စပါးအထွက်တိုးရေးနှင့် ညံပင်သစ်စိမ်း မြေသြဇာ

Photo - goggle

နိုဝင်လာလ နှောင်းပိုင်းတစ်ည နေ၊ ဘုရားသောက်တော်ရေကပ်ပြီး ဝတ်ပြုနေဆဲတွင် အောက်ထပ်ဆီမှ ''ဖေဖေဧည့်သည်''ဟု အော်ပြောသံ ကြောင့် ဝတ်ပြု၊ မေတ္တာပို့တို့ကို တို တိုနှင့် အဆုံးသတ်ကာ ဆင်းလာခဲ့ မိပါသည်။ ဗဟိုစိုက်ပျိုးရေး သုတေ သနဌာနတွင် အတူတာဝန်ထမ်း ဆောင်ခဲ့ဖူးသော လုပ်ဖော်ကိုင်ဖက် အငြိမ်းစားယူပြီးစ မိတ်ဆွေအရာရှိ ဟောင်းတစ်ဦးကို တွေ့လိုက်ရပါ သည်။ မတွေ့ကြတာလည်းကြာပြီ။ ဘာကိစ္စလဲဟု စိတ်ထဲတွေးနေဆဲမှာ ပင်-
''နေကောင်းပါရဲ့လား။ ကျွန် တော်လဲ မတွေ့တာကြာတာက တစ် ကြောင်း၊ မေးစရာကလေးတွေလဲ ရှိ လို့ပါ''ဟု နိဒါန်းချီကာ ဟိုယခင် က စာရေးသူ အထူးတာဝန်တစ်ရပ် အနေဖြင့် သုတေသနပြုခဲ့ဖူးသော ညံပင်သစ်စိမ်းမြေသြဇာ - Sesbania Green Manure အကြောင်း စတင် မေးမြန်းဆွေးနွေးပါတော့သည်။
မိတ်ဆွေအရာရှိမှာ တာဝန်ထမ်း ဆောင်စဉ်က သီးနှံဖျက်ပိုး ဘာသာ ရပ်ကျွမ်းကျင်သူ - Insects Pest Specialist အဖြစ်ဖိလစ်ပိုင်နိုင်ငံ၊ လော့စ်ဘာညို့စ်တက္ကသိုလ်- University of Philippines at Los Banos တွင် သွားရောက်ပညာသင်ကြားခဲ့ပြီး မဟာသိပ္ပံဘွဲ့ရယူထားသူဖြစ်ပါသည်။ ဌာနတွင် အနှစ် သုံးဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ယူကာ ယခုအခါ NGO တစ်ခုတွင် ဝင်ရောက်၍ လယ်ယာစိုက်ပျိုးရေး ဆိုင်ရာလုပ်ငန်းတစ်ခု၌ တာဝန်ထမ်း ဆောင်နေပါသည်။
သူက ဆွေးနွေးရာတွင် ယနေ့ ခေတ်မှာ ဓာတ်မြေသြဇာတွေ စျေး သိပ်ကြီးလာကြောင်း။ ထို့ကြောင့် လယ်သမားအများစုမှာ ကိုယ့်လယ် ထဲ ယာထဲမှာ စံမီတန်းပြည့် အသုံး မပြုနိုင်ကြတော့ကြောင်း။ ခေတ်ပေါ် ရွက်ဖျန်းမြေသြဇာဆိုသည်များက လည်း ဆိုင်ရာ သီးနှံ၏ သက်တမ်း အတွင်း ငွေနှင့်စက်ကာ ကြိမ်ဖန်များ စွာ ပက်ဖျန်းပေးနေရကြောင်း။ ဆေး ဖျန်းပြီး မကြာမီ ရွက်သစ်တို့ဝေကာ စိမ်းစိုလာပြန်တော့လည်း သီးနှံဖျက် ပိုးများကျလာတတ်ကြောင်းပြောဆို ပြီး စာရေးသူ သုတေသနပြုခဲ့ဖူး သော သစ်စိမ်းမြေသြဇာ အုပ်စုဝင် ညံမျိုးနွယ် -Sesbania Sipp များ အကြောင်း မေးမြန်းဆွေးနွေးရာ မိမိတင်ပြခဲ့ဖူးသော သုတေသန စာ တမ်းအချို့ကို ညွှန်းကာ စိတ်ထဲ မှတ် မိသလောက် ပြန်လည်ဖြေကြားခဲ့ပါ သည်။ ၎င်းတို့မှာ -
