စိုက်ပျိုးသုတ ဧပြီလ

01/04/2023 09:00 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

ကြီးထွားဖွံ့ဖြိုးဆဲဖြစ်သော ကြံသီးနှံအပါအဝင် နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ စသည့် ယာသီးနှံများ၊ နှစ်သစ်တွင် စတင်ရွာသွန်းလာမည့် မိုးဖြင့် စိုက်ပျိုးမည့် နှမ်းလျင်၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံစသည့် ယာသီးနှံများနှင့် လက်ရှိစိုက်ပျိုးထားသော နွေစပါးသီးနှံတို့နှင့် ပတ်သက်၍ အသိပေးလိုသည်များရှိပါသည်။

မိုးကြိုယာသီးနှံများ(နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ)နှင့် ကြံသီးနှံ

ဧပြီလမှာ စိုက်ပျိုးရှင်သန်လျက်ရှိသော ယာသီးနှံအားလုံးကို မြေတွင်းအစိုဓာတ် မပြတ်စေဖို့ ဂရု စိုက်ပါ။ နွေရာသီဖြစ်သဖြင့် မိုးရေကိုမျှော်ကိုးလို့မရနိုင်ပါ။ သွင်းရေကိုသာ အားကိုးရမည်။ 

ရေသွင်းရာတွင် ကွက်ပြင်ကျယ်ရေသွင်းစနစ်ဖြစ်ပါက စိုက်ကွက်အတွင်း ပျံ့နှံ့မှုရှိရန် အထူးဂရုစိုက်ပါ။ အပင်ခြေရေဝပ်ခြင်းများ မဖြစ်ပေါ်ပါစေနှင့်။

ယာသီးနှံအလိုက် မဖြစ်မနေရေလိုအပ်သည့်အချိန်များရှိသည်။ ထိုအချိန်တွင် ရေအစိုဓာတ်သာမရပါက သီးနှံအထွက်နှုန်းကို ထိခိုက်နိုင်သည်။ ယေဘုယျအားဖြင့် မည်သည့်သီးနှံအတွက်မဆို ပန်းပွင့်ချိန်မှာရေအစိုဓာတ်မပြတ်စေရန် အထူးအရေးကြီးပါသည်။ 

မိုးကြိုချည်မျှင်ရှည်ဝါသီးနှံတွင် စိုက်ပြီး ၄၅ ရက်မှ ရက် ၉၀ တွင် ရေလိုအပ်မှု ရှိနိုင်သည်။ ချည်မျှင် ရှည်ဝါပင်၏ ရေအများဆုံးလိုအပ်ချိန်မှာ ပန်းပွင့်ဖြိုင်ချိန်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ထိုအချိန်မတိုင်မီ ချည်မျှင်ရှည်ဝါစိုက်ခင်း၌ ရေလိုအပ်မှုရှိမရှိကို စစ်ဆေးကာ ပန်းပွင့်ပြီးဆုံးချိန်ထိ မြေအစိုဓာတ်ရှိနေစေရေး ဆောင်ရွက်သင့်ပါသည်။

ကြံပင်လိုသီးနှံမျိုးတွင်မူ ကြံပင်သက်တမ်း ၉၀ မှ ၁၂၀ အတွင်းတွင် မြေအစိုဓာတ် ကောင်းနေအောင် ရေပေးသွင်းသင့်သည်ဟုသိရသည်။ 

နွေရာသီကာလကို ဖြတ်သန်းနေရသဖြင့် မူလစိုက်ပျိုးစဉ်က အစိုဓာတ်မိမိ၊ စိုက်တန်းစိုက်ကျင်း နက်နက် စိုက်ပျိုးခဲ့သော်လည်း မြေအမျိုးအစား ဖွဲ့စည်းပုံအရ မြေအစိုဓာတ် လိုအပ်မှုတွေ ရှိလာနိုင်ပါသည်။

