို့) ကို ဘော့ကလိုရိုက်ဖြင့် စီရင်နိုင်သည်။ အရောင်ပြောင်းနေသော အသီးများကို ၇ ဒီဂရီစင်တီဂရိတ်တွင် ထားသိုနိုင်သည်။ ကြာကြာ အထားခံနိုင်ရန် အပူချိန် ၁၃ ဒီဂရီစင်တီရိတ်နှင့် အောက်စီဂျင် ၁-၁.၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း ကာဗိုမိုနောက်ဆိုဒ် ၁၀ ရာခိုင်နှုန်းဖြင့် လည်းကောင်း ထားနိုင်သည်။ အသီးကို ဖယောင်းအုပ်ပြီးလေဖိအား နည်းနည်းဖြင့် ထားခြင်းသည်လည်း ရောဂါကျရောက် ဖျက်ဆီးမှုလည်း သက်သာကြာကြာလည်း အထားခံနိုင်ပါသည်။

အထွက်အနှုန်း- သဘောင်္ခြံတွင် ပထမ (၁၅) လမှ (၁၈) အတွင်းကောင်းစွာ ပြုစုထားသည့် အပင်တစ်ပင်မှ သဘောင်္သီး (၂၅) လုံးမှ (၄၀) လုံး ထိ ရရှိနိုင်သည်။ အလေးချိန်အားဖြင့် (၄၀) ကီလို (၂၄ ပိဿာ) မှ (၆၀) ကီလို (၃၇ ပိဿာ) ထိ ရှိမည် ဖြစ်သည်။

၁၃။ နှစ်အလိုအထွက် တစ်ပင်၏အထွက်နှုန်း

ပထမနှစ်တွင် ၆၀ ကီလို (၃၇ ပိဿာ) မှ ၈၀ ကီလို(၄၈ ပိဿာ)၊ ဒုတိယနှစ်တွင် ၈၀ ကီလို (၄၈ ပိဿာ)မှ ၁၀၁ ကီလို(၆၂ ပိဿာ) တတိယနှစ်တွင် ၃၀ ကီလို (၁၈ ပိဿာ) မှ ၄၀ ကီလို (၂၄ ပိဿာ) ဒေသဈေးကွက်တွင် အပူချိန် (၂၀) ဒီဂရီစင်တီဂရိတ်သည် ရင့်မှည့်ခြင်း အတွက်နှင့် (၂) ပတ်ခန့် ထားသိုနိုင်ခြင်းအတွက် အကောင်းဆုံး ဖြစ်သည်။

အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်၌ မှည့်သည့် အသီးထက်စာလျှင် အစိမ်းရောင် အသီးရင့်များတွင် အသားများ အအေးလောင်ခြင်း ဖြစ်သည်ကို ပိုမိုတွေ့ရှိရသည်။ အအေးလောင်ခြင်းတွင် အချိုင့်ငယ်များဖြစ်ခြင်း၊ အရောင်များ အကွက်လိုက် မညီညာဖြစ်ခြင်း၊ အမှည့်မညီခြင်း၊ အခွံများတွင် အကြေးဖက် ကဲ့သို့ မာလာခြင်းနှင့် ပုပ်သိုးလွယ်ခြင်း စသည့်လက္ခဏာများ ပါဝင်သည်။ တစ်ဝက်လောက် အဝါရောင်သန်းသည့် အသီးများကို အပူချိန် ၄-၁၀ ဒီဂရီစင်တီဂရိတ်တွင် သိုလှောင်ပါက အအေးလောင်သည့် လက္ခဏာ မတွေ့ရပါ။ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ် အထက်တွင် (၁၀) ရက် အထက်ထားရှိပါက အပူလောင်ခြင်း ဖြစ်ပေါ်မည်။ အပူလောင် လက္ခဏာများသည် အမှည့်မညီခြင်း၊ အကွက်လိုက်မှည့်ခြင်း၊ အရောင်အဆင်းမွဲခြင်း၊ ပုံမှန်မဟုတ်သောပျော့အိခြင်း၊ မျက်နှာပြင် အချိုင့်များဖြစ်ခြင်းနှင့် အပုပ်မြန်ခြင်းတို့ဖြစ်သည်။

နိုင်ငံတကာဈေးကွက် တင်ပို့မည့် အသီးများကို အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်ရှိ ရေပူတွင် မိနစ် (၃၀) စိမ်ပြီး ချက်ခြင်း အပူချိန် ၄၉ ဒီဂရီစင်တီဂရိတ်တွင် မိနစ် ၂၀ စိမ်ခြင်းများ ပြုလုပ်သည်။ အပူလောင်သည်ကို သက်သာရန်ရေပူစိမ်ပြီးပြီးခြင်း အပူချိန် ၁၃ ဒီဂရီစင်တီဂရိတ်တွင် ထားသိုပါ။ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်တွင်အောက်စီဂျင် ၂ ရာခိုင်နှုန်းနှင့် ကာဘိုမိုနောက်ဆိုဒ် ၅-၁၀ ရာခိုင်နှုန်းတွင် သိုလှောင်ပါက အအေးလောင်ခြင်းကင်း၍ အသီးခွံတင်းကာ မှည့်ချိန်ကို ထိန်းထားနိုင်မည်။

ကိုခွန်(စိုက်ပျိုးရေး)

ကိုကား-http://www.agrifarming.in/papaya-farming/