ပုံမှန်ဝင်ငွေရနိုင်သော ကွမ်းသီးပင်

MyintSwe(KoYe)     22/01/2018 17:31 PM     Content Provider - Greenway
Photo - betel-nut

ဒေသ၊ ရေမြေအခြေအနေပေးလျှင် ကွမ်းသီးပင်စိုက်ပျိုးသင့်ကြောင်း၊ တစ်ပင်မှ တစ်နှစ်လျှင် ဝင်ငွေသောင်းချီ၍ ရနိုင်ကြောင်း၊ ကျွန်တော့ ဆရာတစ်ဦးက ပြောဖူးပါသည်။ နေရာဒေသအနှံ့ ကွမ်းယာစားသုံးသူများပြားလာသည်နှင့်အမျှ ကွမ်းသီးအသုံးပြုမှု ရောင်းဝယ်မှု စျေးကွက်ကြီး ကြီးထွားလာသည်ကိုလည်း မကြာသော နှစ်ကာလမှစ၍ သိသိသာသာ ပြောင်းလဲလာသည်ကို မြင်တွေ့နေရပါသည်။ ပြည်တွင်းအသုံးပြုမှုများလာသည်နှင့်အမျှ တစ်ခါတစ်ရံ ကွမ်းသီး မလုံလောက်မှုပင် ရှိလာသည်။ ပြည်ပမှ တင်သွင်းရသည့် နှစ်များရှိလာသကဲ့သို့ ပြည်ပသို့ ကွမ်းသီးပြန်လည် တင်ပို့ရသော စျေးကွက်ဝင်သီးနှံလည်း ဖြစ်နေပါသည်။ ကွမ်းသီးနှင့် ကူးလူးဆက်ဆံနေရသည်မှာ မလေးရှာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ကြပါသည်။ တမူးနယ်စပ်မှ အိန္ဒိယသို့ ပို့ကုန် ၁၅၂ မျိုးတွင် ကွမ်းသီးနှင့် ချင်း (ဂျင်း) တို့ စျေးကွက်ကောင်းကောင်း ရရှိနေသည်။

ပုဂံခေတ်ကာလ စိုက်ပျိုးရေးနှင့် ပက်သတ်၍ စာတစ်စောင် ပြုစုလျက်ရှိနေရာ မိမိသည် ပုဂံခေတ် သီးနှံများစာရင်းကို လှန်လှောရှာဖွေရာ၌ ပထမအများဆုံးစိုက်ပျိုးသီးနှံမှာ စပါးဖြစ်ပြီး ဒုတိယအများဆုံး စိုက်ပျိုးသည့် သီးနှံမှာ ဥယျာဉ်ခြံသီးနှံပင် ကွမ်းသီးဖြစ်နေသည်ကို တွေ့ရသည်။ ယနေ့ခေတ်လိုပင် ကွမ်းယာများ စားနေကြမလားမသိပေ။ ပုဂံခေတ်၊ ပုဂံနေပြည်တော်၊ ပုဂံပြည်ကြီးသည် ယခုကျွန်တော်တို့ တွေ့မြင်နေရသော ကွက်ကွက်သေးသေး ပုဂံမြို့ဟောင်းလေး မဟုတ်ပါ။ မြောက်ဘက်တွင် ဗန်မော်ဘက်ထိရှိသည်။ တောင်ဘက်တွင် တောင်ငူဘက်ထိ၊ အနောက်ဘက်တွင် စေတုတ္တရာ၊ မင်းဘူးဘက်ထိ၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ်ဒေသအစပ်အထိ ကင်းမြို့ ၃၄ မြို့ရှိသော နိုင်ငံကြီးဖြစ်သည်။ သရေခေတ္တရာ ပျက်စီးပြီးနောက် ထွန်းကားလာသော နိုင်ငံကြီးဖြစ်သည်။ ပုဂံခေတ်၏ အဓိက စိုက်ပျိုးရေးထွက်ကုန် ရိက္ခာထောက်ပံ့သည့် စိုက်ပျိုးနယ်ပယ်သည် ကျောက်ဆည်ဒေသနှင့် မင်းဘူး၊ စလင်းဒေသတို့ ဖြစ်သည်။

