သရက်ပင်နှင့် နှစ်ခြားသီးပွင့်ခြင်း ပြဿနာ

HanPhyoAung     16/01/2018 11:20 AM     Content Provider - Greenway
Photo - mango

သရက်ပင်သည်လည်း ပန်းသီး၊ မက်မွန်နှင့် လိမ္မော် တို့ကဲ့သို့ နှစ်ခြား သီးပွင့်မှု အလေ့အထရှိသော အပင် အုပ်စုတွင် ပါဝင်ပါသည်။ သရက်ပင်နှင့် နှစ်ခြားသီးပွင့်သော အလေ့အထမှာ အပင်၏ မျိုးရိုးလိုက်ခြင်း လက္ခဏာတစ်ရပ် ဖြစ်သည်ဟု ယုံကြည် ယူဆကြသော်လည်း ၎င်း၏ ဇီဝ ကမ္မဗေဒဆိုင်ရာ ချို့ယွင်းချက်များ၊ ပတ်ဝန်းကျင် အခြေအနေများ၊ ရာသီဥတု၊ ပိုးမွှားရောဂါနှင့် အာဟာရဓာတ ်မညီမျှမှုတို့ကြောင့်လည်း များစွာ လွှမ်းမိုးမှုရှိနေကြောင်းကို တွေ့ရှိလာကြသည်။

သရက်ပင် အများစုသည် အပင်အို လာသောအခါ နှစ်ခြားသီးပွင့်မှု ပြဿနာများ ပေါ်လာလေ့ရှိတတ်ကြသည်။ အကြောင်းမှာ ၎င်းသက်ကြီး အပင်အိုများမှ နောက်လာမည့် ရာသီတွင် သီးပွင့်မည့် ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုများကိုသာ ထုတ်ပေးတတ်လာကြခြင်း ဖြစ်သည်။

ထို့ကြောင့် သရက်ပင်သည် အပင် သက်တမ်းငယ်စဉ်တွင် နှစ်စဉ်ပုံမှန် သီးပွင့်လေ့ရှိသော်လည်း များသောအားဖြင့် အပင်သက်တမ်း ၁၀ နှစ်နှင့် အထက် ရှိလာသောအခါ ပုံမှန် အသီးတင်မှု မရှိတော့သည်ကို တွေ့ရတတ်သည်။ အဓိက အကြောင်းရင်းမှာ အပင်အိုများသည် ပန်းပွင့်များအပြင် အရွက်၊ အညွန့် ပမာဏ အလုံအလောက် ထုတ်လုပ်ရန် စွမ်းဆောင်ရည် နည်းလာခြင်းကြောင့် ဖြစ်နိုင်ဖွယ်ရှိပေသည်။ အမှန်တကယ် အပင်အိုများတွင် သဘာဝအားဖြင့်လည်း တစ်နှစ်တွင် ပန်းများ လှိုင်လှိုင် ပွင့်တတ်၍ ပင်ပိုင်းဆိုင်ရာ ကြီးထွားမှု နည်းပါးတတ်ပြီး နောက်နှစ်တွင် ပင်ပိုင်းဆိုင်ရာ ကြီးထွားမှု များလာ၍ ပန်းပွင့်မှု နည်းပါးသွားတတ်သော အလေ့အထရှိကြသည်။ ထိုအလေ့အထအား နှစ်ခြား သီးပွင့်ခြင်း (Alternate bearing or Biennial bearing) ဟု သတ်မှတ်ကြသည်။

သရက်ပင်သည် ထိပ်ဖျားပိုင်းရှိ အဖူးများများမှ ပန်းပွင့် အသီးတင်လေ့ရှိသည်။ ကြားဖူးများ (Auxiliary buds) မှမူ အသီးတင်ခဲသည်။ တစ်နှစ်တွင် အသီးတင်ခဲ့သော ထိပ်ဖျားကိုင်းသည် နောက်လာမည့် ရာသီတွင် အရွက်အညွန့်များသာ ထွက်လေ့ရှိကြသည်။ အလားတူပင် တစ်နှစ်တွင် အရွက်အညွန့်များ ထွက်ခဲ့သော ကိုင်းဖျားများသည်လည်း နောက်လာမည့်ရာသီတွင် အသီးများသာ တင်တတ်သည်။ ရာသီဥတုနှင့် အာဟာရဓာတ်များ အခြေအနေပေးလျှင် တစ်နှစ်တွင် ထိပ်ဖျားကိုင်းများ၏ ၉၀% သည် အသီးများတွင်နိုင်ပြီး ကျန် ၁၀% သည် အရွက် အညွန့်များသာထွက်ပြီး အလားတူပင် နောက်လာမည့် ရာသီတွင် ထိပ်ဖျားကိုင်းများ၏ ၉၀% သည် အရွက်ညွန့်များ သာထွက်ပြီး ကျန် ၁၀% ကိုင်းများသာ အသီးတင်နိုင်ပေသည်။