၁ ။ ။ Sesbania Rostrata ခေါ် အာဖရိကညံမျိုးတွေမှာ အမြစ်တွင် သာမက၊ ရိုးတံနှင့် အရွက်ညှာတံတို့ ၏ကျောဘက်တွင်ပါ Nodules ခေါ် အဖုကလေးတွေပါရှိကြောင်း။
၂ ။ ။Sesbania Aculeata ခေါ် အိန္ဒိယ-မြန်မာ ညံမျိုးသည် စိမ့်စမ်း ရေအိုင်များဝန်းကျင်နှင့် မြန်မာ့လယ် ယာမြေများတွင် ရှင်သန်ပေါက်ရောက် ကြကြောင်း။
၃ ။ ။Crototaria Juncea ခေါ် တရုတ်တိုင်ပေ ညံမျိုးဝင်များကို မြန်မာ့မြေပေါ်၌ တွေ့ရသော ပိုက်ဆံ ပင် -Crototaria Juncea နှင့် နှိုင်း ယှဉ်ပြကာ သစ်စိမ်းမြေသြဇာအဖြစ် တန်းတူထားပြီး သုံးနိုင်ကြောင်း။ ၎င်း ပိုက်ဆံပင် သစ်စိမ်းမြေသြဇာကို သုံး လျှင် အာနိသင်မှာ ဓာတုဓာတ်မြေသြ ဇာ ၆ဝ ကီလိုဂရမ်အား ဧရိယာ တစ် ဟက်တာတွင်ချကျွေးသည့် ရလဒ် နှင့် အတူတူပင်ဖြစ်ကြောင်း။ ယေဘု ယျအားဖြင့်မြေဧရိယာ တစ်ဧက၌ နိုက်ထရိုဂျင် ၅၃ ပေါင်ခန့် ဖြစ်ထွန်း ရရှိသည်ဟု ဆိုနိုင်ကြောင်း။ စာရေး သူတင်ပြခဲ့သော အဆိုပါ စာတမ်း များကို ရေဆင်းစိုက်ပျိုးရေး သုတေ သနဌာန၏ Proceeding ဖိုင်များတွင် တွေ့နိုင်မည်ဟု ထင်ကြောင်း။
၄။ ။Sesbania China ခေါ် တရုတ် ညံမျိုးလည်းရှိသေးကြောင်း။ မှတ်မိ သမျှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။
ညံပင်ဟူသည် Leguminosae မျိုးရင်းကြီးတွင် ပါဝင်သော အပင် မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် Sesbania ၏ မျိုးစုဝင် Genera များ အဖြစ်-
(က)။ ပေါက်ပန်းဖြူ -Sesbania Grandiflora
(ခ) ။ ရေသကျည်း - Sesbania Aegyptiaca
(ဂ) ။ ညံပင် - Sesbania Aculeata တို့ကိုတွေ့နိုင်ပါသည်။
