ရော်ဘာ စိုက်ပျိုးခြင်း

Photo - rubber

နိဒါန်း
သဘာဝရော်ဘာစိုက်ပျိုးထုတ်လုပ်မှုသည် မြန်မာနိုင်ငံတွင် ၁၉၈၅ ခုနှစ်ကတည်းမှ စတင်ဖွံ့ဖြိုးလာခဲ့ပြီး ယနေ့ဆိုလျှင် ဧကပေါင်း ၁၄ သိန်းခန့် စိုက်ပျိုးနိုင်ကာ ထုတ်လုပ်မှုမှာ ၇၈၈၈၀ မက်ထရစ်တန်ထိ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်သည်။ ကမ္ဘာ့ နှစ်စဉ် ရော်ဘာ အသုံးပြုမှုသည် ၂၀၂၀ ခုနှစ်တွင် သန်းပေါင်း ၂၇.၇ တန် ရှိမည်ဖြစ်သည်။
မြေအမျိုးအစားနှင့် အနေအထား
မြေနေရာ ရွေးချယ်မှုသည် အဓိက ကျသည့် ကဏ္ဍတစ်ခု ဖြစ်ပါသည်။ အပူချိန် အနည်းဆုံး ၅၅ ဒီဂရီ ဖာရင်ဟိုကျမှ အများဆုံး အပူချိန် ၁၀ဝ ဒီဂရီဖာရင်ဟိုက် အတွင်း ကောင်းစွာ ပေါက်ရောက်နိုင်ကြောင်း သိရသည်။ အသင့်လျှော်ဆုံး မိုးရေချိန် လက်မ (၈၀-၁၆၀) ခန့်အထိဖြစ်သည်။ မြေအမျိုးစားမရွေး စိုက်ပျိုးနိုင်သော နှစ်ရှည်ပင် ဖြစ် သည်။ စီးပွားဖြစ် ရော်ဘာ စိုက်ပျိုးရန်အတွက် လေဝင်/ ထွက် ကောင်းသော ၊ သဲမဆန် လွန်းသော၊ မစေးလွန်းသော၊ မြေသားထု အနည်ဆုံး ၄ ပေခန့် ရှိသင့်သည်။ မြေချဉ် ငံဓာတ် (၄-၆) အတွင်းရှိသည့် မြေသည် ရော်ဘာပင်အတွက် အသင့်လျော်ဆုံးဖြစ်သည်။
မြေပြုပြင်ခြင်း
တောတောင်ပေါက်ရောက်မှုအနေအထားအရ နိုဝင်ဘာလ မှ ဖေဖေါ်ဝါရီလ အထိ ခုတ်ထွင်ရှင်းလင်းရမည်။ တောကြမ်း ခုတ်ခြင်းကို အချိန်မီ ပြုလုပ်ရပြီး ခြောက်သွေ့ အောင် ထားရှိပြီးမှ စုပေါင်းရှင်းလင်းမီးရှို့ရသည်။ မီးရှို့ပြီးနောက်လည်း မဏ္ဍပ်ထပ်ထိုးကာ ပန္နက်ဆွဲ ကြိုးအလျား ၂၂၀ ပေ အရှည် (တစ်ကြိုး) ဖြင့် (သွပ်နန်းကြိုးကိုသုံးရသည်) ။ ပင်ကြား တန်းကြား အကွာအဝေးအား ၂၀ ပေ x ၁၀ ပေ စနစ်အရ အပင်ပေါင်း (၂၁၇) ပင် ဝင်ဆံ့ နိုင်ပါသည်။ မြေပြန့် အနိမ့် အမြင့် ရှိသောနေရာ၊ တောင်ကုန်းတောင်စောင်းနေရာ စသဖြင့် မြေနေရာအနေအထား လိုက်၍ သင့်လျှော်သော အကွာအဝေးကို ပန္နက်ရိုက် ရသည်။ တစ်ဧကလျှင် အပင် (၂၀၀) မှ (၂၄၀) ခန့် အထိ အပင် ဝင်ဆံ့အောင် ဆောင်ရွက်သင့်သည်။
စိုက်ကျင်းတူးခြင်း/ မြေဖို့ခြင်း
၂ ပေ ပတ်လည် ၂ ပေ အနက်ခန့်တူးရသည်။ တူးပြီးသော မြေစာများကို အပေါ်ယံ မြေသားကို တဖက် အောက်မြေသားကို တဖက်စီ ပုံရသည်။
ပျိုးပင်ပြင်ဆင်ခြင်း
