ပိုကြီးတဲ့ BSF တွေ ထုတ်နိုင်ပြီနှင့် ကမ္ဘာတလွှား စိတ်ဝင်စားဖွယ်မွေးမြူရေးသတင်းများ

25/04/2023 11:00 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

သက်ခိုင် စုစည်းတင်ပြသည်။

အစ်ပွဲတော်အတွက် တိရစ္ဆာန်အကောင်ရေတစ်သန်း တင်သွင်းမယ့် မော်ရိုကို

မကြာခင်မှာ မွတ်ဆလင်ဘာသာဝင်တွေရဲ့ အစ်ပွဲတော် (Eid Al Adha) ကျရောက်တော့မှာ ဖြစ်ပါတယ်။ မွတ်ဆလင်ဘာသာဝင်အများစုနေထိုင်ရာ မော်ရိုကိုနိုင်ငံကတော့ အဲဒီအစ်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တာတွေကို ဆောင်ရွက်နေပါပြီ။ အရေးတကြီးကြိုတင်ပြင်ဆင်ရတဲ့ ကိစ္စတစ်ခုကတော့ အစ်ပွဲတော်အတွက် လိုအပ်တဲ့ သိုး၊ ဆိတ်၊ နွား တွေ အလုံအလောက် ရရှိအောင် ဆောင်ရွက်ရတာပါပဲ။

ဘာကြောင့်လဲဆိုရင် အဲဒီကာလ မှာ သိုး၊ ဆိတ်၊ နွားတွေ နိုင်ငံအတွင်း အလုံအလောက်မရှိဘူးဆိုရင် ဈေးနှုန်းတွေ အဆမတန်မြင့်မားလာနိုင်လို့ပါ။ ပုံမှန်အားဖြင့်ဆိုရင်လည်း အစ်ပွဲတော် မတိုင်ခင်ဆို အသားဈေးနှုန်းတွေက တရိပ်ရိပ် တက်လာလေ့ရှိပါတယ်။ ဒါ့အပြင် ပွဲတော်ရက်အတွင်း သိုး၊ ဆိတ်၊ နွားတွေကို အသုံးပြုလိုက်တာကြောင့်၊ နောက်ပိုင်း တောက်လျှောက် အသားဈေးနှုန်း မတည်ငြိမ်ဘဲ မြင့်မားလာနိုင်တဲ့ ပြဿနာကလည်း ရှိပါသေးတယ်။ 

ဒါကြောင့် မော်ရိုကိုနိုင်ငံဟာ သိုးနဲ့နွား အကောင်ရေ တစ်သန်းကို ပြည်ပကနေ တင်သွင်းဖို့ စီစဉ်ထားပါတယ်လို့ Morocco World News က ဧပြီ ၂၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စတင်ပြီး နွားနဲ့ သိုးကောင်ရေ ၃၂၀၀၀ တင်သွင်းခဲ့ပြီး ဖြစ်တယ်လို့ ပြီးခဲ့တဲ့အပတ်ကကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ ကြေညာခဲ့ပါတယ်။

မော်ရိုကိုနိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းချုပ် (Moroccan Confederation of Agriculture and Rural Development - COMADER) ရဲ့ အဆိုအရ အဲဒီ အစ်ပွဲတော်အတွက် ရည်ရွယ်ပြီး မွေးမြူထုတ်လုပ်ထားတဲ့ တိရစ္ဆာန်ကောင်ရေ ၄ သန်းထိ ရှိနှင့်ပြီးသား ဖြစ်ပေမဲ့ နောက်ထပ် ၁ သန်းကို ပြည်ပကနေ တင်သွင်းဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