ပေါက်ပန်းဖြူပင် များသည် မြန်မာနိုင်ငံအောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအတွင်း ရှိ လယ်ယာမြေများ၏ ကန်သင်း ဘောင်များ၊ ကန်ဘောင်ရိုးများတွင် ပေါက်ရောက်ရှင်သန်သည်ကို တွေ့ နိုင်ပါသည်။ ခြံဝင်းများတွင် စိုက်ပျိုး ကြသည်လည်းရှိပါသည်။ ပင်စည်မှာ ပေ နှစ်ဆယ်ခန့်မြင့်ပြီး ပင်သက်ရင့် လာလျှင် အပွေးအခေါက်များ တက် လာတတ်သည်။ အ ရွက်မှာ ငှက်မွေး တောင်သဏ္ဌာန်ဖြစ်ပြီး ရွက်ညှာနှင့် ဆက်နေသော ရွက်ရိုးတံတစ်လျှောက် မျက်နှာချင်းဆိုင်စီ၍ ထွက်သည်။ အရွက်တစ်ခုချင်း၏အရွယ်မှာ အလျား ဝ.၅ဝ လက်မ၊ အနံ ဝ.၂၅ လက်မ ခန့်ရှိသည်။ ရွက်နုများတွင် အမွေး နုကလေးများ ပါတတ်သည်။ အပွင့် မှာ ပွင့်ခိုင်တွင် သုံးလေးပွင့် တွဲလျား ကျပြီးပွင့်သည်။ ပွင့်ဖတ်မှာ အဖြူ ရောင်ဖြစ်၍ ပေါက်ပန်းဖြူဟုခေါ်ကြ ခြင်းဖြစ်သည်။ အပွင့်ကလေးများမှာ ပေါက်ပွင့် - Butea Monosperma နှင့် ခပ်ဆင်ဆင်တူသည်။ အနီ သို့မဟုတ် ကြက်သွေးရောင် အပွင့် များပွင့်တတ်သည့် Sesbania Grandiflora Forn Sipp တစ်မျိုးလည်း ရှိ သေးသည်။
ရေသကျည်းပင် -Sesbania Aegyptiaca မှာ ပင်စည်အချင်း ၁.၅ဝ လက်မမှ ၂.ဝဝ လက်မလောက်သာ ရှိပြီး မြေပြင်မှ သုံးပေခန့်အမြင့်တွင် အကိုင်းဖြာထွက်သည်။ အပွင့်မှာ အဝါရောင်ဖြစ်သည်။ ခြောက်သွေ့ သော ဒေသများတွင် အများဆုံးတွေ့ ရသည်။ အရွက်ကို ဟင်းချို၊ ဟင်း ခါး ချက်သောက်နိုင်သည်။
ညံပင်Sesbania Aculeata မှာ ရေစပ်၊ အိုင်စပ်၊ အင်းစပ်နှင့် မိုးရာ သီတွင် စပါးစိုက်လယ်ကွင်းများ ၌ ပေါက်သည်။ အမြင့်လေးပေမှ ခြောက်ပေခန့်အထိ ရှိနိုင်သည်။ ရေ သကျည်းရွက်နှင့် ညံရွက်တို့မှာ ရွက် မြွာကလေးတွေ အလွန်သေးငယ် သည်။ သာမန်အားဖြင့် မန်ကျည်း ရွက်ထက်ပင် ငယ်တတ်သည်။ ငှက် မွေးပုံသဏ္ဌာန်ရှိသည်။
ပေါက်ပန်းဖြူမှာပင်စည်ကို ခြံ စည်းရိုး၊ ခြံတိုင်လုပ်နိုင်သည်။
အပွင့်ကို ကြော်ချက်စားကြသည်။ ငါးခေါင်းချဉ်ရည်တွင်ပေါက်ပန်းဖြူ ပွင့်ထည့်ချက်လေ့ရှိကြသည်။ အပွင့်၊ အရွက်၊ အခေါက် အားလုံးဆေးဖက် ဝင်သည်။ တိုင်းရင်းဆေးကျမ်းများ တွင် အကျယ်ဖတ်ရှုနိုင်ပါသည်။
ညံပင်မှာ မြေလတ်ဒေသအထိ ပျံ့နှံ့ပေါက်ရောက်တတ်သည်။
အစုလိုက်အပြုံလိုက် ပေါက်နေကြ သည်ကိုတွေ့နိုင်သည်။ ပင်စည်ရိုးတံ ကို ထင်းအဖြစ်သုံးကြပြီး အပွင့်နှင့် အရွက်ကို ချဉ်ဖတ်တည်ပြီး အတို့ အမြှုပ်အဖြစ် စားသုံးကြသည်။