မိမိဝယ်ယူမည့် ပျိုးပင်၏ မျိုး/ ပျိုးပင်အရွယ်အစား / သယ်ယူပို့ဆောင်ရေး အဆင်ပြေမှု တို့သည် အရေး ပါသည်။ ရရာမျိုးများကို စိုက်ပျိုးခြင်းထက် အထွက်ကောင်း မျိုးများကို စနစ်တကျ ရွေးချယ် စိုက်ပျိုး သင့် သည်။
စိုက်ပျိုးခြင်း
ရော်ဘာစိုက်ပျိုးရာတွင် အောင်မြင် ဖြစ်ထွန်းလာစေရန် စိုက်ပျိုးသည့် အချိန်သည်လည်း အလွန်အရေးကြီးပါသည်။ ဇွန် လကုန်အထိသာ စိုက်ပျိုးသင့်သည်။ နောက်ကျပြီး စိုက်ပျိုးပါက အပင်အသေအပျောက်များ သည်။ စောစီးစွာစိုက်ပျိုးခြင်းဖြင့် ပင်သေ/ ပျောက်များအား လတွင်းချင်း (သို့) နှစ်တွင်းချင်း ဖာထေးနိုင်ပါလိမ့်မည်။ စိုက်ပြီး (၂၀) ရက်မှ (၃၀) ရက်သားအတွင်း အပင် အသေအပျောက်ကို ချက်ချင်းစစ်တမ်းယူပြီး ဖာထေးခြင်းကို လုပ်ဆောင်ပေးရသည်။
ပေါင်းရှင်းခြင်း
စိုက်ပြီး တစ်လအကြာတွင် ၆ ပေ ၈ ပေ အကျယ်ထိ လိုင်းတန်းပေါင်းရှင်းခြင်းကို ပြုလုပ်ရသည်။ ရှင်းလင်းခြင်းကြောင့် မြေသြဇာကျွေးရန် လွယ်ကူသွားမည်။ လိုင်းတန်းရှင်းခြင်းကို စိုက်ကွင်းအနေအထားအရ ၂ ကြိမ်မှ ၃ ကြိမ်ထိ ပြုလုပ်သင့်သည်။ ပေါင်းသတ်ဆေးကို အခက်ခဲ ရှိမှ အသုံးပြုသင့်သည်။
ပေါင်းရှင်းခြင်းအကျိုး
(၁) မြေထဲရှိ အစိုဓာတ်ကို ရာဘာပင်ကအပြည့်အဝရရှိပါသည်။
(၂) ထည့်ပေးလိုက်သော မြေဩဇာနှင့်မြေထဲရှိ သဘာဝမြေဆီ မြေနှစ်များကို ရာဘာပင်များက အပြည့်အဝရရှိ
(၃) လောင်ရိပ်ကျမှု ဒဏ်မှကာကွယ်ပေးနိုင်ပါသည်။
(၄) လက်ခံပင် မရှိနေဘဲ ပိုးမွှားရောဂါ ကျရောက်မှုမှ ကာကွယ်နိုင်ပါသည်။
(၅) မီးဘေးအန္တရာယ်မှလည်း ကာကွယ်နိုင်ပါသည်။
မြေသြဇာကျွေးခြင်း
အပင်များ ရှင်သန်ဖွံ့ဖြိုးလာစေရန် ပုံမှန်မြေဩဇာ ကျွေးရပါသည်။ အပင်စိုက်ပျိုးပြီး တစ်လအကြာတွင် မြေဩဇာစတင်ကျွေးပါသည်။ ပုံမှန်အားဖြင့် မိုးဦးမိုးနှောင်း အနေဖြင့် တစ်နှစ်နှစ်ကြိမ်ကျွေးရပါသည်။ အပင် သက်တမ်းအလိုက် မြေဩဇာ ကျွေးရမည့်နှုန်း ကွာခြားပြီး စတင် စိုက်ပျိုးချိန်မှ ဒုတိယနှစ်သားအထိ NPK 12: 12: 6 ရောစပ်ထား သောမြေဩဇာအား၂၅၀ဂရမ်အား/ PH ဖြင့် ထည့်သွင်း ပေးပါသည်။ တတိယ နှစ်သားမှ ၆ နှစ်သား အထိ ၅၀ဝဂရမ်နှုန်းဖြင့်၎င်း ၇နှစ်သားတွင် 12: 12: 6: 4 မက်ဂနီဆီယမ် အပါ ၆၅၀၀ ဂရမ် နှုန်းဖြင့် လည်းကောင်း၊ ၈ နှစ် နှင့်အထက်ရောက် ရော်ဘာ ပင်များအား ၅၀ဝ ဂရမ် နှုန်းဖြင့် လည်းကောင်း ကျွေးသင့်သည်။ မြေဩဇာ ကျွေးရာတွင် အပင် ဖြစ်ထွန်းမှုအလိုက် ဆူးထိုးကျွေးခြင်း၊ ပေါက်ကျွေးခြင်း၊ စက်ဝိုင်းပတ် ဖြူး ကျွေးခြင်း၊ ကြွက်မြီးတန်း ကျွေးခြင်း နှင့် လိုင်းကြား ကြဲပတ် ကျွေးခြင်း ဖြင့် အမျိုးမျိုး ကျွေးသည်။ ထိရောက်မှု ရှိစေရန် မြေအနေအထားအလိုက် ကျွေးနည်းစနစ် ပြောင်းလဲပေးနိုင်ပါသည်။ ဒေသတွင် ရနိုင်သော သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကြက်ချေးဆွေး၊ သစ်ဆွေးတို့ကို ထည့်သွင်းနိုင်သည်။
အပင်ပြုစုထိန်းသိမ်းခြင်း
ပင်စည်မှ အစေးလှီးယူရခြင်းဖြစ်ရာ မြေပြင်မှ အမြင့် ၆ ပေအထိ ပင်စည်လုံးချောနေပြီး ကိုင်းတက်များမရှိစေရန် ကိုင်းပို ကိုင်တက်များကို စနစ်တကျ ဖြတ်၍ ပြုပြင်ပေးရသည်။ စိုက်ပျိုးပြီးနောက် နိုဝင်ဘာ လ နှင့် ဒီဇင်ဘာလ များတွင် ကိုင်းတက်များစွာ ပေါက်လေ့ရှိသည်။ နှစ်စဉ် စက်တင်ဘာလ မှ ဒီဇင်ဘာ၊ ဇန်နဝါရီလ အထိ ကိုင်းပိုလိုက်ခြင်းနှင့် မျက်လုံးကန်းခြင်းများ ပြုလုပ်ပေးသင့်သည်။
မိုးရာသီမှအပ ကျန်ရာသီများတွင် ခြောက်သွေ့သောကြောင့် ပင်ခြေရှိ အစိုဓာတ်ကို အတတ်နိုင်ဆုံး ထိန်းပေးသင့်သည်။ မိုးမကုန်မီ စက်တင်ဘာလခန့်တွင် အပင်ခြေပတ်လည်ကို ပင်စည်မှ ၆ လက်မခွာ၊ ၃ ပေ အကျယ်၊ အထူ ၆ လက်မခန့်ရအောင် သစ်ရွက်၊ မြက်များကို စုပုံပေးရသည်။ အလွယ်တကူ မီးမကူးစေရန်နှင့် လေတိုက်ပြီးလွင့်မသွားစေရန် မြေသားနည်းနည်း ထပ်ဖုံးပေးရသည်။
ရော်ဘာစိုက်ပျိုးသော ဒေသများမှာ မိုးရွာသွန်းမှုများသည့်အတွက် မိုးရေကြောင့် ရေတိုက်စားခံရပြီး မြေဆီလွှာများဆုံးရှံးမှုမှ ကာကွယ်နိုင်ရန် မြေဆီခံ မြောင်းများ ပြုလုပ်ခြင်း၊ ကွန်တို လှေကားထစ်များ ပြုလုပ်ခြင်း၊ မြေဆီထိန်းပဲ စိုက်ပျိုးခြင်း နည်းလမ်းများဖြင့် ထိန်းသိမ်းနိုင်သည်။
စိုက်ပျိုးပြီး (၇-၈) နှစ်ကြာမှ အစေးထုတ်နိုင်သောကြောင့် ကြားကာလတွင် ဝင်ငွေ အနည်းငယ်ရစေရန် ရော်ဘာပင်တန်း ကြားတွင် သင့်လျှော်သော ရာသီပင်များကို ကြားသီးနှံအဖြစ် စိုက်နိုင်သည်။ မြေဩဇာ စုပ်ယူစားသုံးမှုများသော သီးနှံများကို မစိုက်သင့်ပါ။
