မြေထုပ်စည်းမျိုးပွားနည်း (သီအိုရီသဘောတရားနှင့် လက်တွေ့ဆောင်ရွက်နည်း)
မျိုးစေ့မှ မျိုးပွားစိုက်ပျိုးခြင်းနှင့် ကိုင်းဖြတ်မျိုးပွားခြင်းတို့ပြီးလျှင် မြေထုပ်စည်းမျိုးပွားနည်း (Air-layering) သည် အသုံးများသော အပင်မျိုးပွားနည်း (Vegetative propagation) တစ်ခုဟု ဆိုနိုင်သည်။ ကိုင်းဖြတ်မျိုးပွားရန် ခက်ခဲသော အပင်များအတွက် အသုံးဝင်သော အပင်မျိုးပွားနည်းလည်းဖြစ်သည်။ အပင်မျိုးပွားခြင်းဆိုင်ရာ ဘာသာရပ် အခေါ်အဝေါ်အရ “Layering” ဆိုသည်မှာ အပင်တစ်၏ ကိုင်းအခက်အလက်တစ်ခုသည် မိခင်အပင်နှင့် အတူရှိနေစဉ် ၎င်းကိုင်းအခက်အလက်ပေါ်၌ အမြစ်ထွက်ဖြစ်ပေါ်လာခြင်းကို ဆိုလိုသည်။ ဥပမာ၊ ယင်းကဲ့သို့ အဖြစ်အပျက်မျိုးကို စတော်ဘယ်ရီပင်နှင့် ပင့်ကူဂမုန်းပင်တို့တွင် အလွယ်တကူတွေ့နိုင်ပါသည်(ပုံ-၁)။ ၎င်းအကိုင်းအခက်မှ သဘာဝအလျောက် အမြစ် (adventitious root) ထွက် နေသော စတော်ဘယ်ရီပင်ငယ်လေးများနှင့် ပင့်ကူဂမုန်းပင်ငယ်လေးများကို အလွယ်တကူ ဖြတ်ယူပြီး အပင်သစ်တစ်ပင်အဖြစ် စိုက်ပျိုးနိုင်သောကြောင့် “Natural Layering” ဟု ခေါ်နိုင်သည်။ ကျနော်တို့ အများစုခေါ်ဝေါ်နေကြသည့် မြေထုပ်စည်းမျိုးပွားနည်း (Air-layering) မှာ “Layering” မျိုးပွားနည်းများထဲမှ တစ်ခုသာဖြစ်ပါသည်။ စာပေမှတ်တမ်းများအရ မြေထုပ်စည်းမျိုးပွားနည်းကို တရုတ်လူမျိုးများ စတင်အသုံးပြုခဲ့ကြသောကြောင့် “Chinese Layering” ဟုလည်း ခေါ်သည်။ အခြားအမည်များမှာ Marcotting၊ Marcottage၊ Pot layerage၊ Circumposition နှင့် Gootee တို့ဖြစ်သည်။
အမြစ်ထွက်ခြင်းဆိုင်ရာ သီအိုရီသဘောတရား
အပင်မျိုးပွားယူမည့် ပင်စည်ကိုင်း (ရွက်စုံထွက်သော Dicot အပင်များ) တွင် အစာကြောစည်း (Phloem) နှင့် ရေကြောစည်း (Xylem) ဟူ၍ အဓိက အစိတ်အပိုင်း ၂ ခုတွေ့ရမည်ဖြစ်သည်။ ၎င်းအလွှာ၂ ခုကြားတွင် အပင်ဆဲလ်အသစ်များကွဲပွားရာ နေရာဖြစ်သောအသားတိုးလွှာ (Cambium) ရှိသည် (ပုံ-၂)။ အပင်ဟော်မုန်းတစ်မျိုးဖြစ်သည့် အောက်ဇင် (Auxin) သည် အပင်များ၏ ကိုင်းခက်အညွန့်ထိပ်ဖျားပိုင်းတွင် သဘာဝအလျှောက်ဖြစ်ပေါ်နေပါသည်။ ၎င်းဟော်မုန်းသည် အပင်၏ အစာကြောစည်း (Phloem) မှတစ်ဆင့် အောက်ဖက်သို့ ရွေ့လျား(Downward translocation) သွားသည်။ ယင်းဟော်မုန်း၏ စွမ်းဆောင်ရည်တစ်မျိုးမှာ အမြစ်ထွက်မှုကို အားပေးခြင်းဖြစ်သည်။ မြေထုပ်စည်းမျိုးခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကိုင်းအခက်အလက်ကို ဒဏ်ရာပေးလိုက်ခြင်း/အခေါက်ခွာလိုက်ခြင်းဖြင့် အောက်ဇင်ဟော်မုန်းပို့ဆောင်ရာ လမ်းကြောင်းကို ဖြတ်တောက်ပေးလိုက်ခြင်း ဖြစ်သည်။ အညွန့်အခက်ထိပ်ဖျားပိုင်းမှ ရွေ့လျားလာသော အောက်ဇင်သည် အခေါက်ခွာထားသော နေရာ၏ အထက်ပိုင်းတွင် စုလာပြီး အမြစ်ထွက်မှုကို အားပေးခြင်းဖြစ်သည်။ ထို့ကြောင့် အမြစ်ထွက်မှု မြန်စေရန် အခေါက်ခွာထားသောနေရာကို အမြစ်အားဆေး (Rooting Hormone: Synthetic Auxin) ကို သုတ်လိမ်းပေးရန် တချို့က အကြံပြုကြခြင်း ဖြစ်သည်။
အခေါက်ခွာထားသောနေရာ၏ အထက်ပိုင်းတွင် ရက်အနည်းငယ်ကြာလျှင် အနာဖေး (Callusing) တက်လာသည်ကို တွေ့ရမည်။ “Callusing” ဖြစ်ခြင်းသည် အမြစ်ထွက်ရန်အတွက် လိုအပ်သောကြိုတင်အခြေအနေ ဖြစ်ပါသည်။
ရွက်ထီးထွက်သော “Monocot” အပင်များ (ဥပမာ၊ ဝါး) တွင် “Cambium” သည် သီးသန့်အလွှာအနေဖြင့် တည်ရှိမနေသောကြောင့် ၎င်းတို့ကို မြေထုပ်စည်းနည်းဖြင့် မျိုးပွားလိုလျှင် အဆစ်နေရာကို မြေထုပ်စည်းခြင်းနှင့် တချို့အပင်များတွင် မျိုးပွားလိုသောကိုင်းကို အထက်သို့ ကိုင်း၏ သုံးပုံတစ်ပုံ/တဝက်ခန့် လှီးဖြတ်ပေးရမည်။
မြေထုပ်စည်းမျိုးပွားနည်းစနစ်အသုံးပြုရခြင်း၏ အားသာချက်များ
-
· ကုန်ကျစရိတ် သက်သာခြင်း၊ လုပ်ကိုင်ဆောင်ရွက်ရ လွယ်ကူခြင်းနှင့် အောင်မြင်မှုရာခိုင်နှုန်း များသောကြောင့် အသုံးပြုသူ များပြားသည်။
· အချိန်တိုအတွင်း အပင်များစွာကို မျိုးပွားရယူနိုင်၏။
· အပင်များ ကိုင်းနှိမ်ကိုင်းချိုင်ခြင်း မလုပ်မီကိုင်းအခက်အလက်များကို မြေထုပ်စည်းနည်းဖြင့် မျိုးပွားယူပါက အပင်များမျိုးပွားရယူနိုင်သကဲ့သို့ အပင်များအတွက်လည်း အတိုင်းအတာတစ်ခုအထိ ကိုင်းနှိမ် ကိုင်းချိုင်ပြီးသားဖြစ်သွားသည်။
မြေထုပ်စည်းမျိုးပွားနည်းစနစ်အသုံးပြုရခြင်း၏ အားနည်းချက်များ
အစေ့စိုက်အပင်များနှင့် နှိုင်းယှဉ်လျှင် မြေထုပ်စည်းမျိုးပွားထားသော အပင်မှာ မူခြားမြစ်အဖွဲ့အစည်း (Advantitious root system) သာဖြစ်၍ ဒဏ်ခံနိုင်ရည်မှုနည်းပြီး သက်တမ်းတိုနိုင်သည်။
မြေထုပ်စည်းမျိုးပွားနည်းစနစ်ဖြင့်မျိုးပွားနိုင်သော အပင်များ
