ခရမ်းချဉ် စိုက်ပျိုးနည်း

Photo - ခရမ်းချဉ်သီးခင်း

၁. စိုက်ပျိုးဒေသ
အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုး ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံ အနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ သမနွေးပိုင်း ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။
၂. သီးနှံမျိုးကွဲများ
ခရမ်းချဉ်ကို အရိုင်းမျိုး၊ မီးဖိုချောင်သုံးဟူ၍ မျိုးခွဲခြား စိုက်ပျိုးလေ့ရှိကြပါသည်။ အရိုင်းမျိုးမှာ အချဉ်ဓါတ် ပါဝင်မှုမြင့်မားပြီး အသီးအရွယ် အစားသေးခြင်း၊ အခွံပါးခြင်းနှင့် အစေ့ပါဝင်မှုများြ ပားခြင်း၊ ရာသီဥတုဒဏ် (အပူချိန် မြင့်မားမှု) ကိုပိုမိုခံနိုင်ရည်ရှိခြင်း၊ ရောဂါဒဏ် ခံနိုင်မှုရှိခြင်းတို့ကြောင့် မျိုးစပ်ခြင်းလုပ်ငန်းတွင် များစွာအသုံးဝင် ပါသည်။ မီးဖိုချောင်သုံးမှာ အလုံး အရွယ်အစား အသင့်အတင့်မျှ ကြီးမားပြီး အစေ့ပါဝင်မှု နည်းပါးသည်။ အနည်းငယ် အေးသောဒေသများတွင် ပို၍ စိုက်ပျိုး ဖြစ်ထွန်းမှု အားကောင်းပါသည်။ စက်ရုံသုံး ခရမ်းချဉ်သီးမျိုးမှာ အခွံထူ အနှစ်များပြီး အသီး ရင့်မှည့်ချိန် ညီညာမှုရှိသည့် အတွက် စက်ဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ပါသည်။
တိုင်ထောင်မျိုး
အပင်ကြီးထွားပုံမှာ အဖျားတွင် အညွန့်နှင့် အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခုကြားတွင် အဆစ် (၂) ဆစ်မှ အထက် ရှိသည်။ ပြုစုစောင့်ရှောက်မှုကောင်းပါက တစ်နှစ်ခံပင် အဖြစ် စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရာတွင် တိုင်ထောင်၊ တန်းပစ်၊ ကြိုးချည်၊ အတက်ဖဲ့ခြင်း လုပ်ငန်းများ မှန်မှန်ဆောင်ရွက်ရန် လိုအပ်ပါသည်။
တိုင်လွတ်မျိုး
အပင်ကြီးထွားပုံမှာ အဖျားတွင် ပန်းခိုင်နှင့် အမြဲတမ်း အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခု ကြားတွင် အဆစ် (၃) ဆစ်သာရှိသည်။ စက်ရုံသုံး ခရမ်းချဉ်သီး အားလုံး ဤအုပ်စုအောက်တွင် ပါဝင်ပြီး မိုးလွတ်ကင်း သော ဆောင်းနှင့် နွေဥတုတွင် စိုက်ပျိုးသည်။
အသီးပုံသဏ္ဍာန်
အသီး အညှာတွင် အစိမ်းရင့်ပါသော မျိုးနှင့် မပါသောမျိုး ဟူ၍ပေါ်လွင်စွာ ခွဲခြားလေ့ရှိသည်။ အသီးထိပ်တွင် ထိပ်ချွန်၊ ထောက်ချွန်၊ ချောနှင ့်ချိုက်ဟူ၍ (၄) မျိုး ခွဲခြားထားပါသည်။ အသီးရောင် အနေဖြင့် အနီ၊ ပန်းရောင်နှင့် အဝါဟူ၍ အုပ်စု (၃) စုခွဲခြားထားပါသည်။
၃. ရာသီဥတု
နွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နံနက်ပိုင်း အပူချိန် ၁၅ ဒီဂရီ စင်တီဂရိတ်တွင် ပန်းပွင့်မှုမှာ အကောင်းဆုံး ဖြစ်သည်။ ညဘက်တွင် အလွန်ခြောက်သွေ့ ပူပြင်းပြီး အပူချိန် ၁၃ ဒီဂရီစင်တီဂရိတ် ထက် နိမ့်ကျလျှင် လည်းကောင်း၊ ခရမ်းချဉ် အပွင့်များ မျိုးမအောင် အသီး မတင်နိုင် ဖြစ်ရသည်။ ပူလွန်းခြင်း၊ အေးလွန်းခြင်း စသည့် လွန်ကဲသော ရာသီဥတု အခြေအနေမျိုးတွင် အပင်ကိုသေစေနိုင်သည်။ ပျှမ်းမျှ အပူချိန် ၁၈-၁၅ ဒီဂရီ စင်တီဂရိတ် ရရှိလျှင် အပင်ဖြစ်ထွန်းမှု အကောင်းဆုံး ဖြစ်ပါသည်။
၄. စိုက်ပျိုးခြင်း
(၁) မြေပြုပြင်ခြင်း
မြေ အခြေအနေပေါ် မူတည်၍ ထယ် ၂ စပ်မှ ၄ စပ်ထိုးပြီး ထွန်ရေးညက်သည် အထိ ၁၆သွား ထွန်ဝင်ပေးရန် လိုအပ်ပါသည်။ ခရမ်းချဉ် အမြစ်သည် တည့်မတ်စွာမြေအနက် ၃ပေခန့် အထိ ဆင်းနိုင်သည့်အတွက် ထယ်ရေး နက်ရန် လိုအပ်သည်။ မိုး များဒေသ တွင်ရေမဝပ်စေရန်ရေ နှုတ်မြောင်း လုပ်ပေးရသည်။ ထွန်ရေး ညက်လျှင် ကြမ်းတုံး ရိုက်၍ တစ်တန်းနှင့် တစ်တန်း ၃ ပေ၊ တစ်ပင်နှင့် တစ်ပင် ၂ ပေခြား စိုက်ပျိုးရပါမည်။
(၂) ရေသွင်းခြင်း