မိုးရာသီ ကုန်ဆုံးသောအခါ မီးဘေးမှ ကာကွယ်နိုင်ရန် ခြံပတ်လည်တွင် (၃၀) ပေအကျယ် မီးတားလမ်းများ၊ ခြံတွင်း ပေ (၂၀) အကျယ် ကြားဖြတ် မီးတားလမ်းများ လုပ်ပေးရမည်။ မီးမျှော်စင်ဆောက်လုပ်၍ မီးကင်းစောင့်ခြင်း လုပ်ပေးသင့်သည်။
ပိုးမွှားရောဂါကာကွယ်ခြင်း
အဓိက ဖျက်ပိုးမှာ တောတောင် မြေအနေအထားအရ ရှိတတ်သည့် ပွေး၊ ကြွက် တို့ဖြစ်သည်။
ပွေး - အပင်အား မြေအောက်အတွင်းမှ ဖျက်ဆီးနိုင်ပြီး တူးဖော်သုတ်သင်ခြင်းဖြင့် နှိမ်နှင်းနိုင်သည်။
ကြွက် - အပင်ခြေ အခေါက်အား ခွာစား၍ ဖျက်ဆီးရာ အစာဆိပ်ချခြင်း နှင့် ခိုအောင်းနိုင်သော ခြုံများမရှိစေရန် ရှင်းလင်းပစ်ရသည်။
ရောဂါများအနေဖြင့် ဖိုင်သော့၊ နှင်းမှုန် နှင့် ပန်းနုရောင် ပိုးမွှားရောဂါများ ကျရောက်တတ်သည်။
ဖိုင်သော့/ နှင်းမှုန် - ခံနိုင်ရည်ရှိသော မျိုးကို စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင်သည်။
ပန်းနုရောင်မှို - ပင်စည် အဖျားပိုင်းတွင် ကျရောက်တတ်ပြီး ကိုင်းဖြတ်/ ခေါင်းဖြတ်ခြင်း၊ ဆေးသုတ် ထားခြင်း၊ ဘော်ဒိုဆေးရည် ဖြန်းခြင်းဖြင့်ကာကွယ်နိုင်သည်။
အပင်လုံးပတ်တိုင်းတာခြင်း/အပင်စစ်တမ်းကောက်ယူခြင်း
နှစ်စဉ်နှစ်တိုင်း အပင်ဖွံ့ဖြိုးတိုးတက်လာမှုကို သိရှိစေနိုင်ရန်နှင့် သတ်မှတ်ချိန်တွင်း အစေးခြစ် အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး အပင်လုံးပတ်တိုင်းတာခြင်းနှင့် အမြင့်ပေတိုင်းတာခြင်းများ ပြုလုပ် ဆောင်ရွက် ရပါသည်။ အပင်လုံးပတ်တိုင်းတာခြင်းဖြင့် ရရှိလာသော အချက်အလက်ပေါ် မူတည်ကာ မြေဩဇာလိုအပ်မှု၊ အပင် ပြုစု ထိန်းသိမ်းရန် လိုအပ်မှု၊ သက်ပြည့် အစေးထွက် နိုင်ခြင်းရှိ မရှိ စသည့် မှတ်တမ်းများကို ဆောင်ရွက်နိုင်ပါသည်။ အပင် လုံးပတ်တိုင်းတာရာ၌ မိမိတို့စိုက်ကွက်၏ စိုက်ကွက် ခွဲများ အလိုက် ကိုယ်စားပြုအပင်များယူကာ (အပင် ၂၀ဝဝ တွင် ၂၀ ပင် သို့မဟုတ် ဧက ၄၀ ရှိ အပင် ၈၀ဝဝ တွင် ၅၀ ပင်အား စံယူ) စံထားပြီး တိုင်းတာ တွက်ချက်ရသည်။ မြေဩဇာတုံ့ပြန်မှု၊ ထိရောက်မှု ရှိမရှိနှင့် အပင်၏ ဆက်လက် ဖွံ့ဖြိုးကြီးထွား နိုင်မှု အခြေအနေကို ခန့်မှန်း သိရှိနိုင်ပါသည်။
ကိုးကား- ရွှေရောင်ပြ ရော်ဘာခြံ


ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆောင်ပုဒ်  

"အသက်ရှည်ရှည် နေလိုလျှင် သစ်ပင်စိုက်ပါ"