ညံပင်သည် Leguminoseae တွင်ပါဝင်သော မျိုးနွယ်ဖြစ်သည့် အလျောက် အမြစ်၌ Nodules ခေါ် မြစ်ဖုကလေးတွေပါသည်။ ယင်းမြစ် ဖုကလေးများအတွင်းသို့ မြေအောင်း ဘက်တီးရီးယား - Rhizobium တစ် မျိုးဝင်ရောက်ပေါက်ဖွားကာ လေထဲ ရှိ နိုက်ထရိုဂျင်ဓာတ်ကိုဖမ်းယူ စု ဆောင်းပါသည်။ ယင်းဖြစ်စဉ်က အပင်အတွက် အာဟာရဓာတ်ကို ဖန် တီးပေးသည်။ ဘက်တီးရီးယားများ က ၎င်းတို့လိုအပ်သော အာဟာရ ဖြစ်သည့် ကာဘိုဟိုက်ဒရိတ်ကိုညံပင် အမြစ်မှ ရယူစားသုံးကြပြီး အပင် အတွက် အာဟာရတစ်မျိုးဖြစ်သော နိုက်ထရိုဂျင်ကို ပြန်လည် ထုတ် လုပ်ပေးခြင်းဖြစ်သည်။ ညံပင်များ သေကျေပုပ်ဆွေးသောအခါ မြေဆီ လွှာ၌ Organic Matter ခေါ် သက် ကြွင်းဓာတ်နှင့်တကွ အပင်တို့ အတွက် အဓိက အာဟာရဖြစ်သော နိုက်ထရိုဂျင်ကို ဖြည့်ဆည်းပေးနိုင် သည်။ ညံပင်မျိုးစိတ်ပေါင်း များစွာ ရှိသည့်အနက် အာဖရိကညံ - Sesbania Rostrata ပင်မျိုးတွင်မူ အမြစ်၌သာမက ပင်စည်၊ အကိုင်းနှင့် ရွက်ညှာရိုးတံများ၊ ရွက်လယ်ရိုးတံ များတွင်ပါ Nodules ခေါ် အဖု ကလေးတွေပါကြပါသည်။ ယင်းအဖု တိုင်းတွင်လည်း နိုက်ထရိုဂျင်ထုတ် လုပ်ပေးသော ဘက်တီးရီးယားများ ခိုအောင်းနေကြသည်ဖြစ်ရာ သဘာဝ နိုက်ထရိုဂျင်မြေသြဇာအဖြစ်သုံးလျှင် အကောင်းဆုံး စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါသည်။
ညံပင်ကို သစ်စိမ်းမြေသြဇာ အဖြစ် အသုံးပြုပုံမှာ ပထမတွင် ညံ ပင်မျိုးစေ့ကို မြေဧရိယာတစ်ဧက လျှင် လေးပြည်မှ ခြောက်ပြည်နှုန်း ဖြင့် ကြဲပက်ပေးပါ။ အပင်များ ပေါက်လာပြီး ပင်သက်ရက် ၃ဝ မှ ၄၅ ရက်ခန့်အရတွင် အပင်အမြင့် တစ်ပေခွဲမှ နှစ်ပေခွဲအထိ တက်လာ သည်။ ထိုအချိန်၌ ထယ်ထိုးကာ ညံ ပင်နှင့် မြေကြီးရောသမသွားအောင် မွှေမြှုပ်ပေးရပါသည်။ သဘာဝ ညံ ပင်သစ်စိမ်းမြေသြဇာသည် ရေမြေ အလိုက် မြစ်ဖု၌ ခိုအောင်းနေသော ဘက်တီးရီးယားမျိုးအလိုက် တစ်နှစ် အတွင်း လယ်မြေတစ်ဧကအတွက် နိုက်ထရိုဂျင်ဓာတ် ၄၅ ပေါင်မှ ပေါင် ၂ဝဝ အထိ ဖြည့်ဆည်းပေးနိုင်သည်။