စိုက်ဘောင်ဖြင့် စိုက်ပျိုးပါက ရေလောင်း စနစ်၊ ရေဖြန်း စနစ်၊ အစက်ချစနစ် တို့ကို ဆောင်ရွက်ခြင်းဖြင့် အပင် ဖြစ်ထွန်းမှု ပိုမိုကောင်းမွန်ပါသည်။ မြောင်းဖြင့်ရေပေးသွင်း စိုက်ပျိုးမည် ဆိုပါက ခရမ်းချဉ်ပင်များရွှေ့ပြောင်း စိုက်ပျိုးခြင်း မပြုမီ ရေသွင်းမြောင်းမနှင့် မြောင်းလက်တံများ လိုအပ်သလို ကြိုတင် ပြုပြင် ထားရပါမည်။ မိုးရာသီ စိုက်ပျိုးပါက ဘောင်ဖော် စိုက်ပျိုးရန်နှင့် ရေထုတ်မြောင်းများကောင်းစွာ ပြုလုပ်ထားပြီး၊ အခြေအနေပေးပါက ပလပ်စတစ်ဖြင့် ဖုံးအုပ် စိုက်ပျိုးရန် လိုအပ်ပါသည်။
(၃) ပျိုးထောင်ခြင်း
စနစ်တကျ ပြုပြင်ထားသော ပျိုးဘောင်တွင် တစ်တန်းနှင့် တစ်တန်း ၂ လက်မခြား စိုက်တန်းများဖြောင့်တန်းစွာ ဆွဲ၍ တစ်စေ့နှင့် တစ်စေ့ လက်မဝက်ခြားစီ မျိုးစေ့ တန်းချကာ မြေဆွေးမှုန့်ဖြင့် ခပ်ပါးပါး ဖုံးအုပ်ပေးရန် လိုအပ်သည်။ ပြီးလျှင် ရေဝအောင်လောင်းပေး၍ ကောက်ရိုး၊ မြက်ခြောက်၊ သက်ကယ်(သို့) စပါးခွံဖြင့် ခပ်ပါးပါး ဖုံးအုပ်ပေးထားရန် လိုအပ်သည်။ ခရမ်းချဉ် ပျိုးဘောင် တွင်ရောစပ်ရမည့်မြေ အချိုးနှုန်းမှာ လယ်မြေ နှစ်ဆ၊ မြေဆွေး တစ်ဆနှုန်း ဖြစ်ပါသည်။ ရေလောင်းခြင်းကို နံနက်ပိုင်းတွင် သာဆောင်ရွက်၍ ပိုးမွှားရောဂါ အခြေအနေကို စဉ်ဆက် မပြတ် ကြည့်ရှု စစ်ဆေးပေးရန် လိုသည်။ ရာသီလွန် အခါမဲ့ စိုက်ပျိုးမည်ဆိုပါက ခရမ်းချဉ် မျိုးစေ့များကို (၂.၅ ပေ _ ၁ ပေ _ ၅ လက္မ)အရွယ် ပျိုးသေတ္တာများတွင် အသင့်ရောစပ်ပြီးမြေဆွေးများ ထည့်၍ အထက်ဖော်ပြပါ အကွာအဝေး အတိုင်း အတန်းလိုက် တစ်စေ့ခြင်းစီ ချကာ ပျိုးထောင်ရန် လိုအပ်ပါသည်။ အပင်ပေါက်ပြီး (၁၀-၁၅) ရက်သား ရွက်မှန်(၂) ရွက်ထွက်ချိန်တွင် ၄လက်မ ထိပ်ဝ အချင်းရှိသော ပလတ်စတစ်အိတ်(သို့)ပျိုးခွက်များတွင်ရွှေ့ပြောင်း စိုက်ပျိုးရန် လိုအပ်ပါသည်။ အဆိုပါ ပျိုးခွက်အတွင်း (၂၀-၂၅) ရက် ထားရှိကာ ထာဝရ စိုက်ခင်းသို့ ရွှေ့ပြောင်း စိုက်ပျိုးနိုင်ပါသည်။ ပျိုးဘောင်ဖြင့် ပျိုးထောင်ထားပါက ပျိုးဘောင်ပေါ်တွင် ၄_၂ လက်မ အကွာထား၍ ပျိုးထောင်ပြီး ပျိုးသက် (၃၀-၃၅) ရက်သားတွင်အစိုဓါတ် လုံလောက်သော စိုက်ခင်း အတွင်းသို့ မွန်းလွဲပိုင်း ညနေခင်းများတွင်ရွှေ့ပြောင်း စိုက်ပျိုးနိုင် ပါသည်။
(၄) စိုက်ပျိုးခြင်း
ပျိုးသက် (၃၀-၃၅)ရက်သား (သို့) ပျိုးပင်ရွက်မှန် အဆင့် ၆-၈ရွက်တွင် စိုက်ခင်းသို့ရွှေ့ပြောင်း စိုက်ပျိုးသည်။ မွန်းလွဲပိုင်းနေပူရှိန် စတင် ကျဆင်းချိန်တွင် ကြိုတင်ရေလောင်းထားသော ပျိုးခင်းမှ ပျိုးပင်ကလေးများကို လက်ထိုး တူရွင်းဖြင့် အမြစ် မထိခိုက်စေရန် တူးယူပြီး အမြစ်ကိုပြောင်စင်အောင်ရေဆေး ရမည်။ မစိုက်ပျိုးသေးသော ပျိုးပင်ငယ်များကို အရိပ်အောက်တွင် အမြစ်ရေနှစ်ကာ ထားရှိရန် လိုပါသည်။ တစ်ဧက မျိုးစေ့ ၁၀ဝ ဂရမ်(၆ကျပ်သား)နှုန်း၊ အပင် ၈၀ဝဝ မှ ၁၀ဝဝဝ အထိ ဝင်ဆန့်အောင် စိုက်ပျိုးရမည်။
(၅) အပင်ပြုစုစောင့်ရှောက်ခြင်း
ရွှေ့ပြောင်းစိုက်ပျိုးပြီး ၁၅ ရက်ခန့်အကြာ အပင် လှန်ချိန်တွင် ပထမအကြိမ် ခါးဆွမြေတောင်မြှောက်ပေး၍ မြေဩဇာကျွေးရန် လိုအပ်ပါသည်။ ယင်းအချိန်တွင် မိမိ စိုက်ပျိုးသော မျိုးပေါ်မူတည်၍ တိုင်ထောင်မျိုး ဆိုပါက လိုအပ်သော အတက်ဖဲ့ပေးခြင်း၊ တိုင်ထောင်တန်းပစ်၊ ကြိုးချည်ပေးခြင်း ပြုလုပ်ရမည်။ ခရမ်းချဉ် အတက်ဖဲ့နည်းမှာ ပထမဆုံး ထွက်ရှိလာသော ပန်းခိုင်အောက်ရ ှိအရွက်ကြားမှ ပြူထွက်လာသောဘေးတက်အား သီးကိုင်းအဖြစ် မွေးမြူချန်လှပ်ကာ ကျန်အောက်ဖက်ရှိဘေးတက် အားလုံးကို ဖဲ့ချွေပစ်ရန် လိုအပ်ပါသည်။ စိုက်ပျိုးထားရှိသော ခရမ်းချဉ်ပင်အား ခရမ်းချဉ်သီးဈေးကွက် အခြေအနေအရ လည်းကောင်း၊ မျိုးစေ့ ထုတ်လုပ်ရန် ရည်ရွယ်ထားရှိမှုအရ လည်းကောင်း၊ အပင်ပုံသွင်း ပြုစုနည်းကို(၃)မျိုး ခွဲခြားဆောင်ရွက်နိုင်သည်။