ပန်းပွင့်များများ ထွက်ရန်အတွက် ရင့်ပြီးသား ကိုင်းတစ်ကိုင်းတွင် နိုက်ထရိုဂျင် ပါဝင်မှု အချိုးထက် ကာဘိုဟိုက်ဒရိုတ် ပါဝင်နှုန်း များများရှိသင့်သည်။ ယင်းသို့ မဟုတ်ဘဲ အကယ်၍ ကာဘိုဟိုက်ဒရိုတ် ရာခိုင်နှုန်းထက် နိုက်ထရိုဂျင် ပိုနေမည်ဆိုလျှင် ထိုကိုင်းသည် အရွက်များသာပို၍ ထွက်လာဖို့ အလားလာ ရှိပေသည်။ အပင်တစ်ပင်တွင် ၎င်းကာဘိုဟိုက်ဒရိုတ်/နိုက်ထရိုဂျင်အချိုးများမှု/နည်းမှုသည် ရာသီဥတုပြောင်းလဲမှု၊ စိုက်နည်းစနစ် ပုံစံနှင့် အာဟာရဓာတ်များ ထည့်သွင်းမှုတို့ကြောင့်လည်း ဖြစ်နိုင်ပေသည်။ ပန်းပွင့်မှု အတွက် ကာဘိုဟိုက်ဒရိုတ် အလုံအလောက် ရရှိစုဆောင်းနေရန် ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုသည် ဩဂုတ်/စက်တင်ဘာလအထိ ဆက်လက် ကြီးထွားနေသင့်ပြီး ပန်းမပွင့်မီ ၃-၄ လခန့်အထိ အနည်းဆုံးနားနေသင့်သည်။ ၎င်းကာလအတွင်း ကိုင်းဖျားများတွင် ကာဘိုဟိုက်ဒရိုတ် ပမာဏ တိုးလာပြီး ပန်းဖူးများလည်း ပွင့်အာလာနိုင်သည်။

သရက်ပင်၏ နှစ်ခြားသီးပွင့်ခြင်းသည် ဆိုးရွားသာ ရာသီဥတု အခြေအနေ၊ ပိုးမွှားရောဂါ ပြင်းပြင်း ထန်ထန် ကျရောက်မှုနှင့် အပင်တွင်းရှိ အာဟာဓာတအချိုး မညီမျှမှုတို့နှင့်အတူ ဆက်လက်၍ ဖြစ်ပေါ်နေနိုင်ပေသည်။ ဥပမာ- အသီးတင်မှုနည်းသောနှစ်တွင် မိုးရေ အလုံအလောက် မရရှိခြင်းကြောင့် အစိုဓာတ်ချို့တဲ့ခြင်း၊ ထွန်ယက် ပြုစုမှု မရှိခြင်းနှင့် မြေကြီးမှ နိုက်ထရိုဂျင် အလုံအလောက် မပံ့ပိုးနိုင်မှုတို့ကြောင့် အပင်၏ ကျန်းမာရေး အခြေအနေသည် ပုံမှန်မရှိလျှင် လုံလောက်သော ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကို မထုတ်လုပ်နိုင်တော့ပေ။

ထို့ကြောင့် သရက်ပင်သည် နောက်လာမည့် နှစ်တွင်လည်း ဆက်လက်၍ အသီးတင်မှု နည်းပါးလျက် ရှိတတ်သည်။ ထို့အတူပင် အသီးတင်မှု များသောနှစ်တွင်လည်း ပန်းပွင့်များအားပိုးမွှားရောဂါနှင့် လေပူတိုက်ခတ်မှုတို့ကြောင့် ဖျက်ဆီးခံရလျှင် (သို့) ပန်းပွင့်ချိန် အတွင်း အချိန်အခါမဟုတ်မိုးရွာခဲ့လျှင် အဖူးအပွင့်များသည် လုံးဝပျက်စီးဆုံးရှုံးသွားပြီး အသီးတင်မည့်နှစ် (On year) သည်လည်း နောက်ဆုံးတွင် အသီးတင်မှုနည်းပါးသောနှစ် (Off year) အဖြစ် ပြောင်းလဲသွားတတ်သည်။ ပုံမှန်အားဖြင့် အသီးအများအပြားတင်မည့် ပန်းပွင့်ပွင့်နေသော ကိုင်းဖျားများ၏ သိုလှောင်ထားသော အစာများသည် နောက်လာမည့်ရာသီတွင် ပန်းလှိုင်လှိုင်ပွင့်အသီးတင်မည့် ပင်ပိုင်းဆိုင်ရာရွက်နုများထွက်ခြင်းအဖြစ် အပင်မှ အသုံးပြု ပစ်လိမ့်မည်ပင်ဖြစ်သည်။

