ပေါင်းသတ်ဆေးဖြင့် စပါးပေါင်းမြက်ကို ထိရောက်စွာနှိမ်နင်းရေး

09/12/2021 12:30 PM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

စပါးစိုက်ခင်းအတွင်း ပေါင်းမြက်များရှိနေလို့မဖြစ်ပါ။ ကာကွယ်နှိမ်နင်းရမည်သာ ဖြစ်ပါသည်။ ပေါင်းမြက်များရှိနေလျင် ဆိုးကျိုးတွေဖြစ်‌ပေါ်နိုင်သည်။

ဖော်ပြရလျှင်-

စပါးအထွက်ကိုထိခိုက်နိုင်ခြင်း၊ အရည်အသွေးကျဆင်းပြီး ရောင်းချလျင် စျေးကောင်းမရရှိနိုင်ခြင်း၊ လာမည့်ရာသီအတွက် ပေါင်းမြက်မျိုးစေ့များစိုက်ခင်းအတွင်း မျိုးဆက်ကျန်ရှိနိုင်ခြင်း၊ ကြွက်များ ပိုးမွှားများနှင့် ရောဂါများခိုအောင်းစရာနေရာဖြစ်လာနိုင်ခြင်း၊ ရေသွင်းရေထုတ်လမ်းကြောင်းများပိတ်ဆို့သွားနိုင်ခြင်း၊ ပေါင်းရှင်းရသည့်အတွက် အချိန်ကုန်ငွေကုန်နိုင်ခြင်း စသည့်တို့ ဖြစ်ပါသည်။

နှိမ်နင်းခြင်းနည်းလမ်း

စပါးစစိုက်သည်မှ စပါးပင်အရွက်ဧရိယာပိတ်သည့်အချိန်အထိ ပေါင်းမြက်ကို ကာကွယ်နှိမ်နင်းရန် လိုအပ်သည်။ ပေါက်ရောက်လာသော ပေါင်းမြက်များအား နှိမ်နင်းနိုင်သည့်နည်းလမ်းတွေရှိပါသည်။

ဖော်ပြရလျှင်-

(၁) လူလုပ်အားဖြင့်နှိမ်နင်းခြင်း (Manual weeding)

(၂) ကိရိယာကိုအသုံးပြု၍နှိမ်နင်းခြင်း (Mechanical weeding)

(၃) ပေါင်းသတ်ဆေးဖျန်းနှိမ်နင်းခြင်း (weeding with Herbicides) တို့ ဖြစ်ပါသည်။

လူလုပ်အားဖြင့် စပါးခင်းတွင်ပေါက်ရောက်လာသောပေါင်းမြက်များအား နှုတ်ပယ်နှိမ်နင်းရာတွင် လုပ်သားလုပ်အားအခက်အခဲနှင့် ကြုံတွေ့နိုင်ပြီး ကုန်ကျစရိတ်လည်း မြင့်မားကြောင်း တွေ့မြင်နေရပါသည်။

ကိရိယာကိုအသုံးပြု၍နှိမ်နင်းခြင်းသည် စပါးစိုက်တန်းကြား၌ ပေါက်ရောက်သော ပေါင်းမြက်များအား လည်ပတ်လိမ့်နိုင်သော ပေါင်းလိုက်ကိရိယာ(Rotary weeder) ကို အသုံးပြု၍ ရှေ့တိုးနောက်ဆုတ်တွန်းခြင်းဖြင့် နှိမ်နင်းခြင်းမျိုးဖြစ်သည်။ အတန်းလိုက် စိုက်ပျိုးသောစပါးစိုက်ခင်းများတွင်သာ အသုံးပြုနိုင်သည်။ တိုက်ရိုက်မျိုးစေ့ကြဲပက်စိုက်ခင်းများတွင် အသုံးပြုနိုင်ခြင်းမရှိပါ။

ဒါ့ကြောင့် ပေါင်းသတ်ဆေးဖျန်းနှိမ်နင်းခြင်းနည်းလမ်းသည်သာ ယခုအချိန်တွင် အဆင်ပြေဆုံးနည်းလမ်းလို့ သုံးသပ်မိပါသည်။

ပေါင်းသတ်ဆေးကိုအသုံးပြခြင်း

ပေါင်းမြက်ကို ပေါင်းသတ်ဆေးအသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်သည်။ ပေါင်းသတ်ဆေးအသုံးပြုနှိမ်နင်းခြင်းတွင် ကောင်းကျိုးတွေရှိပါသည်။ 

ဖေါ်ပြရလျှင်-

လုပ်သားလုပ်အားများစွာလိုအပ်မှုမရှိ။ လုပ်သားတစ်ဦးဖြင့် ၅ ဧကခန့် လွယ်ကူစွာ ပြီးစီးနိုင်သည်။

မှန်ကန်စွာအသုံးပြုလျှင် ကုန်ကျစရိတ်မှာ တွက်ချေကိုက်သည်။

လက်ပေါင်းလိုက်ခြင်းကဲ့သို့ ပေါင်းမြက်ပင်များကြီးထွားလာသည်ထိ စောင့်ဆိုင်းရန်မလိုပါ။ ပေါင်းမြက်ပင်ပေါက်ကာစကပင်နှိမ်နင်းနိုင်သည်။

