သခွားသီးတွေ အဝါရောင်ပြောင်းလာရတဲ့ အကြောင်းအရင်း

18/07/2024 10:18 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

သခွားသီးပင်ဟာ အစေ့ကနေ စတင်စိုက်ပျိုးရာမှာ အလွယ်ကူဆုံး ဟင်းသီးဟင်းရွက်များထဲမှ တစ်ခုအဖြစ်နဲ့ နာမည်ကောင်းရှိပါတယ်။ သို့ပေမဲ့ တခါတရံမှာတော့ သခွားပင်မှာ ကျွတ်ဆတ်ပြီး အစိမ်းရင့်ရောင် သခွားသီးတွေရှိရမဲ့အစား သခွားသီးတစ်လုံး (သို့မဟုတ်) တစ်လုံးထက်ပိုပြီး အဝါရောင်ပြောင်းနေတတ်တာကို သတိပြုမိကြပါလိမ့်မယ်။ သခွားပင်မှာ ပုံမှန်မဟုတ်သော အဝါရောင်အရွက်တွေ သို့မဟုတ် အဝါရောင်သခွားသီးတွေ တွေ့ရတယ်ဆိုရင် အဆိုပါ ပြဿနာဖြစ်စေတဲ့အရာတွေကို ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ သခွားသီးတွေ  အမှည့်လွန်ပြီး  မခူးဆွတ်နိုင်တာကြောင့် အဝါရောင်ပြောင်းသွားတာလား၊  ရေလောင်းခြင်း၊ အာဟာရဓာတ်နဲ့ ရောဂါပြဿနာတွေကြောင့်လားဆိုတာ လေ့လာဆန်းစစ်ဖို့လိုအပ်ပါတယ်။ 

 အဲဒီလို သခွားသီးတွေ အဝါရောင်ပြောင်းသွားတာ ဘာကြောင့်ဘာပါလဲ။ အဆိုပါ ပြဿနာကို တားဆီးဖို့ ဘာတွေလုပ်ဆောင်နိုင်သလဲဆိုတဲ့ အကြောင်းရင်းတွေကို ယခုဆောင်းပါးမှာ လေ့လာကြည့်ရမှာ ဖြစ်ပါတယ်။ ထို့အပြင် သခွားသီးတွေ ခူးဆွတ်ရိတ်သိမ်းရာမှာ ပြဿနာကင်းစေဖို့အတွက် ကုသဖြေရှင်းနည်းအချို့ကိုပါ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

၁။ အရင့်လွန်/ အမှည့်လွန်ခြင်း

ပထမဆုံးအချက်ကတော့ အပင်ပေါ်မှာ သခွားသီးကို ပိုကြီးအောင်အချိန်ကြာကြာထားလေ အစိမ်းရောင်မှ အဝါရောင်သို့ ပြောင်းနိုင်ချေ ပိုများလေဖြစ်ပါတယ်။ ဒါ့ကြောင့် သခွားသီး ခူးဆွတ်ရိတ်သိမ်းချိန်က အရေးကြီးပါတယ်။ သခွားသီးစိုက်ပျိုးရာမှာ သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခု လိုအပ်ပြီး ယေဘုယျအားဖြင့် ရက်ပေါင်း ၄၀ - ၆၀ အတွင်းမှာ သခွားသီးတွေ ခူးဆွတ်ရိတ်သိမ်းဖို့ရာ အသင့်ဖြစ်လေ့ရှိပါတယ်။ သခွားသီးကို အချိန်ကိုက် ခူးဆွတ်ခြင်းဟာ အသီးကို ချိုမြိန်စေပြီး ခါးသက်တာမျိုးလည်း မရှိစေနိုင်ပါဘူး။ 