အသီးတင်မှုများသော နှစ်များ၏ တစ်နှစ်နှင့် တစ်နှစ်ကြား ကာလသည် ကောင်းစွာပြုစု စောင့်ရှောက် စိုက်ပျိုးသော သရက်ခြံများတွင် ကာလတိုတတ်သည်။ ပြုစုစောင့်ရှောက်မှု မရှိသော/ ညံ့ဖျင်းသော သရက်ခြံများတွင် ပို၍ ဝေးကွာတတ်ပါသည်။ မျိုးတူအပင်များ အားလုံးတွင် တစ်ချိန်တည်း၌ အသီးတင်သောနှစ်နှင့် အသီးမတင်သောနှစ်များအဖြစ် မရှိတတ်ပေ။ သို့သော်လည်း မျိုးတစ်မျိုးထဲရှိ အပင်တစ်ပင်တည်းမှာပင် ပြီးခဲ့သော ရာသီမှ ၎င်း၏ တစ်သျှူးများထဲတွင် အစာထုတ်လုပ်သိုလှောင် စုဆောင်းထားနိုင်မှု စွမ်းအားအတိုင်း အသီးတင်သောနှစ်နှင့် အသီးမတင်သောနှစ်အဖြစ် ရှိတတ်ပေသည်။ ဖြစ်လေ့ဖြစ်ထရှိသည်မှာ ပန်းပွင့်မှုများသော ကာလနှစ်ခု၏ ကြားကာလများသည် တစ်ကြိမ်တွင် ၂ နှစ်ခြားဖြစ်နိုင်ပြီး နောက်တစ်ကြိမ်တွင် ၃-၄ နှစ်ခြားလည်းဖြစ်နိုင်ပေသည်။ သရက်ခြံ တစ်ခြံအတွင်းရှိ အပင်များတွင်ပင် တစ်ပင်နှင့် တစ်ပင် မတူညီတတ်ပေ။

နှစ်ခြားသီးပွင့်သော အလေ့အထသည် သရက်မျိုး အားလုံးတွင်တော့ မရှိပေ။ များသောအားဖြင့် ထိပ်ဖျားပိုင်း ပန်းခိုင်များထွက်ပြီး ကြားပန်းခိုင် အစုအဝေး (auxiliary type of flower cluster) ထွက်သောမျိုးများသည် နှစ်ခြား သီးပွင့်သော အပင်များအဖြစ် သိသာတတ်ပြီး ကြားပန်းခိုင် (auxiliary inflorescence) ထွက်မှု ရာခိုင်နှုန်းများသော မျိုးများသည် အတန်သင့် ပုံမှန် နှစ်စဉ် သီးပင်များ (regular bearers) အဖြစ် တွေ့ရတတ်သည်။

“ မြန်မာ့ သရက်မျိုးများတွင် နှစ်ခြားသီးပွင့်ခြင်း အလေ့အထရှိသည့် သတိထားမိသော မျိုးများမှာ ချိုးရုပ်၊ ဝက်သခေါက်၊ ပန်းဆွဲနှင့် စိန်တလုံး တို့ဖြစ်ပြီး နှစ်စဉ် ပုံမှန် သီးအပင်များအဖြစ် သတိထားမိသော သရက်မျိုးများမှာ မန္တလေးရင်ကွဲ၊ သုံးလုံးတစ်ထောင် စသည့်တို့ဖြစ်သည်။”

နှစ်ခြားအသီးတင်မှု နည်းပါးရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုမှာ အာဟာရ ဓာတ်ချို့တဲ့မှု (အထူးသဖြင့် နိုက်ထရိုဂျင်ဓာတ်) ဖြစ်ကြောင်းကို အိန္ဒိယမှ သုတေသီများမှ သုတေသနများဆောင်ရွက်လေ့လာခဲ့ခြင်းဖြင့် တွေ့ရှိခဲ့ပြီး ဖြစ်သည်။ အပင်အားကောင်းစွာ ပြုစု ထွန်ယက်ပြီး မြေဩဇာနှုန်းထား များများဖြင့် ကျွေးသောအခါ အသီး တင်သောနှစ်မှာပင် အပင်မှ ပင်ပိုင်းဆိုင်ရာ ကြီးထွားမှု အတန်သင့် ထုတ်ပေးပြီး အသီးတင်မှု နည်းပါးသော နှစ်များတွင် အသီးတင်မှု များလာကြောင်း တွေ့ရှိယူဆခဲ့သော်လည်း နောက်ပိုင်းတွင် သိပ်မသေချာလှကြောင်းကို တွေ့လာကြပြန်သည်။

