ဂျပန်ကုမ္ပဏီတစ်ခုမှ ဒန့်ဒလွန်သီးထုတ်ကုန်များကို ဝယ်ယူရန် သင်္ကြန်နောက်ပိုင်း ဆက်လက်ဆွေးနွေးမည်

Photo - photo - indiaMART

ဂျပန်အခြေစိုက်ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံမှ ထွက်ရှိသော ဒန့်ဒလွန်သီးထုတ်ကုန်များကို ဝယ်ယူရန်အတွက် သင်္ကြန်ကာလနောက်ပိုင်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဒန့်ဒလွန်နှင့် ရဲယိုသီးစိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့ (ယာယီ)မှ သိရသည်။ 

အဆိုပါကုမ္ပဏီအနေဖြင့် ဒန့်ဒလွန်ထုတ်ကုန်များကို နမူနာစမ်းသပ်ယူသွားပြီး ဝယ်ယူမည့် တန်ချိန်ပမာဏနှင့် ဈေး နှုန်းများကို ဆက်လက်ဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။ 

"သူတို့က အခုမှဝယ်မယ်လို့ပဲ ပြောရသေးတယ်။ ကျန်တာဘာမှ အထွေအထူး စကားတွေမပြောရသေးဘူး။ သူတို့က နမူနာပဲယူသွားသေးတယ်။ အဲ့ဒါကိုမှ သူတို့ကြိုက်တယ်ဆိုရင် သူတို့နိုင်ငံမှာ ဖြန့်ဖြူးဖို့ရာလုပ်မယ်။ ဘယ်လိုလုပ်မယ်ဆိုတာ မပြောရသေးဘူး။ ဒန့်ဒလွန်ရဲ့ ထုတ်ကုန်တွေပေါ့။ ဒန့်ဒလွန်အစေ့၊ အဆီနဲ့ အရွက်ခြောက်အမှုန့်ကို ယူမှာပါ။ အဲ့ဒါက သင်္ကြန်ပြီးမှပဲ ဆက်လက်ဆွေးနွေးဖြစ်မယ်။" ဟု  မြန်မာနိုင်ငံ ဒန့်ဒလွန်နှင့် ရဲယိုသီးစိုက် ပျိုးထုတ်လုပ်သူများအစုအဖွဲ့ (ယာယီ) ဥက္ကဋ္ဌ ဦးမြင့်ကိုက ပြောသည်။ 

လက်ရှိတွင် ဒန့်ဒလွန်ပင်မှ ထုတ်လုပ်ရရှိသော ထုတ်ကုန်များကို ထိုင်ဝမ်၊ အမေရိက၊ တရုတ်နှင့် ကိုရီးယားနိုင်ငံတို့ကိုလည်း နမူနာပေးပို့ထားပြီး ၂၀၁၈ ခုနှစ်မှစတင်၍ ပြည်တွင်းဈေးကွက်၌ သုံးစွဲမှုများရှိလာသလို ပြည်ပနိုင်ငံများသို့ စမ်းသပ်တင်ပို့မှုများရှိလာကြောင်း သိရသည်။

ဒန့်ဒလွန်သီးကို အစေ့ထုတ်ခြင်း၊ အစေ့ကို အမှုန့်ကြိတ်ခြင်း၊ အရွက်ကို အမှုန့်ကြိတ်ခြင်းတို့ကို ထုတ် လုပ်လျက်ရှိ ၍ ပြည်တွင်းဈေးကွက်တွင် ဒန့်ဒလွန်သီးအမှုန့် တစ်ကီလိုလျှင် ၆၀၀၀၀ ကျပ်၊ ဒန့်ဒလွန်သီးအစေ့ ၁၀ မီလီလျှင် ၅၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဒန့်ဒလွန်ရွက်လက်ဖက်ခြောက်၊ ရေမွှေးတို့ကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ပြည်ပကိုတင်ပို့ဖို့အတွက် နိုင်ငံတကာအရည်အသွေး စံချိန်စံနှုန်းမီအောင်တော့ ကြိုးစားရတာပေါ့။ အခုက တစ်ကီလိုကို ခြောက်သောင်းရောင်းနေတယ်။ ဥရောပ၊ အာဖရိကဘက်ကလည်း အသုံးများနေတော့ ဈေးကွက်အလားအလာက ကောင်းပါတယ်။ ဒန့်ဒလွန်စိုက်ပျိုးတာက အခက်အခဲမရှိပေမယ့် တောင်သူတွေအနေနဲ့ အချို့ကိုကမစိုက်ချင်ကြတော့ လက်လှမ်းမီသလောက်တော့ စိုက်ဖို့ ပြောပြနေရတာပေါ့။" ဟု ဦးမြင့်ကိုက ပြောသည်။ 

ပြည်တွင်းဈေးကွက်တွင် ဒန့်ဒလွန်အရွက်မှုန့်ကို ကျန်းမာရေးဓာတ်စာအနေဖြင့် အသုံးများပြီး၊ သွေး တိုးရောဂါ၊ လေ ငန်းရောဂါ၊ သွေးတွင်း အဆီဓာတ်များခြင်း၊ ဆီးချိုရောဂါတို့အတွက် အသုံးပြုကြကြောင်း သိရသည်။

ပြည်တွင်းတွင် ဒေသမျိုးထက် အိန္ဒိယနှင့် ဗီယမ်နာမ် ဒန့်ဒလွန်မျိုးများကို စီးပွားဖြစ် စိုက်ခင်းများဖြင့် တိုးချဲ့စိုက်ပျိုးလာကြပြီး အပူပိုင်းသီးနှံဖြစ်သော်လည်း ဒေသမရွေးဖြစ်ထွန်းကာ ရာသီမရွေး စိုက်ပျိုးနိုင်သကဲ့သို့ စိုက်ပျိုးပြီး ခြောက်လခန့်အကြာတွင် စတင်အသီးသီးပြီဖြစ်၍ ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်ကြောင်း သိရသည်။

သို့သော် အပူပိုင်းဒေသတွင်း စိုက်ပျိုးမှုမှာ အအေးပိုင်းဒေသတွင် စိုက်ပျိုးမှုထက် ပိုမိုဖြစ်ထွန်းလွယ်ကြောင်းသိရသည်။ 

အေးအေးမြင့် (ABM)

 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆိုရိုးစကား  

" နိုင်ငံဖွံ့ဖြိုးတိုးတက်လာလေလေ အသားစားမှုနှုန်းမြင့်တက်လာလေ ဖြစ်သည် "