ဒေသများတွင် ဇော်ဂျီ၊ ပန်းလောင်၊ ငပြောင်၊ မင်းရဲ၊ သင်းတွဲ၊ စမုံ စသည့် မြစ်ချောင်းများနှင့် ကျောက်ဆည်သည် ထိုစဉ်က ၁၁ ခရိုင်ရှိသည်။ မုန်း၊ မန်း၊ စလင်း စသည့် မြစ်ချောင်းများနှင့် မင်းဘူးသည် ခြောက်ခရိုင်ရှိသည်။ မြေအတန်းအစားတွင် လယ်ပြီးလျှင် ဥယျာဉ်ခြံမြေက စျေးကြီးသည့် မြေစျေးဖြစ်သည်။ ကွမ်းပင်စိုက်ထားသော ဥယျာဉ်ခြံမြေသည် ပို၍ စျေးကောင်းကောင်းနှင့် ရောင်းဝယ်ကြသည်ကို လေ့လာမိသည်။ ဆိုလိုချင်သည်မှာ ပုဂံခေတ်ကတည်းက ကွမ်းသီးပင်စိုက်ပျိုး၍ ကွမ်းသီး ရောင်းဝယ်စားသုံးနေကြပြီ။ တောင်ငူသည် ကွမ်းသီးကောင်းကောင်းထွက်ရှိသဖြင့် “ကွမ်းသီးကြိုက်၊ တောင်ငူပို့” ဆိုစကား ရှိခဲ့သည်။ ရှေးဘုရင်များခေတ်ကာလလည်း နန်းတော်တွင်း၌ ကွမ်းရည်တော်၊ ကွမ်းဖိုးထိန်းများ ရှိခဲ့သည်။ ကွမ်းစားရင်းနန်းတော်တိုင်လုံးကို ထုံးတို့မိသဖြင့် မှတ်တမ်းတင်ခံရသော ဝန်ကြီးတစ်ပါးရှိခဲ့သည်။ စာဆိုတော်လူဦးမင်း၏ ကွမ်းဖွဲ့တွင် “တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး၊ ကွမ်းသီးတောင်ငူနှင့် ကိုင်းထုံးဖြူ၊ ပြည်ရှား၊ သာဝါးလို့ထွေး” ဆိုသည့် ကဗျာလင်္ကာ ရှိခဲ့သည်။