ရှောက်သံပုရာ လိမ္မော်မျိုးရင်းဝင်အပင်များ၊ မာလကာ၊ လိုက်ချီး၊ ကြက်မောက်၊ လောင်ဂန်၊ သကြားသီး၊ ဂွေးသီး စသော အသီးပင်များနှင့် နှင်းဆီ၊ ခေါင်ရမ်း၊ ရွက်လှ၊ ပုဏ္ဏရိပ်၊ ဇီဇဝါ၊ ညောင်၊ သဖန်း၊ နွယ်သာကီ၊ စက္ကူပန်း စသည့် ပန်းမန်အလှပင်များစွာကို ဤနည်းဖြင့် မျိုးပွားနိုင်ပါသည်။
မြေထုပ်စည်းမျိုးပွားနည်းစနစ်ဖြင့်မျိုးပွားယူနိုင်သော အချိန်ကာလရာသီ
အပင်တွင် အစိုဓာတ်ရနေပါက တစ်နှစ်ပတ်လုံး မြေထုပ်စည်းမျိုးပွားနိုင်သော်လည်း အပင်အများစုအတွက် အကောင်းဆုံးကာလမှာ ပတ်ဝန်းကျင်စိုထိုင်းဆများပြားပြီး အပင်တွင်း ရေဓာတ်များပြားသောအချိန် မိုးရာသီ (ဇူလိုင်မှ သြဂုတ်အတွင်း) တွင် ဖြစ်ပါသည်။
မျိုးပွားမည့် ပင်စည်ကိုင်းခတ်အား ရွေးချယ်ခြင်း
မြေထုပ်စည်းမျိုးပွားရာတွင် မြေထုပ်စည်းမျိုးပွားမည့် ကိုင်းသည် ကျန်းမာသန်စွမ်းပြီး ပိုးမွှားရောဂါကင်းရမည်။ သက်တမ်းမှာ တစ်နှစ်သားခန့်ရှိပြီး မရင့်လွန်း၊ မနုလွန်းသည့် ကိုင်းလုံးပတ် (လက်မဝက် မှ ၁ လက်မ) အရွယ် အပွေးတက်စ ကိုင်းဖြစ်ရမည်။
မြေထုပ်စည်း မျိုးပွားရန် ပြင်ဆင်ဆောင်ရွက်ခြင်း
-
· မြေထုပ်စည်း မျိုးပွားမည့်နေရာသည် ကိုင်းဖျား(အညွန့်) မှ (၁) ပေ၊ (၂) ပေခန့် ကွာဝေးသင့်သည်။
· ရွေးချယ်ပြီးသော ကိုင်းပင်စည်နေရာ၏ အဆစ်အောက်နားကပ်ကာ အခေါက်ကို တစ်ပတ်လုံးရစ်၍ ခွာရမည် (အဆစ်နားကပ်၍ ခွာရခြင်းမှာ ကြီးထွားမှုဖြစ်စေသော ဆဲလ်များသည် အဆစ်များ ပတ်ဝန်းကျင်တွင်စုစည်းတည်ရှိနေသောကြောင့်ဖြစ်ပြီး အမြစ်ဖြစ်ပေါ်မှုကို ပို၍ ကောင်းစေသည်)။ ခွာသည့် အခေါက် အကျယ်သည် ကိုင်းအရွယ်အစားကို လိုက်၍ လက်မဝက်မှ တစ်လက်မခွဲ အထိထားနိုင်သည် (ပုံ-၃)။ ဤနည်းစနစ်သည် အသားတိုးလွှာ (Cambium) သီးသန့်ရှိသော “Dicot” အပင်များတွင် အသုံးပြုရန် သင့်တော်သည်။
· နောက်နည်းစနစ်တစ်ခုမှာ အခေါက်မခွာဘဲ ပင်စည်ကိုင်း၏ တဝက်ခန့်အား စောင်း၍ အထက်ဘက်သို့ ၁ လက်မခန့်ဓားဖြင့် လှီးဖြတ် ဒဏ်ရာပေးရမည်။ ၎င်းဒဏ်ရာအား သွားကြားထိုးတံကဲ့သို့ အရာတစ်ခုခုဖြင့် ပြန်မဆက်သွားစေရန် ဟထားပေးရမည် (ပုံ-၄)။ ဤနည်းစနစ်သည် အပင်အများစုအတွက် အသုံးပြုရန် သင့်တော်သည်။ သို့သော်လည်း အမြစ်ထွက်ရန် ခက်ခဲသော အပင်များ (ဥပမာ၊ ညောင်ကြက်ပေါင်) နှင့် အသားတိုးလွှာ (Cambium) သီးသန့်မရှိသော “Monocot” အပင်များတွင် ပို၍ အသုံးများသည်။