ပဲမျိုးနွယ်တစ်မျိုး၏ မြစ်ဖုများ ၌ခိုအောင်းတတ်သော ဃပညသဘခေအနမငေ မျိုးသည် လယ်မြေတစ်ဧကအတွက် တစ်နှစ်အတွင်း နိုက်ထရိုဂျင်ဓာတ် ၁၅ ပေါင်မှ ၂၅ ပေါင်အထိ ထုတ် လုပ်ပေးနိုင်သည်။ မြက်ရိုင်းတစ်မျိုး ၏အမြစ်၌ ခိုအောင်းလေ့ရှိသော Azospirillum grass Associtein ဘက်တီးရီးယားမျိုးဆိုပါက လယ် မြေတစ်ဧကအတွက် တစ်နှစ်အတွင်း နိုက်ထရိုဂျင်ဓာတ် ဆယ်ပေါင်မှ ပေါင် ၃ဝ လောက်အထိ ပေးနိုင်ပါသည်။
ဒေသအလိုက် ပဲမျိုးနွယ်ဝင် အပင်များနှင့် ဆန်စပါး၊ ဂျုံ၊ ပြောင်း စသည့် နှံစားသီးနှံများကို အလှည့် ကျစိုက်ပျိုးပေးခြင်းအားဖြင့် အစွမ်း လည်းထက်၊ အန္တရာယ်လည်းကင်း သော သဘာဝ မြေသြဇာကို အလိုလို ဖြည့်ဆည်းပေးရာ ရောက်ပါသည်။ စျေးကြီးပေးဝယ်ယူသုံးစွဲနေရသော ဓာတုမြေသြဇာလုံးဝမသုံးဘဲ သို့ မဟုတ် ပမာဏလျှော့သုံးခြင်းဖြင့် လို အပ်သော မြေဆီသြဇာဓာတ်ကို ရရှိ နိုင်ကြပါသည်။ အကျိုးဆက်အဖြစ် သီးနှံထွက်နှုန်း ထပ်မတိုးသည့်တိုင် ကျဆင်းမသွားအောင် ထိန်းထားနိုင် ကြောင်း ခိုင်လုံသော သုတေသန တွေ့ရှိချက်များအရသိရှိရပါသည်။
အီဂျစ်နိုင်ငံတွင် Clover ခေါ် ပဲ တစ်မျိုးကို မျိုးစေ့နှင့် နွားစာအတွက် စပါးနှင့် တစ်လှည့်စီ သီးထပ် အဖြစ် စိုက်ပျိုးကြသည်။ အီဂျစ်၏ စုစု ပေါင်း စပါးစိုက် ဧရိယာဟက်တာ ၄၉ဝဝဝဝ တွင် ခန့်မှန်းခြေအားဖြင့် ဟက်တာ ၃ဝဝဝဝ မှ ၃၅ဝဝဝ ၌ Clover ပဲနှင့် ဆန်စပါးကို တစ်လှည့် စီ သီးထပ်စိုက်ပျိုးလာခဲ့သည်မှာ နှစ် ပေါင်း ၇ဝဝ ပင်ကျော်ခဲ့ပြီဟု ဆိုပါ သည်။ သုတေသီ Yanni နှင့်အဖွဲ့၏ တွေ့ရှိချက်များအရ Clover ပဲပင် အမြစ်ဖုမှ ဘက်တီးရီးယားများ ကြောင့် စပါးအတွက်ထည့်ကျွေးရ မည့် နိုက်ထရိုဂျင်မြေသြဇာ ပမာဏ ကို ၂၅ ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ခဲ့သည်ဟု ဆိုသည်။ ထင်ရှားအောင် ကိန်းဂဏန်းဖြင့် ဖော် ပြရသော် စပါးထွက်နှုန်း တစ်ဧက လျှင် တင်း ၁ဝဝ ရရှိဖို့ နိုက်ထရို ဂျင်ဓာတ် ပေါင် ၁ဝဝ ထည့်ရမည်ဖြစ် သော်လည်း စပါးတစ်လှည့် Clover ပဲတစ်လှည့်စိုက်ခြင်းဖြင့် နိုက်ထရို ဂျင် မြေသြဇာ ၇၅ ပေါင်မှ ၆၇ ပေါင်အထိသာ ကျွေးရမည်ဖြစ်ပါ သည်။
