မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် လေဖိအားနည်းချိုင့်ဝှမ်း(MONSOON TROUGH) ဖြစ်ပေါ်နေပြီး အဆိုပါ THROUGH LINE သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းအထိ ဖြစ်ပေါ်နေပါတယ်။ ထို့အတူ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ နီပေါလ်နိုင်ငံနှင့် ဘူတန်နိုင်ငံတို့ပေါ်တွင်လည်း ကျယ်ပြန့်သောလေဖိအားနည်းရပ်ဝန်းကြီး ဖြစ်ပေါ်နေတာတွေ့ရပါတယ်။ အရှေ့ဘက် တောင်တရုတ်ပင်လယ်အနောက်မြောက်ပိုင်း ဟိုင်နန်ကျွန်းအနီးမှာတော့ ဩဂုတ်လ ၂၉ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု အစပျိုးလာနိုင်မယ့် အခြေအနေရှိနေပါတယ်။
နောက် ၃ ရက်မှ ၅ ရက်အတွင်း ဖြစ်ပေါ်နိုင်မယ့် မိုးလေဝသအခြေအနေ
မြန်မာနိုင်ငံပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ မိုးလေဝသအခြေအနေများကြောင့် နောက်လာမယ့် ၃ ရက်အတွင်း တစ်နိုင်ငံလုံးမှာမိုးရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်းအထက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။
နောက် ၃ ရက်အတွင်း မိုးနည်းနိုင်သည့်ဒေသများ
မန္တလေးတိုင်းတောင်ပိုင်း ရမည်းသင်း၊ ပျော်ဘွယ်နဲ့ သာစည်မြို့နယ်တွေမှာနောက်လာမယ့် ၃ ရက်အတွင်း မိုးရေချိန် ၈ မီလီမီတာခန့်သာရွာနိုင်ပြီး မိုးနည်းနေပါမယ်။
နောက် ၃ ရက်အတွင်း မိုးများနိုင်သည့်ဒေသများ
ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ဧရာဝတီ အနောက်ဘက်ကမ်းရိုးတန်းဒေသ (အပန်းဖြေကမ်းခြေဒေသများ) မှာ ၃ ရက်အတွင်း မိုးရေချိန် မီလီမီတာ ၉၀ ကျော်ရွာသွန်းပြီး မိုးများနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းဒေသအချို့မှာတော့ မိုးအသင့်အတင့် (၃ ရက်အတွင်း မိုးရေချိန် ၅၀ မီလီမီတာခန့်) ရွာသွန်းနိုင်ပါတယ်။
စက်တင်ဘာလဆန်းပိုင်းတွင်ဖြစ်လာနိုင်မယ့် ထူးခြားအခြေအနေ
စက်တင်ဘာလ လဆန်းပိုင်း (နောက်လာမည့် ၇ ရက်အတွင်း) ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်လာနိုင်ပြီး မုန်တိုင်းငယ်အဆင့်အထိ ရောက်လာနိုင်ချေ ၆၀% ရှိနေကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ ဒီအခြေအနေကြောင့် စက်တင်ဘာလဆန်းပိုင်း ရက်သတ္တတစ်ပတ်အတွင်းမှာ တစ်နိုင်ငံလုံး မိုးပိုလာနိုင်ဖွယ်ရှိပါတယ်။
Photos Crd_ U Win Naing
#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။