ရေပေးသွင်းစဉ် ယူရီးယားဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာတို့ကိုပါ ထည့်ပေးပါ။ ကြံခင်းအတွင်း ရေဝပ်မနေစေဖို့တော့ဂရုစိုက်ရမည်။ ရေထုတ်မြောင်း၊ စိမ့်မြောင်း၊ ပတ်မြောင်းများ ထားပေးရပါမည်။ ကြံပင်သက်တမ်းရက် ၁၂၀ တွင် တစ်ပါတည်း ဘောင်လုံးပေးနိုင်ပါသည်။

မိုးဦးယာသီးနှံများ(နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပြောင်းဖူး)

စိုက်ပျိုးရန်လိုအပ်သည့် မျိုး၊ မြေသြဇာတွေ လက်ဝယ်အဆင်သင့် ရှိထားသင့်ပြီ။ ယာခင်းအတွင်း သဘာဝမြေသြဇာနွားချေးထည့်ထားနိုင်သည်။ 

မိုးရွာသွန်းလာမှုအခြေအနေကိုတော့ ကြည့်ဖို့လိုသည်။ အနည်းဆုံး မိုးရေချိန် လက်မဝက် မရွာဘဲနှင့် စတင်မစိုက်ပျိုးဖို့ ပြောလိုသည်။ အပင်ပေါက်မလာတာ၊ အပင်ပေါက်ပြီး နေပူမိသေသွားမှာ စိုးရိမ်၍ ဖြစ်ပါသည်။

မိုးဦးရာသီတွင် ယာသီးနှံများစွာကို စိုက်ပျိုးနိုင်သည်။ မည်သည့်ယာသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ စိုက်ပျိုးမည့်မျိုးတွင် ရှိသင့်သည့်အရည်အချင်းများများမှာ− (၁)အသက်လျင်ရမည်။ (၂) အထွက်ကောင်းရမည်။ (၃) ခြောက်သွေ့မှုဒဏ်ခံနိုင်ရမည်။ (၄) အပင်ပေါက်ရာခိုင်နှုန်း(၈၀)အထက်ရှိသောမျိုးသန့်ဖြစ်ရမည်။ (၅) အပင်ပေါက် သန်စွမ်းကောင်းမွန်သောမျိုး ဖြစ်ရမည်။ (၆) ရေမြေဒေသကိုက်ညီဖြစ်ထွန်းပြီး မိုးခေါင်မှုဒဏ်ခံနိုင်သောမျိုး ဖြစ်ရမည်။(၇) စျေးကွက်ရှိရပါမည်။ 

မုတ်သုန်မိုးရွာလျင် ချက်ချင်းစိုက်ပျိုးနိုင်ဖို့ ယခုဧပြီလအတွင်း ကြိုတင်ပြင်ဆင်ရန် ဖြစ်ပါသည်။

နွေစပါးသီးနှံ

မြန်မာနိုင်ငံအောက်ပိုင်းက နွေစပါးစိုက်ခင်းများ ရိတ်သိမ်းချွေသယ်ယူသည့် လုပ်ငန်းအဆင့်ဆင့်မှာ အလေအလွင့်နည်းပါးရေးကို ဂရုစိုက်ပါ။ သပိတ်ဝင်အိတ်ဝင်မို့ မဖိတ်စင်စေလိုတော့ပါ။

မြန်မာနိုင်ငံအထက်ပိုင်းတွင် စိုက်ပျိုးဆဲ၊ စိုက်ပျိုးပြီး  အပင်ပွားစည်းချိန်ရောက်ရှိသောစပါးခင်းများလည်း ရှိနေပြီ။

နွေစပါးအထွက်ကောင်းဖို့ အာဟာရပြည့်ဝရန် အထူးလိုအပ်သည်။ အထူးသဖြင့် နိုက်ထရိုဂျင်အာဟာရပြည့်ဝနေရသည်။ ထို့ကြောင့်နွေစပါးတွင် ယူရီးယားကဲ့သို့ နိုက်ထရိုဂျင်မြေသြဇာကို ပိုမိုကျွေးသင့်ပါသည်။