ယခုကာလတွင် မြန်မာနိုင်ငံ၌ ကွမ်းယာကို ကျေးလက်မှသည် မြို့တော်၊ မြို့ပြနေပြည်တော်အထိ မြန်မာတွေ “ရဲရဲတောက်” စားသုံးနေကြသဖြင့် မြို့တော်တစ်ခွင် နေရာအနှံ့အလှအပ ပျက်စီးနေပြီ။ ကွမ်းသီးရောင်းဝယ်မှုနှင့် ကွမ်းသီးပင် စိုက်ပျိုးမှုကလည်း ပို၍၊ ပို၍ တိုးတက်များပြားလာသည်။ သို့သော် စိုက်ပျိုးတိုင်းမဖြစ်သည့်ကွမ်းသီးပင်သည် ရေမြေကောင်းရှိရန် လိုအပ်သည်။ အထူးသဖြင့် ရေနှင့်အေးမြသော နေရာ၊ ဥတုရာသီ ကိုက်ညီရန် လိုသည်။ ပူအိုက်စွတ်စိုသော ဥတုရာသီကို နှစ်သက်သည်။ တစ်နှစ်ပတ်လုံး မိုးရေချိန် လက်မ ၈၀ မှ ၂၀၀ ထိ ရွာသွန်းသော ဒေသ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးများ၌ ပို၍ဖြစ်ထွန်းသည်။ ပင်လယ်နှင့်နီးသောဒေသ ပို၍ ဖြစ်သည်။ မိုးရေချိန် လက်မ ၆၀ ခန့်ရွာလျှင်ပင် ရေသွင်းပေးရတော့သည်။ မိုးခေါင်ဒဏ်မခံနိုင်။ မိုးခေါင်ဒေသ၊ ကွမ်းသီးပင်စိုက်လျှင် အပင်ကြီးကြီးမရ။ အပင်ပန်းပွင့်မှုမကောင်း။ နေပြင်းလျှင်၊ နေလောင်မှုကို အပင်မခံနိုင်။ လေပူလေပြင်း၊ တိုက်ခတ်လျှင် အသီးအပွင့်ကြွေ၍ အသီးတင်မှု နည်းသည်။ သို့သော် ဒေသပူပြင်းသော်လည်း၊ အေးမြစိုစွတ်စိမ့်အေးနေသောနေရာတွင် ဖြစ်ထွန်းပွင့်သီးသည်။ တောင်ကြား၊ သျှိုမြောင်၊ စိမ့်စိမ်းရှိ၊ အရိပ်ကောင်းပြီး နေကွယ်ဒေသဖြစ်ထန်းသည်။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ကွမ်းသီးကောင်းစွာသီးသည်။ဤနေရာတွင် တစ်ခုရေးချင်စရာပေါ်လာသည်။ “နေကြာ၊ စိုက်ကြပါ”၊ “ဆီအထွက်သေချာ၊ ဆီထွက် နေကြာစိုက်ကြပါ” ၊ “ရေရာသေချာအောင် နေကြာစိုက်ပါ”၊ ”ဘာပဲစိုက်စိုက် နေကြာသီးညှပ်စိုက်” ဟု ပြောကြ၊ ရေးကြ၊ စည်းရုံး ကြသည်။ ရေမြေ၊ ရာသီဥတု၊ စိုက်ချိန်ကာလ၊ မြေရေနည်းပညာမညှိဘဲ စိုက်လိုက်ကြသဖြင့် နေကြာပင်သည် အပင်အမြင့် နှစ်ပေခန့် နိမ့်နိမ့်လေး နှင့် ကြီးသင့်သလောက် မကြီး၊ ပွင့်သင့်သလောက် မပွင့်၊ အပွင့်အရွယ် လက်ဘက်ရည်ကြမ်းပုဂံလုံး၊ အရွယ်လောက်နှင့် ရှိသင့်သလောက်မရှိဘဲ အထွက်တွင် နာမည်ပျက်ကြရသည်။ ကွမ်းသီးပင်လည်း ဤအတိုင်းပင် ဖြစ်နေပါသည်။ စျေးကွက်ကောင်းသည်ဆိုပြီး ကွမ်းသီးပင် စိုက်ချင်၍ မဖြစ်ပါ။ ရေရှိဖို့ အဓိက လိုအပ်သည်။ ဒေသ၊ ရေမြေကိုက်ညီလျှင် မပင်မပမ်း စိုက်ပျိုး ဖြစ်ထွန်းသည်။ သို့မဟုတ်ပါက အပင်ဖြစ်ချင်ဖြစ်မည်။ အပွင့်ပွင့်ချိန်ရေမရပါက အသီးမတင်နိုင်။ အသီးကင်းဖြစ်ချိန် ရေမရပါက ကြွေကျမြေခ၍ ကွမ်းသီးလုံး ဖြစ်မလာနိုင်ဆိုသည်ကို သိရှိရန် လိုအပ်သည်။ ကျွန်တော်သည် ကွမ်းပင်များ စိုက်ပျိုးထားပါသည်။ ဤအချက်သည် အဓိကအကျဆုံးဖြစ်သည်ကို သိရှိခဲ့ပြီး ဖြစ်ပါသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျေးရွာများ ရောက်ရှိခဲ့စဉ်က အောင်မြင်ဖြစ်ထွန်းနေသော ကွမ်းသီးပင်ခြံကြီးများကို များစွာ မြင်တွေ့ခဲ့ရသည်။ ရေးကွမ်းသီးသည်လည်း တောင်ငူကွမ်းသီးကဲ့သို့ နာမည်ကျော်သည်။ ကွမ်းသီးပင်များ စိတ်စိတ်စိုက်၍ ကွမ်းသီးခူးရာတွင် တစ်ပင်မှတစ်ပင်သို့ အသီးခူးသူသည် လွှဲ၍ ကူးသွားပြီး သီးခိုင်ခူးကြသည်။