သုတေသီ Yanni နှင့်အဖွဲ့၏ အာဘော်အရ အထက်ပါဖြစ်ရပ်တွင် နိုက်ထရိုဂျင်ဓာတ်ပမာဏကို လျှော့ ချနိုင်ခြင်းမှာ Clover ပဲပင်၏မြစ်ဖုများ နှင့် အရိုးအရွက်အကြွင်းအကျန်များ မှ ရရှိသော Organic Matter များ ကြောင့်ဟု ပြောခြင်းမှာ ယေဘုယျ ဆန်လွန်းသည်ဟု ဆိုပါသည်။ ပဲပင် အမြစ်ဖုများကိုဖြစ်စေသော Rhizobium ဘက်တီးရီးယားများသည် စပါးပင်၏ အမြစ်ထဲသို့ ဝင်ရောက် သွားကြပြီး စပါးပင်အမြစ်၌ ဘက် တီးရီးယားပမာဏကို တိုးပွားစေခဲ့ ကြောင်း။ စပါးပင်အမြစ်တစ် ဂရမ် တွင် ဘက်တီးရီးယားဦးရေသည် 1.10 x 106 အထိ တိုးပွားခဲ့ကြောင်း ဓာတ်ခွဲခန်း၌ စမ်းသပ်တွေ့ရှိခဲ့ကြ သည်ဟု ဆိုသည်။ သူတို့အဖွဲ့သည် အပင်အမြစ်၌ ခိုအောင်းပွားများတတ် သော ဘက်တီးရီးယားမျိုး E 11နှင့် E 12 တို့ကို အပင်အမြစ်ထဲသို့ ထိုး သွင်းပေးခြင်းဖြင့် စပါးအထွက်တိုး သည်ကိုတွေ့ရကြောင်း။ ကောက်ရိုး အထွက်လည်း သိသိသာသာ တိုး လာကြောင်း ဖော်ပြထားပါသည်။
အထက်ပါအတိုင်း စပါးပင်၏ အမြစ်နှင့် Clover ပဲပင်၏ အမြစ်ဖု ဘက်တီးရီးယားတို့၏ ကူးလူးဆက် ဆံမှုကဲ့သို့ပင် စပါးနှင့် ညံပင်ကို သီး ထပ် အလှည့်ကျ စိုက်ပျိုးစမ်းသပ်ခဲ့ ရာ ညံပင်မြစ်ဖုဘက်တီးရီးယားများ နှင့် စပါးပင်အမြစ်တို့အကြား ကူး လူးဆက်ဆံမှုတွေ့ရှိရသည်ဟု ဖိလစ် ပိုင်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆန် စပါး သုတေသနဌာန IRRI က ထောက်ခံတင်ပြထားပါသည်။
Giza ဟု အမည်ပေးထားသော စပ်မျိုးစပါး - Hybrid Rice ကို စမ်း သပ်စိုက်ကွင်းများ၌ စိုက်ပျိုးပြီး အုပ်စု များခွဲကာ ပထမအုပ်စု၌ နိုက်ထရို ဂျင် ဓာတ်လုံးဝမထည့်ဘဲ E 11 Rhizobium နှင့် E 12 Rhizobium တို့ကို အောက်ပါဇယားအတိုင်း ထည့်ပေးခြင်း၊ နိုက်ထရိုဂျင်ဓာတ်ကို စိုက်ဧရိယာတစ်ဟက်တာလျှင် ၄၈ ကီလို၊ ၉၆ ကီလို၊ ၁၄၄ ကီလို စသည်ဖြင့်အသီးသီးကျွေးကာ E 11 နှင့် E 12 တို့ကိုလည်း အချိုးကျ ထည့်သွင်းပေးခြင်းဖြင့် စမ်းသပ်ရရှိ ထားသောအဖြေကို ဇယားဖြင့်ဖော် ပြပေးလိုက်ပါသည်။