နွေစပါးခင်းအတွင်း ပေါင်းမြက်ကင်းစင်စေရန် အရေးကြီးသည်။ ပေါင်းမြက်ပင်တို့သည် နေရောင်ခြည်၊ အာဟာရနှင့်ရေကို စပါးပင်နှင့် ယှဉ်ပြိုင်လုယက်ရယူ စားသုံးသည့်အပင်မျိုး ဖြစ်သည်။ 

ယူရီးယားဓာတ်မြေသြဇာက ဖြစ်ပေါ်လာသော နိုက်ထရိုဂျင်သည် ရည်ရွယ်လိုက်သည်က စပါးသီးနှံပင်အတွက်ဖြစ်သော်လည်း စပါးသာမက ပေါင်းမြက်ပင်များကိုပါ ကြီးထွားဖွံ့ဖြိုးစေဖို့ ဖြစ်သွားနိုင်သည်။ စပါးပင်မှာမူ ပေါင်းမြက်ပင်ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိသဖြင့် ကြုံလှီသေးကွေး အပင်ညံ့သွားတတ်သည်။ 

ပေါင်းမြက်ကို ကောင်းစွာနှိမ်နင်းခြင်းမပြုလျှင် မြေသြဇာနှုန်းကို နှစ်ဆတိုးမြှင့် သုံးစွဲသော်လည်း ကုန်ကျစရိတ်များသလောက် ဝင်ငွေအကျိုးအမြတ် မရရှိနိုင်သည်ကိုလည်း သတိမူဖို့လိုပါသည်။

နှစ်သစ်တွင် စိုက်ပျိုးအောင်မြင်စေချင်

ဧပြီလသည် နှစ်သစ်၏ အစဦးဆုံးလဖြစ်သည်။ နှစ်သစ်မှာ စိုက်ပျိုးမည့်သီးနှံများတွင် သီးနှံမျိုးရွေးချယ်မှုမှန်ကန်စေချင်သည်။ အဓိကမှာ အသက်လျင်မျိုးတွေ ဖြစ်ဖို့လိုသည်။ အထွက်ကောင်းရမည်။ စျေးကွက်ရှိရမည်။ စိုက်ချိန်တွေမှန်ဖို့ လိုပါသည်။

ယာမြေတွင် မိုးဦးသီးနှံ မိုးဦးစိုက်ချိန် နောက်ကျလို့မဖြစ်ပါ။ မိုးနှောင်းသီးနှံ မိုးနှောင်းစိုက်ချိန် နောက်ကျလို့မဖြစ်ပါ။ အစိုဓာတ်မဆုတ်ယုတ်မီ အမြန်စိုက်ရန်ဖြစ်ပါသည်။

လယ်မြေတွင်လည်း ထို့အတူပင်။ မိုးစပါးမတိုင်မီ ယာသီးနှံတစ်မျိုးမျိုးကို မိုးဦးတွင် စိုက်ပျိုးသည်ဖြစ်ရာ မိုးဦးစိုက်ချိန် နောက်မကျဖို့လိုသည်။ မိုးစပါးကိုလည်း စိုက်ချိန်နောက်ကျလို့ မဖြစ်ပါ။ မိုးစပါးအပြီး ယာသီးနှံတစ်မျိုးမျိုးကို ဆက်လက်စိုက်ပျိုးအောင်မြင်ဖို့ လိုပါသည်။

အချုပ်အားဖြင့်ပြောလိုသည်မှာ နှစ်သစ်တွင် သီးနှံပုံစံချမှတ်စိုက်ပျိုးမည့် သီးနှံအားလုံး၏ စိုက်ချိန်ရိတ်ချိန်တို့ကို ကြိုတင်တွက်ဆပြီး သီးနှံပုံစံတစ်ခုလုံးမှ သီးနှံအထွက်ရရှိကာ အကျိုးအမြတ်ဝင်ငွေပိုမိုရရှိအောင် ဆောင်ရွက်ရန် ဖြစ်ပါသည်။

ဆင်းသီဟ

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်