ထိရောက်စွာသုံးစွဲနည်း

ပေါင်းသတ်ဆေးအသုံးပြုရာတွင် သိရှိလိုက်နာ ဆောင်ရွက်သင့်သည်များကို ဖေါ်ပြလိုပါသည်။

ဝယ်ယူရရှိသည့်ပေါင်းသတ်ဆေးဘူးပေါ်တွင် လိုက်နာဆောင်ရွက်ရန်အညွှန်းများ ပါရှိမည်ဖြစ်သည်။ ဖေါ်ပြထားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန်ဖြစ်သည်။

ဝယ်ယူရရှိသည့်ပေါင်းသတ်ဆေးသည် နှိမ်နင်းရမည့်ပေါင်းအမျိုးအစားနှင့် ဆေးဖျန်းရမည့် စပါးပင်၏ကြီးထွားမှုကာလအတွက် ကိုက်ညီစေရပါမည်။ စပါးစိုက်ခင်းသည် ဆေးဖျန်းရန်သင့်တော်သည့်အခြေအနေရှိနေရမည်။ ဥပမာအားဖြင့် အချို့ပေါင်းသတ်ဆေးသည် ဆေးဖျန်းချိန်တွင် စိုက်ခင်းအတွင်း ရေရှိနေရန် မလိုအပ်၊ အစိုဓာတ်ရှိရုံသာလိုသည်။ အချို့မှာ ရေရှိသောအခြေအနေတွင် ပက်ဖျန်းရတာလည်း ရှိနိုင်ပါသည်။

ပေါင်းသတ်ဆေးများသည် ပေါင်းမြက်ကာကွယ်နှိမ်နင်းရန် အရေးကြီးသည့်ကာလဖြစ်သည့် စပါးပင်၏အစောပိုင်းကာလတွင် ပက်ဖျန်းရန် ထုတ်လုပ်ထားခြင်းဖြစ်သည်။ အချို့မှာ ပေါင်းမြက်ပင်များမပေါက်မီ (Pre-emergence) ပက်ဖျန်းရန်ဖြစ်သည်။ အချို့မှာ ပေါင်းမြက်ပင်များပေါက်ပြီးမှသာ (Post-emergence) ပက်ဖျန်းရန် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ခွဲခြားသိဖို့လိုပါသည်။

ပေါင်းသတ်ဆေးကို အညွှန်းတွင်ဖေါ်ပြထောက်ခံထားသည့် ရေပမာဏနှင့်သာ ဖျော်စပ်ရန်ဖြစ်သည်။ အသုံးပြုသည့်ရေသည် သန့်ရှင်းကြည်လင်သောရေဖြစ်ရပါသည်။ ဆေးဖျန်းရာတွင် စိုက်ခင်းတစ်ခုလုံး ညီညာစွာပက်ဖျန်းရန်လိုသဖြင့် တည်ငြိမ်သောလေဖိအား၊ တည်ငြိမ်သောလမ်းလျောက်နှုန်းနှင့် တူညီသော ဆေးဖျန်းမှုဖြစ်အောင် ထိန်းသိမ်းရသည်။ ဆေးဖျန်းခေါင်းသည်လည်း ဆေးထွက်ရှိမှုတူညီကောင်းမွန်နေရသည်။

ဆေးဖျန်းခြင်းသည် စပါးအပင်အထက် ၅၀ စင်တီမီတာခန့်အမြင့်မှ တပြေးညီဖျန်း ပက်ရန်လိုသည်။ ဆေးဖျန်းတံကို လက်ကိုင်ပက်ဖျန်းရာတွင် သတိထားရန် ဖြစ်ပါသည်။ လေပြင်းတိုက်ခတ်နေချိန် ဆေးဖျန်းခြင်းမပြုသင့်ပါ။ ပုံမှန်လေတိုက်ခတ်နေချိန်တွင် လေတိုက်ရာအရပ်နှင့် ကန့်လန့်ဖြတ်အနေအထားဖြင့် ဖျန်းရန် ဖြစ်ပါသည်။ ပေါင်းမြက်ပင်များခံနိုင်ရည်စွမ်းတိုးလာခြင်းမရှိစေရန် အသုံးပြုမည့်ပေါင်းသတ်ဆေးအမျိုးအစားကို တစ်မျိုးတည်းအသုံးပြုမည့်အစား ပြောင်းလဲအသုံးပြုရန် လိုအပ်ပါသည်။

အချုပ်အားဖြင့် မိမိစပါးစိုက်ခင်းရှိပေါင်းမြက်အမျိူးအစားနှင့် ကိုက်ညီသော ပက်ဖျန်းရန်လိုသည့် ပေါင်းသတ်ဆေးကိုဝယ်ယူပါ။ ဆေးဘူးတွင် ဖေါ်ပြပါ အညွှန်းကို သေချာစွာဖတ်ပြီး အတိအကျလိုက်နာပက်ဖျန်းပါလို့ ပြောလိုပါသည်။

ပေါင်းသတ်ဆေးကို စနစ်တကျအသုံးပြု၍ စပါးခင်းတွင်ပေါက်ရောက်လာသော ပေါင်းမြက်များအား သေစေခြင်း(သို့မဟုတ်) ကြီးထွားဖွံ့ဖြိုးမှုကိုဟန့်တားနိုင်ခြင်းဖြင့် ပေါင်းမြက်ကြောင့် စပါးအထွက်လျော့နည်းခြင်း မရှိစေရန် အသိပေးလိုက်ရခြင်း ဖြစ်ပါသည်။

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်