ဇယားတွင် လေ့လာကြည့်လျှင် နိုက်ထရိုဂျင်မြေသြဇာ ကျွေးမှုနှုန်း ထားကွာခြားမှုကြောင့် စပါးထွက်နှုန်း ကွာခြားမှု၌ မထူးခြားလှကြောင်းကို တွေ့ရမည်ဖြစ်ပြီး နိုက်ထရိုဂျင် မြေ သြဇာကို စပါးပင်က အသုံးချမှုနှုန်း ထားတွင် E 11 Rhizobium ကသာ လွန်သည်။ မြေသြဇာ အသုံးချမှု၌မူ E 12 Rhizobium ကသာသည်။ နိုက် ထရိုဂျင်နှုန်းထားနှင့် စပါးပင်စားသုံးမှု ဆက်စပ်ရာတွင်လည်း E 12 ကပင် သာလွန်ကြောင်းတွေ့ရမည်ဖြစ်သည်။
နိုက်ထရိုဂျင် မြေသြဇာကို အကျိုးရှိစွာ သုံးစွဲရာ၌ ၄၈ ကီလို ဂရမ်/ဟက်တာနှုန်းဖြင့် စမ်းသပ်မှု မှာ အကျိုးအရှိဆုံးဖြစ်သည့်အပြင် E 11 Rhizobiumသည် မြေသြဇာ တစ် ကီလိုအတွက် စပါးထွက်နှုန်း အကောင်းဆုံးဖြစ်ကြောင်းကိုလည်း ဆက်စပ်တွေ့ရှိနိုင်ပါသည်။
ညံပင်မျိုးများကို သဘာဝ မြေ သြဇာစိမ်း Green Manure အဖြစ် လူသားတို့ သုံးလာခဲ့ကြသည်မှာ နှစ် တွေရာထောင်မက ကြာခဲ့ပေပြီ။ စက်မှုနည်းပညာတွေ တိုးတက်လာ သဖြင့် လူတွေ အပင်ပန်းမခံကြတော့ ဘဲ အလွယ်တကူ ဝယ်ယူရရှိနိုင် သည့် ဓာတုမြေသြဇာများကို တွင် ကျယ်စွာ သုံးလာခဲ့ကြပါတော့ သည်။ စပါးပင်၊ ဂျုံပင် စသည်တို့ကို ဓာတု ဓာတ်မြေသြဇာကျွေးသောအခါ အပင် အထမြန်ခြင်း၊ အပင်သန်ခြင်း၊ အထွက်တိုးခြင်းများကို တွေ့ရှိရသ ဖြင့် လူ့သဘာဝအတိုင်း လောဘ တက်ကာ ပိုသုံး၊ ပိုစိုက်လာခြင်းဖြင့် စီးပွားလည်းဖြစ်ထွန်းလာကြပါသည်။
ယခုအခါ ဓာတုဗေဒ မြေသြ ဇာတွေ စျေးခေါင်ခိုက်လာကြသော အခါ အခက်အခဲနှင့်ရင်ဆိုင်ကြရပါ တော့သည်။ N-P-K ခေါ် အဓိက အရေးကြီးဆုံး အပင်အာဟာရ အတွက် ဓာတုဗေဒ မြေသြဇာများကို အလွန်အကျွံသုံးရာမှ သဘာဝ မြေဆီ သြဇာဓာတ်၌ပါဝင်နေသည့် ဒုတိယ အရေးပါသော ဆာလ်ဖာ၊ ကယ်လ် စီယမ်၊ မဂ္ဂနီစီယမ်ဓာတ်များ၏ ပါဝင် မှုသဘာဝလည်း ပျက်စီးကုန်ပါ သည်။ ထို့အတူ ပမာဏ အလွန် နည်းပါးသော်လည်း မရှိလျှင် လုံးဝ မဖြစ်သော Micro elements များဖြစ် ကြသည့် မဂ္ဂနီးစ်၊ ဇင့်၊ သံဓာတ်၊ ဘိုရွန်၊ ဗာနေဒီယံ၊ ဆီလီယံ ဓာတ် များ၏ ပါဝင်ဖွဲ့စည်းမှု သဘာဝကို လည်း ဖျက်ဆီးပစ်သလို ဖြစ်သွားပါ သည်။ မြေသြဇာသဘာဝ ပျက်စီး သဖြင့် စပါးအထွက်၊ ဂျုံအထွက်၊ သီးနှံအထွက်တွေလည်း ကျဆင်း လာပါတော့သည်။ ထိုအခါကျမှ နွား ချေး၊ မြေဆွေး၊ သစ်စိမ်းမြေသြဇာ စသော မြေဆီများကို သတိရကြ တော့သည်။