အပင်ပေါ်မှာ အချိန်ကြာမြင့်စွာ ကျန်ရှိခဲ့မဲ့ သခွားသီးတွေဟာ ချိုမြိန်လတ်ဆတ်သောအရသာကို ပျက်စီးစေပြီး ခါးသက်လာနိုင်ပါတယ်။ အပင်ပေါ်မှာ မတူညီတဲ့အချိန်အပိုင်းအခြားနဲ့ အသီးတွေ ရင့်မှည့်လာမှာ ဖြစ်တာကြောင့် ၎င်းတို့ကို ခူးဆွတ်ရန်အသင့်ဖြစ်ပြီဆိုပါက ချက်ချင်းခူးဆွတ်နိုင်ရန် အရေးကြီးပါတယ်။ သခွားသီးမှာ အရင့်လွန်သွားကြောင်း အဝါရောင်လက္ခဏာတွေ မပြခင်မှာ ခူးဆွတ်သင့်တာ ဖြစ်ပါတယ်။ အကယ်လို့ အပင်မှာ အဝါရောင်သခွားသီးတွေ စတင်တွေ့ရှိလာတာကို အပင်ကနေ ခူးဆွတ်ခြင်းမပြုပါက သခွားသီးအထွက်နှုန်းကိုပါ ထိခိုက်နိုင်မှာ ဖြစ်ပါတယ်။ အကယ်လို့ အဝါရောင်သခွားသီးတွေကို အထူးတလည် အသုံးပြုစရာမရှိဘူးဆိုရင်တော့ မြေဆွေးပုံပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 

၂။ ရေ အလုံအလောက်မရရှိခြင်း 

အဝါရောင်သခွားသီးတွေ ထွက်ပေါ်လာခြင်းရဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုက အပင်အနေနဲ့ ရေ အလုံအလောက်မရရှိခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။ မိုး ပုံမှန်ရွာသွန်းခြင်း မရှိပါက သခွားပင်ကို မကြာခဏ ရေလောင်းပေးဖို့ လိုအပ်ပါတယ်။ ယေဘုယျအားဖြင့် မြေဆီလွှာရဲ့ အပေါ်ယံ ၂ လက်မခန့် ခြောက်သွေ့သွားတဲ့အခါတိုင်း အပင်ရဲ့ခြေရင်းကို ရေရွှဲရွှဲလောင်းပေးသင့်ပါတယ်။ မှိုရောဂါကူးစက်နိုင်တာကြောင့် အရွက်တွေပေါ် ပက်ဖျန်းတာမျိုးတော့ မပြုလုပ်သင့်ပါဘူး။

အပူချိန် အလွန်ပြင်းတဲ့ကာလမျိုး (သို့မဟုတ်) ပူပြင်းတဲ့ လေ တိုက်ခတ်တဲ့ ကာလမျိုးတွေမှာဆိုရင် မြေဆီလွှာ အစိုဓာတ် လျင်မြန်စွာ ခန်းခြောက်သွားတတ်တာကြောင့် အပင်ကို တစ်နေ့ ၂ ကြိမ် ရေလောင်းရန်ဖို့ လိုအပ်ပါတယ်။ ယေဘူယျအားဖြင့် သခွားပင်ရဲ့ ရေ လိုအပ်ချက်က ၁ ပတ်လျှင် ၁ - ၂ လက်မ အနက်ထိ စိမ့်ဝင်အောင် လောင်းပေးသင့်တာ ဖြစ်ပါတယ်။ ထို့အပြင် အပင်ခြေတစ်ဝှိုက်မှာ ကောက်ရိုး၊ သစ်ရွက်ခြောက်၊ မြေဆွေး စတာတွေနဲ့ မြေဖုံးပေးထားခြင်းဖြင့် မြေဆီလွှာအစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်မှာ ဖြစ်ပါတယ်။ အပင်မှာ အဝါရောင်သခွားသီးတွေ တွေ့ရှိရတဲ့အခါ ချက်ချင်းဖယ်ရှားပြီး ရေလောင်းတဲ့အကြိမ်ရေကို တိုးပေးသင့်ပါတယ်။ ရေလောင်းတဲ့အခါ ရေမဝပ်နေစေဖို့တော့ သတိပြုသင့်ပါတယ်။ အချိန်ကြာကြာရေဝပ်တဲ့အခါ အမြစ်ပုပ်ပြီး အပင်သေဆုံးသွားနိုင်တာကြောင့် ဖြစ်ပါတယ်။