ပထမနည်း- ပင်စည် ၃ ကိုင်းထားရှိခြင်း
တစ်ပင်နှင့်တစ်ပင် ၂ ပေခြား စိုက်ပျိုးလျှင် သင့်တော်ပါသည်။ အပင်လှန်ပြီး ၁၅ ရက်သားတွင် မူလ ပင်စည်မှ ထွက်လာသော ပန်းခိုင်အောက်မှ ကပ်လျက်ဘေးတက်အား ဒုတိယပင်စည် (သီးကိုင်း) အဖြစ် မွေးမြူရပါမည်။ ၎င်းအောက်ရှိ ဘေးတက်များအား ဖဲ့ချွေပစ်ရပါမည်။ ပထမ ပင်စည်မှ ဖူးပွင့်လာသော ဒုတိယ ပန်းခိုင်အောက်ရှိ အရွက်ကြားမှ ထွက်လာသောဘေးတက်နှင့် ဒုတိယ ပင်စည် (သီးကိုင်း)မှ ထွက်လာသော ပထမ ပန်းခိုင်အောက်မှ ကပ်လျက် တည်ရှိသည့် အရွက်ကြားမှ ထွက်လာသောဘေးတက် ၂ ခုအား သန်စွမ်း ကြီးထွားမှု နှိုင်းယှဉ်လေ့လာကာ ပိုမို သန်စွမ်းသည့်ဘေးတက်ကို တတိယ ပင်စည်(သီးကိုင်း) အဖြစ် ဆက်လက်မွေးမြူ ချန်လှပ် ထားရှိပါမည်။