နှစ်ခြား သီးပွင့်ခြင်းအားကျော်လွှားရန် တချို့ သုတေသီများက အကြံပြုကြသည်မှာ ပန်းပွင့်ခြွေပေးခြင်းနှင့် အသီးကင်းများအား ခြွေပေးခြင်းဖြစ်သည်။ အသီးတင်သောနှစ်တွင် ပန်းပွင့်များ ထွက်လာခြင်းအား ၎င်းတို့၏ တဝက်ခန့်ကို ဖယ်ရှားပစ်ရန် ဖြစ်သည်။ အကြောင်းမှာ ထိုပန်းပွင့်များခြွေထားသော အညွန့်အခက်များမှ အစာများကို ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုတွင် အသုံးပြုနိုင်ရန်ဖြစ်သည်။ ၎င်းအညွန့်အခက်များ ရင့်မှည့်လာပြီး နောက်လာမည့် ပုံမှန် အသီး မတင်မည့်နှစ်တွင် အသီးတင်မှု များလာစေရန် ဖြစ်သည်။ တနည်းအားဖြင့် အသီးတင်မှုများသောနှစ်၏် နှုန်းထား တစ်ဝက်ကို လျော့၍ နောက်လာမည့် အသီးတင်နည်းသည့် ရာသီတွင် ပွင့်ခိုင်း/သီးခိုင်းခြင်း ဖြစ်သည်။ ယင်းနည်းသည်လည်း မျိုးကိုလိုက်၍ ကွာခြားတတ်ကြောင်း သုတေသနရလဒ်များအရ တွေ့ရှိလာရပြန်သည်။

နောက်အခြားနည်းတစ်ခုမှာ သရက်ပင်အား အခေါက်ခွာပေးခြင်း ဖြစ်သည်။ အပင်အား အခေါက်ခွာ ပေးခြင်းဖြင့်လည်း အသီးမတင်သောနှစ်တွင် အသီးတင်မှုများလာကြောင်းကို တွေ့ရှိခဲ့ကြသည်။ အခေါက်ခွာခြင်းမှာ ခြောက်လက်မ လုံးပတ်အတုတ်ရှိ ကိုင်းပေါ်တွင် ၂ စင်တီမီတာအကျယ်ခန့် အခေါက်အား ရစ်၍ ခွာပေးခြင်းဖြစ်သည်။ ၎င်းအခေါက်ခွာခြင်း၏ ရည်ရွယ်ချက်မှာ ပင်ပိုင်းဆိုင်ရာ ကြီးထွားမှုအား ရပ်တန့်ပစ်ရန်နှင့် အခေါက်ခွာထားသော ကိုင်း၏ အထက်ပိုင်းတွင် ကာဘိုဟိုက်ဒရိုတ် ပမာဏ များလာရန် ဖြစ်သည်။ ကိုင်းခက်များတွင် ကာဘိုဟိုက်ဒရိုတ် ပမာဏ များလာအခါ ပင်ပိုင်းဆိုင်ရာကြီးထွားမှုအစား ကိုင်းဖျားများတွင် ပန်းပွင့်များ ဖြစ်ပေါ်လာနိုင်ပေသည်။ အခေါက်ခွာခြင်းကို ပန်းမပွင့်မီ အနည်းဆုံး ၄ လခန့် ကြိုတင်၍ ဆောင်ရွက်သင့်သည်ဟု အကြံပြုထောက်ခံကြသည်။

ထို့အပြင် အပင်အား ကိုင်းနှိမ်/ ကိုင်းချိုင်ပေးခြင်း၊ ဓားထစ်ပေးခြင်း၊ မီးခိုးမှိုင်း တိုက်ပေးခြင်းနှင့် ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းပေးခြင်း တို့သည်လည်း အသီးတင်မှု နည်းပါးသော နှစ်တွင် အသီးတင်မှုများလာ စေနိုင်သော အကြောင်းအရာအဖြစ် ထည့်သွင်း စဉ်းစားကြသည်။

ယခုအခါ သရက်ပင်၏ နှစ်ခြားသီးပွင့်မှု ပြဿနာအား ကျော်လွှားရန် (Paclobutrazol) ပက်ကလိုဗျူ ထရာဇိုး ( အား ပန်းမပွင့်မီ ၃-၅ လကြိုတင်၍ အပင်တစ်ပင်လျှင် ၅-၁၀ ဂရမ်နှုန်းဖြင့် မြေကြီး အတွင်းသို့ ထည့်သွင်းပေးခြင်းဖြင့်လည်း ရနိုင်ကြောင်းကို တချို့သုတေသီများမှ အကြံပြုလာကြောင်းကို တွေ့လာရပါသည်။ 

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

ကျမ်းကိုး
- Fruit Culture in India
- Mango (R. N. Singh)



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ခဝဲလှိုင်လှိုင် တန်ဆောင်တိုင်"