၃။ ရေ များလွန်းခြင်း 

ရေ အလုံအလောက် မရရှိတဲ့အခါ သခွားသီးတွေ အဝါရောင်ပြောင်းလာတတ်သလို ရေ များလွန်းတဲ့အခါမှာလည်း အဝါရောင်ပြောင်းလာတတ်ပါတယ်။ ရေ များလွန်းတဲ့အခါမှာ အရွက်ဝါခြင်း၊ အပင်ညှိုးခြင်း၊ အမြစ်ပုပ်ခြင်းနဲ့ နောက်ဆုံးမှာ အပင်ကိုပါသေဆုံးသွားစေနိုင်ပါတယ်။ မြေဆီလွှာ ရေစိမ့်ဝင်နိုင်မှု ညံ့ဖျင်းပြီး မိုး အရမ်းရွာတဲ့အခါမျိုးမှာ အဲဒီလိုမျိုး ဖြစ်တတ်ပါတယ်။ ရေ များလို့ အရွက်တွေဝါလာရင်တော့ အရွက်တွေကို ဖယ်ရှားသင့်ပါတယ်။ အဲဒီအခြေအနေမျိုးမှာ အပင်ခြေရင်းတစ်ဝိုက် ရေတွေ အိုင်နေတာကို သတိပြုမိနိုင်ပါတယ်။ 

သဘာဝမိုးရေကြောင့် ရေ များတာမျိုး မဟုတ်ဘဲ ရေလောင်းများတာကြောင့် ဆိုရင်တော့ ရေမကြာခဏလောင်းတာကို ရပ်ပစ်လိုက်သင့်ပါတယ်။ ရေ စိမ့်ဝင်နိုင်မှု အားနည်းတဲ့မြေဆီလွှာမှာ စိုက်ပျိုးထားတယ်ဆိုရင်တော့ မြေဆီလွှာ ကောင်းစွာခြောက်သွေ့တဲ့အခါ ရောက်မှသာ ရေလောင်းခြင်းကလွဲပီး အပင်အတွက် အခြားလုပ်ဆောင်ပေးစရာ များများစားစား ရှိမှာမဟုတ်ပါဘူး။ နောက်တစ်ရာသီ မစိုက်ပျိုးခင်မှာ ရေစိမ့်ဝင်နိုင်မှု ကောင်းမွန်စေဖို့အတွက် မြေဆီလွှာမှာ အော်ဂဲနစ်ဒြပ်စင်တွေကို များများထည့်ပေးထားနိုင်ပါတယ်။ 

၄။ အာဟာရဓာတ် ချို့တဲ့ခြင်း

အချိန်တိုအတွင်း ပေါပေါများများ ထွက်ရှိနိုင်တဲ့ သီးနှံအားလုံးကဲ့သို့ပင် သခွားပင်ကိုလည်း ပုံမှန် မြေသြဇာကျွေးဖို့ လိုအပ်ပါတယ်။ အများလို အာဟာရဓာတ်များထဲမှ နိုက်ထရိုဂျင်နဲ့ အနည်းလို အာဟာရဓာတ်များထဲမှ ဆာလဖာကဲ့သို့ အာဟာရဓာတ် များချို့တဲ့ပါက သခွားသီးတွေ အဝါရောင်ပြောင်းသွားတတ်ပါတယ်။ 

သခွားပင်အတွက် အာဟာရဓာတ်တွေ လျင်မြန်စွာ ရရှိနိုင်ဖို့ ငါးအမိုင်နိုအက်စစ်ဖျော်ရည်ကဲ့သို့သော နိုက်ထရိုဂျင် မြင့်မားတဲ့ သဘာဝမြေသြဇာ အရည်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ငါးအမိုင်နိုအက်စစ်ကို ဟင်းသီးဟင်းရွက်စိုက်ခင်းတွေမှာ အသုံးပြုမယ်ဆိုရင် ရေ ၄ ဂါလံမှာ ၂၀ - ၄၀ စီစီ အသုံးပြုရမှာ ဖြစ်ပါတယ်။ ပမာဏ အများအပြားထည့်မိရင်တော့ အပင်လောင်တာ အရွက်တွေပျက်စီးတာမျိုး ဖြစ်နိုင်တာကြောင့် သတိပြုရမှာဖြစ်ပါတယ်။ ၎င်းကို ၂ ပတ် ၁ ကြိမ် (သို့မဟုတ်) ၁၀ ရက် ၁ ကြိမ် အသုံးပြုမယ်ဆိုရင် လုံလောက်ပါတယ်။