ဒုတိယနည်း- ပင်စည် ၂ ကိုင်းထားရှိခြင်း
အထက်ဖော်ပြပါ ပင်စည် ၃ ကိုင်းထားရှိသည့် အပင် ပုံသွင်း ပြုစု နည်းစနစ် အတိုင်း ဆောင်ရွက်၍ ဒုတိယ ပင်စည် (သီးကိုင်း) ရရှိပြီး ချိန်တွင် ပင်စည် (၂) ကိုင်းလုံးပေါ်ရှိ ထွက်ပြူလာ သမျှသောဘေးတက်များအားလုံး ဖဲ့ချွေပစ် ရန်လိုအပ်ပါသည်။ ကိုင်းဖြတ် ပုံသွင်း နည်းစနစ်သည် သီးနှံဈေးနှုန်းအေးချိန်၊ ကျချိန်များတွင် သီးထွက်နောက်ကျ ထွက်စေရန် အချိန်ဆွဲ စိုက်ပျိုးနည်းစနစ် ဖြစ်ပါသည်။

တတိယနည်း- ပင်စည်ထီးထီးထားရှိခြင်း

ခရမ်းချဉ် ပျိုးပင်အား စိုက်ကွက်ထဲသို့ရွှေ့ပြောင်း စိုက်ပျိုးပြီး အပင်လှန်ချိန်တွင် စတင်၍ မူလ ပင်စည်မှ ထွက်ပြူလာသောဘေးတက်များ အားလုံး ဖဲ့ချွေပစ်၍ ပင်စည် သီးကိုင်း တစ်ခုတည်း ထားရှိစိုက်ပျိုးသော စနစ် ဖြစ်ပါသည်။ ဤနည်းဖြင့် ခရမ်းချဉ် ပင်တန်း အကွာအဝေးကို ၂-၃ ပေအထိ စိုက်ပျိုးနိုင်သည့်အတွက် တစ်ဧကမှ ထွက်လာသော ပန်းခိုင်များကို သီးလာမည့် ခရမ်းချဉ်သီး အရွယ်အစား ကြီးမားခြင်း၊ အရောင်အသွေး ပိုမိုစိုပြေတောက်ပခြင်း စသည့် အကျိုးများရရှိနိုင်ပါသည်။

(၆) မြေဩဇာကျွေးခြင်း

နွားချေး၊ မြေဆွေး (လှည်း) - ၁၈-၂၀ ခန့်
ယူရီးယား ၅၀ ကီလို - ၂ အိတ်
တီစူပါ ၅၀ ကီလို - ၂ အိတ်
ပိုတက်ရှ် ၅၀ ကီလို - ၃ အိတ်