လိုအပ်နေတဲ့ တိရစ္ဆာန်တွေကိုတော့ အဓိကအားဖြင့် ဘရာဇီးလ်နိုင်ငံကနေ တင်သွင်းမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဘရာဇီးလ်နိုင်ငံမှာ နွားရူးရောဂါပြဿနာ ရှိနေတာမို့ အဲ့ဒီကနေ တင်သွင်းမယ့်နွားတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုက စိုးရိမ်နေကြပြန်ပါတယ်။ မော်ရိုကိုအစိုးရကတော့ တင်သွင်းလာမယ့်နွားတွေရဲ့ အရည်အသွေးတွေ၊ ကျန်းမာရေးတွေနဲ့ ပတ်သက်ပြီး ကတိတွေ အထပ်ထပ်ပေးနေပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ဘာသာရေးပွဲတော်တစ်ခုက မွေးမြူရေးကဏ္ဍနဲ့ စားသုံးသူဈေးကွက်အပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိတယ်ဆိုတာကို ဒီသတင်းကနေ လှစ်ဟဖော်ပြနေပါတယ်။ ဒါ့အပြင် ဘာသာရေးပွဲတော်တွေ အပါအဝင် ယဉ်ကျေးမှု အစဉ်အလာတွေကနေ စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် ဈေးကွက်ဖန်တီးမှုတွေ ဘယ်လို ဖော်ဆောင်နိုင်မလဲ၊ အစိုးရတွေအနေနဲ့ ဈေးကွက်တည်ငြိမ်ရေးကို တာဝန်သိသိ ဘယ်လိုဆောင်ရွက်ပေးမလဲ စတာတွေကလည်း အတွေးပွားစရာမို့ မြန်မာ့မွေးမြူသူများအတွက် စိတ်ဝင်စားဖွယ် သတင်းတစ်ပုဒ်အဖြစ် တင်ပြပေးလိုက်ပါတယ်။ 

၅၀ ရာခိုင်နှုန်းပိုကြီးတဲ့ BSF သားလောင်း ထုတ်လုပ်နိုင်ပြီ

FreezeM လို့ အမည်ရတဲ့ အစ္စရေးလ်အခြေစိုက်ကုမ္ပဏီတစ်ခုက သူတို့အနေနဲ့ တိရစ္ဆာန်အစာအဖြစ်အသုံးပြုဖို့ ပုံမှန်ထက် ၅၀ ရာခိုင်နှုန်း ပိုမိုကြီးထွားတဲ့ BSF(ယင်နက်) သားလောင်းတွေကို ထုတ်လုပ်နိုင်ပြီလို့ဆိုပါတယ်။ ဒီသတင်းကိုတော့ အစ္စရေးလ်နိုင်ငံရဲ့ တီထွင်ဆန်းသစ်မှုတွေကို အဓိကအသားပေးဖော်ပြတဲ့ NOCAMELS Israeli Innovation News က ဧပြီ ၂၄ ရက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

ယင်ကောင်နက်၊ ယင်မည်းလို့ မြန်မာတွေအသိများတဲ့ Black Soldier Fly – BSF ရဲ့ သားလောင်းတွေကို တိရစ္ဆာန်အစာအဖြစ် ထုတ်လုပ်မှုဟာ ကမ္ဘာတလွှား စတင်တွင်ကျယ်လာနေပြီ ဖြစ်ပါတယ်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေက စွန့်ပစ်လိုက်တဲ့ သြဂဲနစ်အညစ်အကြေးတွေကို BSF ယင်ကောင်သားလောင်းတွေက စားသုံးပြီး ကြီးထွားကြပါတယ်။ အဲဒီလို ကြီးထွားလာတဲ့ သားလောင်းတွေကို တိရစ္ဆာန်အစာအဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။

ဒါကြောင့် BSF မွေးမြူရေးဟာ အညစ်အကြေးစီမံခန့်ခွဲမှုအတွက် အသုံးဝင်သလို အာဟာရပြည့်ဝတဲ့ တိရစ္ဆာန်အစာကုန်ကြမ်းတွေကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ အဲဒီလို ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်နိုင်သလို အကျိုးရှိလှတဲ့ BSF မွေးမြူရေးကို ကမ္ဘာတလွှားစိတ်ဝင်စားလာနေကြတာပါ။ 