မြန်မာနိုင်ငံတစ်ဝှမ်း ကွမ်းသီးပင် စိုက်ပျိုးမှုစာရင်းဇယားကြည့်ပါက မကွေးတိုင်းဒေသကြီးတွင် နည်းပါးပြီး ကျန်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စိုက်ပျိုးမှုကောင်းကြပြီး မြန်မာနိုင်ငံအောက်ပိုင်း မိုးများသည့်ဒေသ၌ စိုက်ဧကများသည်။ တစ်ပြည်လုံးစိုက်ဧက သိန်းဂဏန်းဝန်းကျင်သာရှိ၍ ကွမ်းသီးအသီးအခြောကပိဿာ သိန်း ၂၀၀ ကျော် နှစ်စဉ် ထွက်ရှိသည်။ တစ်ဧက ကွမ်းသီး အစို (အခွံမပါ) ပိဿာ ၁၈၀၀ မှ ၃၆၀၀ ထွက်ရှိသည်။ ကွမ်းသီးအခြောက်ပိဿာ ၅၄၀ မှ ၁၁၀၀ ခန့်သာ ထွက်ရှိနေသေးသည်။ ကွမ်းသီးပင်တစ်ပင်မှ အသီးအကြီးအသေး သောင်းပြောင်း အသီး ၅၀၀ ကျော် ထွက်ရှိရာ ကွမ်းသီး အစိုအလေးချိန် လေးပိဿာ အနည်းဆုံးထွက်နိုင်သဖြင့် တစ်ပင်မှ အနည်းဆုံးဝင်ငွေ ကျပ်နှစ်သောင်း ရနိုင်သေးသည်။ ရောင်းတန်းဝင် စျေးကွက်၌ ရွေးကွမ်းသီးသည် ပေါက်စျေး အမြင့်ဆုံး ရရှိနိုင်သည်။ ကွမ်းသီးပင်မှ အသီးသုံးကြိမ်၊ လေးကြိမ်ထိ ဆွတ်ခူးလေ့ရှိသည်။ ကွမ်းသီးပင်သီးကာစမှ တစ်ပင်လျှင် တစ်နှစ်ပန်းခိုင် သုံးခိုင်ခန့် ထွက်လေ့ရှိပြီး၊ ပန်းခိုင်တစ်ခိုင်တွင် ကွမ်းသီး ၃၀ ခန့်ပါရှိတတ်သည်။ နောက်ပိုင်းနှစ်များတွင် တစ်ပင်မှ ပန်းခိုင်ငါးခိုင်ထိ ထွက်လာပြီး ပန်းခိုင်တစ်ခိုင်လျှင် သီးလုံး ၂၅၀ ထိ သီးလာသဖြင့် ဝင်ငွေကောင်းလာသည်။ အောက်တိုဘာ၊ နိုင်ဝင်ဘာ၊ ဒီဇင်ဘာလများတွင် ကွမ်းသီးရင့်မှည့်ပြီး သီးအားကောင်းကြသည်။

ကွမ်းသီးခိုင်တစ်ခိုင်မှ မှည့်ဝါနေသော အသီး၊ ရွန်းပြင်းကွမ်းသီးနှင့် ကွမ်းသီး အစိမ်း တို့ရသည်။ တစ်ချို့မှာ မှည့်ဝါပြီး လိမ္မော်ရောင်သန်လာ၍ ကြွေကျသော အသီးကို ကောက်ယူကြသည်။ တစ်ချို့က အသီးခိုငလိုက် ဒါးကောကတပ်ထာသည့် ဓါးဖြင့် သီးခိုင်မျာ ချိတ်ဆွဲခူးကြသည်။ ရေးမြို့နယ်ဘက်ရှိ ကွမ်းသီးခြံများတွင် အပင်များ ခပ်စိပ်စိပ်စိုက်ပျိုးထားကြပြီး အမြင့်ပေ ၃၀ ကျော်ခန့်ရှိကြရာ တစ်ပင်မှတစ်ပင် အသီးခူးသူက ကူးပြောင်းသွားပြီး အသီးခူးကြသည်။ ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၌ ကွမ်းသီးကို အခွံခွါ၍ ပြုပြင်ပြီးမှ စျေးကွက်ပို့ကြသည်။ ခွာ၍ရသော ကွမ်းသီးခွံကို စိုက်ပျိုးရေး မြေဆွေးအဖြစ် အသုံးပြုကြသည်။ တောင်ငူမြို့နယ်တွင် ကွမ်းသီးကို နေပူခံအခြောက်လှန်းပြီးမှ အမှေးပါးနှင့် အခွံခွာသည်။ ပြောင်ကွမ်သီးဟု ခေါ်သည်။ အဝါရောင်ပြောင်းစ ကွမ်းသီးကို ခူးပြီး ရွန်းပြင်းသီးကို ရေသုံးကြိမ်ခန့်ဆေးပြီး ထပ်မံ၍ နေလှန်းကာ ရရှိသော ကွမ်းသီးကို ရွေးကွမ်းသီးဟုခေါ်သည်။ ကွမ်းသီးအနု၊ အခွံအစိမ်းရောင်မှာ အစိုအတိုင်း အခွံခွာ၍ လွယ်သည်။ နေပူလှန်းပါက ကွမ်းသီးဆံသည် ရှုံ့တွန့်ပြီး ကျံု့သွားသည်။ ၍ လွယ်သည်။ နေပူလှန်းပါက ကွမ်းသီးဆံသည် ရှံု့တွန့်ပြီး ကျံု့သွားသည်။ ၎င်းကို ကြက်ချေးကွမ်းသီးဟုခေါ်သည်။ စျေးနှုန်းမှာလည်း အနည်းဆုံးဖြစ်သည်။ မွန်ပြည်နယ်တွင် ရင့်မှည့်သော ကွမ်းသီးကိုခူး၍ ထိပ်စနှစ်ဖက်ဖြတ်ပြီး အခွံခွာနေလှန်း၍ အစိုဓါတ်နှင့် ရေကို ဖယ်ထုတ်သည်။ ထို့နောက် ထပ်မံ၍ အအေးခံသည်။ ထို့နောက် အခွံကိုခွဲကြည့်ကာ အလယ်တွင်ခြောက်၍ အရောင်ဖြူမှ စျေးကွက်ပို့ရောင်းချကြသည်။