နွားချေး၊ တီစူပါနှင့် ပိုတက်ရှ် တစ်ဝက်တို့ကို မြေပြုပြင်ချိန်တွင် ထည့်သွင်း၍ ကျန်မြေဩဇာများကို အပင်လှန်ချိန်၊ ပန်း စတင်ပွင့်ချိန်၊ ပထမပန်းခိုင် အသီး တင်ချိန်၊ ပထမအကြိမ် အသီး ခူးဆွတ်ချိန်နှင့် ဒုတိယအကြိမ် အသီး ဆွတ်ချိန်တို့တွင် ထပ်မံထည့်သွင်းရန် လိုအပ်ပါသည်။

(၇) ပိုးမွှားရောဂါကာကွယ်ခြင်း
ခရမ်းချဉ် ပျိုးခင်းတွင် အပင်ပေါက်ပြီး ၁၅ရက်သား တစ်ကြိမ်၊ မရွှေ့ပြောင်းမီ၂ရက်ခန့် အလိုတွင် တစ်ကြိမ် ပင်လုံးပြန့် အာနိသင်ရှိသည့် ပိုးသတ်ဆေးများဖြင့် ပက်ဖျန်း ကာကွယ်ပေးရန် လိုအပ်ပါသည်။ ၎င်းအချိန်တွင် မှိုသတ်ဆေးများ ဖြစ်သည့် ဒါကိုနေး၊ တော့(ပ်)ဆင် (၂၀ဝ ဂရမ်/ရေ ၄ လီတာ)နှုန်းကို ပိုးသတ်ဆေးနှင့် အတူရောစပ် ပက်ဖျန်းနိုင်ပါသည်။ ပျိုးခင်းတွင် ခါးရိရောဂါ ကျရောက်တတ်သဖြင့် အထက်ပါ မှိုသတ်ဆေးများဖြင့် ပက်ဖျန်း ကာကွယ်နိုင်ပါသည်။ စိုက်ခင်းတွင် အဓိက ကျရောက်သော ပိုးများမှာ လှေးပိုးနှင့် သီးလုံးဖောက်ပိုးများ ကျရောက်တတ် ပါသည်။ အဓိက ကျရောက်သည့်ရောဂါမှာ လောင်မည်းရောဂါနှင့် ခါးရိတို့ဖြစ်ပြီး မှိုရောဂါများနှင့် ပိုးမွှားများကို သဘာဝ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြုခြင်း၊ ပိုးမွှားမလာအောင် ကာကွယ်ပေးခြင်း၊ ပဲများဖြင့် ရောစိုက်ခြင်းတို့ဖြင့်လည်း ကာကွယ်နိုင်ပါသည်။

၅. ရိတ်သိမ်းခြင်း
အသီးတင်ချိန်မှ ရင့်မှည့်ချိန် အထိ သင့်တော်မည့် အဆင့်တွင် ခူးဆွတ်ရန် လိုအပ်ပါသည်။ ခရမ်းချဉ်သီး အစိမ်းရောင်မှ အစိမ်းဖျော့၊ ထိုမှတဆင့် အဖြူရောင်များလာ ချိန်တွင် ခူးဆွတ်ပါက အဝေးဈေးကွက်သို့ တင်ပို့နိုင်ပြီး၊ လမ်းခရီးတွင် အပျက်အစီး အဆုံးအရှုံး သက်သာမည် ဖြစ်ပါသည်။ ဒေသ ဝန်းကျင်ဈေးတွင်သာ ပို့ဆောင်ရောင်းချမည် ဆိုပါက အပင်ပေါ်တွင်ကောင်းစွာရင့်မှည့်သည် အထိထားရန် လိုအပ်ပါသည်။ စနစ်တကျ စိုက်ပျိုးပါက ကုန်းမြေတွင် အထွက်နှုန်း ၅၀ဝဝ-၈၀ဝဝ ပိဿာ/တစ်ဧက ထွက်နိုင်ပြီး အင်းလေးဒေသတွင် တစ်ဧကလျှင် ပိဿာချိန် ၁၀ဝဝဝ ထွက်ရှိနိုင်ပါသည်။

အစိမ်းရောင်လမ်း

Ref: အစိမ်းရောင်လမ်း သင်ရိုး ညွှန်းတမ်း



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"တမာတစ်ခက် သွားတစ်သက်"