ညံပင်ကို သစ်စိမ်းမြေသြဇာ ပြု လုပ်ရန်အတွက် လယ်ကွက်ထဲမှာ စိုက်ပျိုးနိုင်ဖို့ပထမဆုံးလိုအပ်ချက် မှာ ညံမျိုးစေ့လုံလောက်စွာ ရရှိရေး ပင်ဖြစ်သည်။ စာရေးသူ သုတေသန ပြုလုပ်စဉ်က ဦးစွာပထမ ညံပင်များ ကို လယ်ကန်သင်းပတ်လည်၌ စတင်စိုက်ပျိုးပါသည်။ တစ်လ၊ တစ်လခွဲ ကြာသောအခါ အရွက်တွေ ကို ဖြတ်ပြီး လယ်ကွက်ထဲချပေးပါ သည်။ နောက်မှ အသီးရင့်အောင် စောင့်ပြီး အစေ့ထုတ်ယူပါသည်။ ဤနည်းဖြင့် သစ်စိမ်းမြေသြဇာလည်း ရ၊ ညံမျိုးစေ့လည်းရခဲ့ပါသည်။
အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည် နယ်တွင် ညံပင် -Sesbania Aculeata များကို စိုက်ပျိုးပြီး ပင် သက် သုံးနှစ်အရတွင် ခုတ်ယူပြီး စက္ကူ ပျော့ဖတ်ပြုလုပ်ကြပါသည်။ မခုတ်မီ နှစ်နှစ်ခန့် ညံမျိုးစေ့တွေ စုဆောင်းရရှိနိုင်ပါသေးသည်။ ယင်း အစေ့များကို သစ်စိမ်းမြေသြဇာ လုပ် ငန်းအတွက် သုံးနိုင်ပါသည်။
ညံပင်သည်စပါးဖျက်ပိုးတစ် မျိုး ဖြစ်သော Rice Nematode ကိုလည်း နှိမ်နင်းနိုင်သည်ဟု ဆိုပါသည်။ ဤမျှ ဆိုလျှင် စာရေးသူထံ လာရောက် ဆွေးနွေးခဲ့သော မိတ်ဆွေအတွက် လည်း အကျိုးရှိ၊ စိုက်ပျိုးရေး ပညာ ရှင်များနှင့် လယ်သမားများအတွက် လည်း အကျိုးရှိနိုင်မည်ဟု ယုံကြည် မိပါတော့သည်။

Source : 1: World Rice Statistics -IRRI

2: The Role of Soil Fauna, in the Nutrient Balanc of Cropping System- FFTC.

နိုက်ထရိုဂျင်မြေသြဇာ

စပါးထွက်နှုန်းတန် / ဟက်တာ

နိုက်ထရိုဂျင်အသုံးချနိုင်မှုရာခိုင်နှုန်း

ကီလုိဂရမ္/ ဟက္တာ လုံးဝမတည့်     လုံးဝမထည့်    
နိုက်ထရိုဂျင်လုံးဝမထည့် ၄.၃၀ ၆.၃၀ ၆.၂၀      
နိုက်ထရိုဂျင် ၄၈ ကီလို ၅.၈၀ ၇.၉၀ ၇.၀၀ ၁၂၁.၇၀ ၁၆၅.၂၀ ၁၄၅.၀၀
နိုက်ထရိုဂျင် ၉၆ ကီလို ၅.၄၀ ၇.၁၀ ၇.၉၀ ၅၆.၄၀ ၇၄.၁၀ ၈၁.၈၀
နိုက်ထရိုဂျင် ၁၄၄ ကီလို ၆.၄၀ ၇.၀၀ ၇.၀၀ ၄၄.၃၀ ၄၈.၆၀ ၄၈.၄၀

သုတကျော်

 

Ref: စျေးကွက်ဂျာနယ်



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"သူ့အသီးကို စားချင်ရင် သူ့ခေါင်းကို ပြောင်အောင် တုံးရတယ်"