အဲဒီအခြေအနေမှာပဲ အစ္စရေးနိုင်ငံအလယ်ပိုင်းက ဆိုရှယ်လစ်ကျေးရွာကြီးတစ်ခုဖြစ်တဲ့ Kibbutz Nahshonim ကျေးရွာပိုင် ကုမ္ပဏီလေး FreezeM က သူတို့ဟာ ယခင်ကထက် အကောင်အရွယ် အစား ၅၀ ရာခိုင်နှုန်း ပိုမိုကြီးထွားတဲ့ BSF တွေကို ထုတ်လုပ်နိုင်ပြီ လို့ ကြေညာလိုက်တာပါ။ သူတို့ဟာ မျိုးဗီဇပြုပြင်မှုပြုလုပ်ပြီး အကောင်အရွယ်အစားပိုမိုကြီးမားတဲ့ BSF တွေကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို မျိုးဗီဇပြုပြင်ထုတ်လုပ်ထားတဲ BSF တွေကိုတော့ BSF-Titan လို့ အမည်ပေးထားပါတယ်။ 

ယေဘုယျအားဖြင့် BSF သားလောင်းတွေဟာ အသားဓာတ် ၅၀ ရာခိုင်နှုန်းအထိ ပါဝင်နေတာမို့ အခုလို အရွယ်အစား ထက်ဝက်ပိုကြီးတဲ့ သားလောင်းတွေကို ထုတ်လုပ်နိုင်ပြီဆိုရင် တိရစ္ဆာန်အစာအတွက် အသားဓာတ်တွေကို ပိုမိုထောက်ပံ့နိုင်တော့မှာ ဖြစ်ပါတယ်။ 

မြန်မာပြည်က BSF မွေးမြူရေးစိတ်ဝင်စားသူတွေနဲ့၊ မွေးမြူရေးအစာဈေးနှုန်းတွေမြင့်တက်မှုကြောင့် အမြဲခေါင်းခဲနေရတဲ့ မွေးမြူရေးသမားတွေအတွက်တော့ ဒီသတင်းဟာ စိတ်ဝင်စားရုံမက၊ စိတ်ဓာတ်တက်ကြွစရာ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ 

သင်္ဘောနဲ့ တိရစ္ဆာန်အရှင်တွေ တင်ပို့တာကို ရပ်ဆိုင်းလိုက်တဲ့ နယူးဇီလန်

နယူးဇီလန်လို့ပြောလိုက်ရင် မွေးမြူ‌ရေးလုပ်ငန်း (အထူးသဖြင့် နွားမွေးမြူရေးလုပ်ငန်း) တွေ ထွန်းကားတဲ့ နေချင့်စဖွယ် ကျွန်းနိုင်ငံလေးဖြစ်တာကို လူတိုင်းသိကြမှာပါ။ ရေမြေရာသီဥတုက မွေးမြူရေးလုပ်ကိုင်ဖို့ အခွင့်ထူးပေးထားတဲ့အလျောက် နွားမွေးပြီး နွားနို့တင်ပို့ရောင်းချတာ၊ နွားအရှင်တွေ တင်ပို့ရောင်းချတာကလည်း နယူးဇီလန်ရဲ့ အရေးကြီးတဲ့ စီးပွားရေးတစ်ခုပါ။ အခုတော့ဖြင့် နယူးဇီလန်အစိုးရက တိရစ္ဆာန်အရှင်တွေကို သင်္ဘောပေါ်တင်ပြီး နိုင်ငံခြားကို တင်ပို့ရောင်းချ တာကို ရပ်တန့်ပစ်လိုက်ပါပြီ။ အကြောင်းက ဒီလိုပါ။ 

၂၀၂၀ ခုနှစ်တုန်းက နယူးဇီလန်ကနေ နွားအကောင်ရေ ၆၀၀၀ တင်ဆောင်ပြီး တရုတ်နိုင်ငံကို ပို့ဆောင်တဲ့ တိရစ္ဆာန်တင်သင်္ဘော Gulf Livestock 1 ဟာ ဂျပန်နိုင်ငံအနီး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပါတယ်။ အဲဒီသင်္ဘောပေါ် မှာ သင်္ဘောသား ၄၃ ဦး တာဝန်ထမ်းဆောင်နေတာလည်း ဖြစ်ပါတယ်။

