နောက်လာမဲ့ ၂၄ နာရီအတွင်းမှာ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ တောင်တရုတ်ပင်လယ်-ဗီယက်နမ်တုံကင်ပင်လယ်ကွေ့တွေမှာ မုန်တိုင်းဖြစ်ပေါ်နိုင်ချေ ၉၀% အထိရှိလာကြောင်း ECMWF model နဲ့ WINDY, METEOBLUE model ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့လာရပါတယ်။
မုန်တိုင်းဖြစ်လာရင် မြန်မာနိုင်ငံဘက်ကိုတော့ ဦးတည်ရွေ့လျားမှာမဟုတ်ပေမဲ့ အမည်ပေးနိုင်ခြင်းမရှိသေးတဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းအဆင့်တော့ ရောက်လာနိုင်ပါတယ်။
အဲ့ဒီဖြစ်လာနိုင်မဲ့ မုန်တိုင်းရဲ့ညာဘက်ခြမ်းက မြန်မာ့ကမ်းရိုးတန်းဒေသတွေအားလုံးမှာ နောက်လာမဲ့ ၂၄ နာရီမှ ၄၈ နာရီအတွင်း မိုးသက်လေပြင်းကျပြီး မိုးများနိုင်ပါမယ်။
ဆိုတော့နောက်လာမဲ့ ၇၂ နာရီအတွင်းမှာ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ မိုးများနိုင်ပြီး မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တွေမှာ နေရာကွက် မိုးကြီးနိုင်ပါမယ်။
ပင်လယ်ပြင်ကမ်းနီးရေလုပ်ငန်းလုပ်ကွက်တွေမှာတော့ လေပြင်းတစ်နာရီ မိုင် ၃၀ မှ ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၇ ပေမှ ၈ ပေ အထိ ရှိနိုင်ပါမယ်။ ပင်လယ်ပြင်အတွက် လှိုင်း/လေကြမ်းနေနိုင်တဲ့အခြေအနေက စက်တင်ဘာလ ၂၀ ရက်အထိဆက်ပြီး ရှိနေနိုင်ပါမယ်။
အိန္ဒိယမိုးလေဝသဌာနကတော့ - ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု နောက်လာမဲ့ ၂၄ နာရီအတွင်းဖြစ်ပေါ်လာနိုင်မယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo - ဦးဝင်းနိုင်
(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။