မြေမပါဘဲ စိုက်ပျိုးနိုင်တဲ့ အလှစိုက်ပင် ၆ မျိုး

04/07/2024 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

အိမ်တွင်းအလှစိုက်အပင်တွေ စိုက်ပျိုးခြင်းဟာ မျက်စိပသာဒဖြစ်စေသလို အိမ်အတွင်း လေထုသန့်စင်စေဖို့အတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။ အိမ်တွင်းအလှစိုက် အပင်အများစုဟာ စိုက်ပျိုးပြုစုရတာလည်း လွယ်ကူပြီး အလွယ်တကူရှင်သန်ကြီးထွားနိုင်ကြတာ ဖြစ်ပါတယ်။ အကယ်လို့ စိုက်ပျိုးပြုစုဖို့ အချိန်မပေးနိုင်တာမျိုး မြေလဲပေးရတာမျိုး မလုပ်နိုင်ဘူးဆိုရင်တော့ မြေမလိုဘဲ အလွယ်တကူစိုက်ပျိုးနိုင်တဲ့ အလှစိုက်ပင်အချို့ရှိပါတယ်။

အခြေခံအားဖြင့် မြေဆီလွှာဟာ အပင်ကြီးထွားဖို့အတွက် အဓိကအစိတ်အပိုင်းဖြစ်တယ်ဆိုတာ ကျွန်ုပ်တို့အားလုံး သိရှိထားပြီးဖြစ်တာကြောင့် မြေမပါဘဲစိုက်ပျိုးနိုင်တယ်ဆိုတာ နည်းနည်းလေးတော့ ထူးဆန်းနိုင်ပါတယ်။ ဥပမာအနေနဲ့ ဟိုဒရိုပိုးနစ်  (Hydroponics) မြေမဲ့စိုက်ပျိုးနည်းနဲ့ စိုက်ပျိုးတဲ့အခါ အပင်တွေ ရှင်သန်ကြီးထွားစေဖို့အတွက် အသုံးပြုမဲ့ရေထဲမှာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို တိုက်ရိုက်ထည့်သွင်းပြီး လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပေးကြတာ ဖြစ်ပါတယ်။

ယခုဆောင်းပါးမှာ ဖော်ပြမဲ့နည်းလမ်းဟာ   ရှိပြီးသားအပင်ကနေ ကိုင်းဖြတ်တောက် (cutting) ယူပြီး မြေသြဇာအနည်းငယ်နဲ့ ဖန်အိုး/ ဖန်ခွက်ထဲတွေထဲမှာ အလွယ်တကူ ထည့်သွင်းစိုက်ပျိုးတဲ့နည်းလမ်း ဖြစ်ပါတယ်။ ၎င်းကို နေရောင်ခြည် အပြည့်အဝရရှိတဲ့နေရာမှာ ထားရှိခြင်းဖြင့် အပင်သစ်တွေ ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာဆိုရင် အိမ်အတွင်းမှာ အပင်စိုက်ပျိုးဖို့ နေရာအကန့်အသတ် ရှိတဲ့အခါမျိုးမှာ အသုံးချဖို့ အလွယ်ကူဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ 

ရေထဲမှာ စိုက်ပျိုးထားတဲ့အပင်တွေကို မြေသြဇာကျွေးဖို့ရာ ယခုဆောင်းပါးထဲမှာ ရေးသားထားတာကြောင့် ကြိုတင်ပြီးမျှဝေပေးထားချင်ပါတယ်။ ရေထဲမှာစိုက်ပျိုးထားတဲ့ အပင်တွေကိုမြေသြဇာကျွေးတဲ့အခါ အသင့်သုံး မြေသြဇာအရည်တွေရှိသလို ပုံမှန်အသုံးပြုနေကြတဲ့ မြေသြဇာတွေကို ရေဖျော်ပြီးတော့လည်း ထည့်ပေးနိုင်ပါတယ်။ နောက်ပြီး ဆားခါး ထမင်းစားဇွန်း ၁ ဇွန်းကို ရေ ၁ ဂါလံနဲ့ရောစပ်ပြီးတော့လည်း အပင်တွေကို ကျွေးနိုင်ပါတယ်။ 