သင်္ဘောနစ်မြုပ်မှုကြောင့် သင်္ဘောသား ၂ ဦးသာ အသက်ရှင်သန်ခဲ့ပြီး ၄၁ ဦး သေဆုံးခဲ့ရပါတယ်။ သင်္ဘောပေါ်က တိရစ္ဆာန်တွေ အားလုံးလည်း သေပွဲဝင်ခဲ့ကြရပါတယ်။ အဲဒီဖြစ်စဉ်နောက်ပိုင်းမှာ နယူးဇီလန်အစိုးရက သင်္ဘောပေါ် တိရစ္ဆာန်တွေတင်ပြီး နိုင်ငံခြားကို တင်ပို့တဲ့လုပ်ငန်းကို ယာယီရပ်နားထားခဲ့ပါတယ်။ သူတို့က နောက်ထပ် အဲဒီလိုအဖြစ်ဆိုးမျိုး မကြုံတွေ့ရဖို့အတွက် သင်္ဘောနဲ့ တိရစ္ဆာန်တွေတင်ပို့တဲ့လုပ်ငန်းမှာ လိုအပ်တဲ့ လုံခြုံရေးစည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့အတွက် အဲဒီလို ရပ်နားထားခဲ့တာပါ။ 

ဒါပေမယ့် အခုတော့ ယာယီရပ်နားတာ မဟုတ်ဘဲ တိရစ္ဆာန်အရှင်တွေကို သင်္ဘောနဲ့တင်ပို့တဲ့ လုပ်ငန်းကို လုံးဝရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ 

အဓိကကတော့ ကမ္ဘာပေါ်မှာ စားနပ်ရိက္ခာထုတ်လုပ်ရေးအတွက် ဦးဆောင်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေတဲ့ နယူးဇီလန်ရဲ့ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ သင်္ဘောနဲ့ တိရစ္ဆာန်အရှင်တွေ တင်ပို့လို့ရတဲ့ဝင်ငွေက မွေးမြူရေးထုတ်ကုန်တွေကို ပြည်ပတင်ပို့မှုက ရရှိတဲ့ ဝင်ငွေစုစုပေါင်းရဲ့ ၀.၃၂ ရာခိုင်နှုန်းပဲ ရှိတာပါ။ ဒါပေမဲ့လည်း မွေးမြူသူတွေအတွက် အထိုက်အလျောက် အကျိုးရှိတာမို့ အဲဒီလုပ်ငန်းကို ဆောင်ရွက်ခဲ့တာပါ။

တစ်ဖက်မှာ အခုလို သင်္ဘောနစ်မြုပ်မှုက နယူးဇီလန်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ပြည်ပပို့ကုန်တင်ပို့ရာမှာ ထိခိုက်လာနိုင်ပါတယ်။ နယူးဇီလန်ရဲ့ ပြည်ပပို့ကုန်တန်ဖိုးဟာ ဒေါ်လာ ၅၃ ဘီလီယံ တန်ကြေးရှိတာမို့ အဲဒီလုပ်ငန်းကြီးကို ဆက်လက်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ပဲ ပင်လယ်ရေကြောင်းကနေတဆင့် တိရစ္ဆာန်အရှင်တွေ ပြည်ပကို တင်ပို့ရောင်းချတဲ့လုပ်ငန်းကို လုံးဝရပ်ဆိုင်းပစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ 

ပြည်ပကို ထုတ်ကုန်တွေတင်ပို့တယ်ဆိုတာ ငွေကြေးကိစ္စသပ်သပ်မဟုတ်ပါဘူး။ လိုက်နာရမယ့် စည်းကမ်းတွေ၊ တန်ဖိုးထားရမယ့်ဂုဏ်သိက္ခာတွေနဲ့ အဲဒါတွေအတွက် ကြိုတင်ပြင်ဆင်စရာတွေလည်း အများကြီး ရှိနေဦးမှာပါ။ မြန်မာ့မွေးမြူရေးကဏ္ဍအနေနဲ့လည်း တချိန်ချိန်မှာ ပြည်တွင်းစားသုံးမှုအတွက်သာမဟုတ်ဘဲ ပြည်ပကို ဂုဏ်သိက္ခာရှိရှိ၊ စီးပွားရေးတွက်ချေကိုက်ကိုက် တင်ပို့ရောင်းချနိုင်တဲ့အခြေအနေ ရောက်ရှိနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်