၅။ အရွက်များ ဆုံးရှုံးသွားခြင်း 

ပူပြင်းလွန်းတဲ့ ရာသီဥတုမှာ အထူးသဖြင့် အပင် ရေ မလုံလောက်ပါက သခွားပင်ရဲ့အရွက်တွေဟာ နေ့ဘက်မှာ ညှိုးနွမ်းပြီး ခြောက်သွေ့ ကြွေကျသွားတတ်ပါတယ်။ အဲဒီအခါမျိုးမှာ အရွက်တွေနဲ့ အရိပ်ထောက်ပံ့ပေးထားတဲ့ သခွားသီးတွေဟာ နေရောင်ခြည်နဲ့ အပြည့်အဝ ထိတွေ့ကြရပါတော့တယ်။ ၎င်းအခြေအနေဟာ ကလိုရိုဖီးလ်များ ပျက်စီးသွားပြီး အဝါရောင်ဖြစ်ပေါ်လာတဲ့ နေလောင်ခြင်းနဲ့လည်း ဆင်တူတာဖြစ်ပါတယ်။

ဒေါင်းနီးရွက်ခြောက်ကဲ့သို့ ရောဂါပိုးဝင်ရောက်ခြင်းဟာလည်း သခွားပင်မှာ အလားတူအကျိုးသက်ရောက်မှု ရှိနိုင်တာဖြစ်ပါတယ်။ အဲဒီရောဂါဟာ စိုစွတ်ပြီး (သို့မဟုတ်) စိုထိုင်းဆများတဲ့ အခြေအနေမှာ ရှင်သန်ဖြစ်ပွားနိုင်ပြီး ရောဂါဟာ အရွက်တွေကို အညိုရောင်ပြောင်းသွားစေနိုင်ပါတယ်။ ထို့အပြင် အအေးဒဏ်ကြောင့် အရွက်တွေ ပျက်စီးသွားတာမျိုးနဲ့လည်း ဆင်တူပါတယ်။ 

၆။ ရောဂါကျရောက်ခြင်း 

အဝါရောင်သခွားသီးတွေ ထွက်ပေါ်လာခြင်းဟာ မိုစိတ်ဗိုင်းရပ်စ်ရောဂါ (mosaic) ကြောင့်လည်း ဖြစ်နိုင်ပြီး အဆိုပါရောဂါဟာ တစ်သျှူးများကိုအရောင်ပြောင်းစေပြီး အသီးများကိုပါ ထိခိုက်စေနိုင်တဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရောဂါဟာ ကုသဆေးမရှိတာကြောင့် ရောဂါပိုးကျရောက်နေတယ်ဆိုရင် အပင်များကို ဖယ်ရှားဖျက်ဆီးပစ်ဖို့ လိုအပ်ပါတယ်။ ရောဂါပိုးရှိနေတဲ့ အပင်မှာဆိုရင် သေးငယ်ပြီး ပုံသဏ္ဌာန်မှန်တဲ့ အရွက်များနဲ့ ပန်းပွင့်များကို တွေ့ရှိရမှာဖြစ်ပါတယ်။ ထို့အပြင် ပန်းပွင့်ပေါ်မှာလည်း အညိုရောင်အစင်းကြောင်းများကို တွေ့ရှိနိုင်ပါတယ်။ အကယ်လို့ အသီးထွက်ရှိလာခဲ့ရင်လည်း အသီးတွေဟာ မညီမညာရင့်မှည့်ခြင်း၊ အရောင်ပြောင်းလာခြင်း (သို့မဟုတ်) ပုံသဏ္ဌာန်မမှန်ခြင်းများ ပေါ်လာနိုင်ပါတယ်။

အဆိုပါ မိုစိတ်ဗိုင်းရပ်စ်ဟာ ပျပိုး၊ လှေးပိုးနဲ့ ယင်ဖြူ များမှတဆင့် မကြာခဏ ပျံ့နှံ့လေ့ရှိပြီး အဆိုပါ အဖျက်ပိုးများကိုဖယ်ရှားဖို့ရာအတွက် သခွားပင်နဲ့အတူ သင့်တော်တဲ့ အဖော်ပင်များကို အတူတကွစိုက်ပျိုးခြင်းအား ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဥပမာ - ပဲ၊ နေကြာ၊ မုန်လာဥ၊ ကြက်သွန်နီ၊ ထပ်တရာပန်း၊ ကြက်သွန်ဖြူ၊ တောရှုံးပင်၊ စမုန်စပါး၊ ဆလပ်၊ တရုတ်နံနံပဲဖြစ်ပါတယ်။ 

အပြည့်အစုံကိုတော့ “သခွားပင်နဲ့အတူ စိုက်ပျိုးနိုင်တဲ့ အကောင်ဆုံးအဖော်ပင်များ” ဆိုတဲ့ ​ဆောင်းပါးမှာ လေ့လာနိုင်ပါတယ်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်