နောက် ၂၄ နာရီအတွင်း ကမ်းရိုးတန်းဒေသများတွင် မိုးသက်လေပြင်းများကျရောက်နိုင်

17/08/2023 09:29 AM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

သင်္ချာပုံစံကြိုတင်ခန့်မှန်းရေးမော်ဒယ်များက ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေကြောင်းနဲ့ နောက် ၄၈ နာရီအတွင်း အနောက်ဘက် - အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေဘက်သို့ ဆက်လက်ရွေ့လျားပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်တည်ရှိနေနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။ 

*လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းအဆင့်သို့ရောက်လာနိုင်ခြင်းမရှိသလို မြန်မာနိုင်ငံဘက်သို့ ရွေ့လျားလာရောက်နိုင်ဖွယ်လည်း မရှိပါ။*

သို့သော်လည်း လေဖိအားနည်းရပ်ဝန်း၏အရှိန်သက်ရောက်မှုကြောင့် -

နောက်လာမည့် ၂၄ နာရီအတွင်း ကမ်းရိုးတန်းဒေသများမှာ မိုးသက်လေပြင်းများကျရောက်နိုင်ပြီး လေပြင်းတစ်နာရီမိုင် ၃၀ မှ မိုင်၄၀ အထိ တိုက်နိုင်ကာ တစ်ပြည်လုံးအတိုင်းအတာနဲ့ မိုးရွာသွန်းနိုင်ပါတယ်။

နောက်လာမည့် ၃ ရက်အတွင်းတော့

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွေမှာ မိုးများနိုင်ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ ညောင်ဦး၊ မြင်းခြံ၊ မြင်းမူ၊ မိတ္ထီလာ၊ သာစည်၊ ကျောက်ဆည်၊ မုံရွာ၊ တံတားဦး၊ မန္တလေး၊ ဝမ်းတွင်း၊ မြစ်သား၊ မလှိုင်၊ တောင်သာ၊ နထိုးကြီး၊ ရေစကြို၊ ချောင်းဦး၊ ပုလဲ စတဲ့မြို့နယ်တွေမှာတော့ မိုးနည်းနိုင်ပါမယ်။

ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းနီးပင်လယ်ပြင်တွေမှာ လှိုင်းအမြင့် ၆ ပေ မှ ၈ ပေအထိ ရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဆွေးနွေးချက်များ

ဆွေးနွေးရန်