ကျွန်တော်တို့မြန်မာနိုင်ငံတွင် စိုက်ပျိုးနေကြဆဲ ကွမ်းသီးမျိုးများမှာ ၁၉၅၃ ခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကွမ်းသီးပင်စီမံကိန်းချမှတ်၍ ဆောင်ရွက်ခဲ့စဉ်က မလေးရှားမှ တင်သွင်းခဲ့သော ကွမ်းသီးမျိုးဖြစ်သည်။ ထိုစဉ်က ကွမ်းသီးပင်ဧက ၅၀၀၀၀ ကို ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ မော်လမြိုင်၊ တနင်္သာရီ၊ ထားဝယ်၊ မြိတ်၊ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ငူ၊ မတ္တရာမြို့နယ်တို့တွင် စိုက်ပျိုးခဲ့သည်။ မျိုးများတွင် ကွမ်းသီးလုံးချွန်မျိုး၊ အဝိုင်းမျိုး၊ ချည်ဝင်ကွမ်းသီး၊ အိုးပေါကကွမ်းသီး၊ မိချောင်းခေါင်း၊ အူဖြူမျိုး၊ အူနီမျိုးတို့ကို စိုက်ခဲ့ကြသည်။ ကွမ်းသီး၏ အလုံးအရွယ်အစား၊ ပုံပန်းသဏ္ဌန်၊ အဖန်ဓါတ်ပါဝင်မှုကို မူတည်၍ မျိုးများခွဲခြားကြသည်။

ကွမ်းသီးရောင်းဝယ်မှု စျေးကွက်သည် ၁၉၈၀ ခုနှစ်နောက်ပိုင်း၌ ကြီးမားကျယ်ပြန့်လာသည်။ အိမ်နီးချင်းနိုင်ငံများတွင် မြန်မာနိုင်ငံထက် အသီးထွက်ပိုကောင်းသော ကွမ်းသီးမျိုးများ များစွာရှိသဖြင့် မျိုးပြောင်းလဲစိုက်ပျိုးမှု၊ မျိုးသစ်တင်သွင်းမှု ပြုလုပ်သင့်ပါသည်။ မလေးရှားနိုင်ငံမှလည်း ကွမ်းသီးအဝယ်ရှိနေသဖြင့် မြန်မာနိုင်ငံမှ တင်ပို့နေကြရသေးသည်။
ပုဂံပြ်ည် နှင့် သထုံပြည်တို့ ထွန်းကားခဲ့သော ကာလက စိုက်ပျိုးစားသုံးမှုများပြားခဲ့သော ကွမ်းသီးသည် ယနေ့တွင်လည်း ကွမ်းယာစားသုံးမှုနှင့်အတူ ကွမ်းသီးစျေးကွက် ရှိနေဆဲဖြစ်ပါသည်။ ထို့ကြောင့် လယ်သမား၊ ယာသမား၊ တောင်သူဦးကြီများသည် လယ်ယာသီးနှံနှင့် တွဲဖက်၍သော်လည်းကောင်း၊ ဥယျာဉ်ခြံများတွင်ဖြစ်စေ၊ မိမိအိမ်ခြံမြေယာ၌ ခြံတွင်းသီးနှံဖြစ်စေ၊ ကွမ်းသီးပင်ကို ရေမြေအဆင်ပြေလျှင် အနည်းဆုံး ၁၀ ပင်မှ အပင် ၂၀၊ အပင် ၅၀ နေအိမ်ပတ်လည် စိုက်ပျိုးထားခြင်းဖြင့် ဝင်ငွေမပြတ် ထောက်ကူရရှိနိုင်ပါသည်။ ကန်၊ ချောင်း၊ မြစ်ကမ်းဘေး ဝဲယာနှင့် ရေရရှိမှုကောင်းလျှင် ကွမ်းသီးပင်စိုက်ပျိုးပါဟု တစ်ဖက်မှ ဝင်ငွေရနိုင်သော စျေးကွက်ဝင်သီးနှံကို ညွန်းဖော်လိုက်ရပါသည်။

ကိုရဲ (စိုက်ပျိုးရေး)



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"နတ်တော်၊ ပြာသို ကြံဖျားချို"