· အခေါက်ခွာနည်းစနစ်ကို အသုံးပြုမည်ဆိုပါက အသားတိုးလွှာဟုခေါ်သော အတွင်းပိုင်း မျက်နှာပြင်အလွှာပါးကို အသားနု ပြန်မတက်စေရန် ဓားဖြင့် ကုန်စင်အောင် ခြစ်ထုတ်ပစ်ရမည်။
· အခေါက်ခွာ/ဓားဒဏ်ရာပေးထားသောနေရာကို အစိုဓာတ်ထိန်းနိုင်သော မြေစပ်စာများဖြင့် သော်လည်းကောင်း၊ အုန်းဆံဖတ်များဖြင့်သော် လည်းကောင်း အုံမံ၍ အပေါ်မှ ပလပ်စတစ်နှင့် ထုပ်ပြီး ကြိုးဖြင့်လုံအောင် စည်းရမည် (ပုံ-၅ နှင့် ပုံ-၆)။
· ယေဘုယျအားဖြင့် မြေထုပ်စည်းပြီး တစ်လ သို့မဟုတ် တစ်လခွဲခန့်ကြာလျှင် မြေထုပ်စည်းထားသော ကိုင်းနေရာမှ အမြစ်များ ထွက်လာသည်ကို မြင်ရမည်ဖြစ်သည်(ပုံ-၇)။
· ထို့နောက် ၎င်းမြေထုပ်၏ အောက်ဖက် တစ်လက်မခန့် အကွာမှ ဖြတ်ယူ၍ ပျိုးအိတ်၊ ပျိုးအိုး အတွင်းသို့ ပြောင်းစိုက်ရမည် (ပုံ-၈)။
· ပျိုးအိတ်၊ ပျိုးအိုးများအား အရိပ်ကျဲစင်အောက်တွင် ထားပေးသင့်သည်။ အကယ်၍ အရွက်ပမာဏများနေလျှင် ထွက်လာသည့် အမြစ်ပမာဏနှင့် အရွက်ပမာဏကို ထိန်းညှိရန် အရွက်အချို့ကို ခြွေလျှော့ပေးရမည် (မြေထုပ်အား အပင်မှ မဖြတ်ယူမီ တပတ်ခန့်က ကိုင်းအခတ်လက်ရှိ အရွက်ပမာဏကို ကြိုတင်လျော့ချပေးထားလျှင်လည်း အကောင်းဆုံးဖြစ်သည်)။ ရေကိုလည်း လိုအပ်သလို လောင်းပေးရမည်။
ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)
2015-5-12 (5:30 PM)
ကျမ်းကိုး
၁။ Air Layering for Difficult-To-Root Plants (Everett E. Janne)
၂။ Plant Propagation(Alan Toogood, American Horticultural Society)
၃။ Plant Propagation: Principles and Practices(4th edition) (Hartmann and Kester)
၄။ Step-by-step Guide to Plant Propagation
၅။ ပုံများ အင်တာနက်စာမျက်နှာတစ်ချို့မှ ကူးယူပြီး ပြင်ဆင်ထားပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မြေထုပ်စည်းကိုင်းကူးနည်း
phone myint zaw
လွန်ခဲ့သော ၂ နှစ် ကဇီးပင်က မြေထုပ်စည်းနည်းရပါသလားခင်ဗျ
Kyaw Nanda
လွန်ခဲ့သော ၅ နှစ် ကစည်းကြည့်ရမှာပဲ။
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကပိန်နဲပင် ဆိုရင်ရော မြေထုပ်စည်းနည်းနဲ့ရမလားဗျ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from HanPhyoAung
အားလုံး