၁။ Lucky bamboo

Lucky bamboo ပင်တွေဟာ ဆွဲဆောင်မှုရှိပြီး ကံကောင်းလာဘ်ရွှင်စေတဲ့ အိမ်တွင်းအလှစိုက်အပင်အနေနဲ့ မြေမှာသာမက ရေထဲမှာပါ စိုက်ပျိုးနိုင်တာ ဖြစ်ပါတယ်။ ၎င်းအပင်တွေဟာ “ရေငတ်တဲ့အပင်” တွေလို့လည်း လူသိများပြီး ရေထဲမှာ အမြစ်နဲ့ ဘေးတက် (offshots) တွေ အလွယ်တကူ ထွက်ရှိနိုင်တဲ့ အပင်ဖြစ်ပါတယ်။ 

Lucky bamboo ကိုင်းဖြတ်စ ရိုးတံကို အနည်းဆုံး ၁ လက်မ အနက်ရှိတဲ့ ရေထဲကိုထည့်ပြီး ၂ လ ၁ ကြိမ် မြေသြဇာထည့်ပေးရမှာ ဖြစ်ပါတယ်။ အိုး (သို့မဟုတ်) ခွက်ထဲက ရေကိုလဲပြီးမှ မြေသြဇာကျွေးပါက ပိုပြီးထိရောက်ပါတယ်။ 

အသုံးပြုမဲ့ရေဟာ ပေါင်းခံရည်၊ ရေသန့်၊ စစ်ယူထားသောရေနဲ့ မိုးရေတို့ကို အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပင်ရိုးတံတွေဟာ ကလိုရင်းဓာတ်ပါတဲ့ တွင်းရေကဲ့သို့ ရေတွေကို မနှစ်သက်တာကြောင့် အပင်ထိခိုက်နိုင်လို့ ဖြစ်ပါတယ်။ မဖြစ်မနေ တွင်းရေကိုအသုံးပြုရပါက ဓာတုပစ္စည်းတွေ အငွေ့ပျံသွားအောင် ၂၄ နာရီလောက်ထားပြီးမှ အသုံးပြုသင့်ပါတယ်။ ရေထဲမထည့်ခင်မှာ အမြစ်တွေဟာ အစိုဓာတ်ရှိပြီး ကျန်းမာသန်စွမ်းနေဖို့တော့ လိုအပ်ပါတယ်။ 

 

၂။ ပင့်ကူဂမုန်း (Spider plant)

ရေမှာ ရှင်သန်ပြန့်ပွားဖို့ လွယ်ကူတဲ့ အခြားအပင်တစ်မျိုးကတော့ ပင့်ကူဂမုန်းပင် ဖြစ်ပါတယ်။ ဖဲပြားပင် (သို့မဟုတ်) လေယာဥ်ပျံပင်လို့လည်း လူသိများပြီး ၎င်းအပင်တွေဟာ လျင်မြန်စွာ ကြီးထွားနိုင်တာ ဖြစ်ပါတယ်။ 

ရေထဲမှာ စိုက်ပျိုးမယ်ဆိုရင် ကြီးမားတဲ့အပင်တွေထက် အပင်ငယ်လေးတွေကို အသုံးပြုသင့်ပြီး ၎င်းတို့ကို ရေခွက် ၁ ခွက်ထဲမှာ ထားရမှာဖြစ်ပါတယ်။ ထည့်ထားပြီး သိပ်မကြာခင် ရက်ပိုင်းအတွင်းမှာပဲ အမြစ်နဲ့ အရွက်တွေ ကြီးထွားလာမှာ ဖြစ်ပါတယ်။ 

အကောင်းဆုံးကတော့ အမြစ်တွေ ကြီးထွားလာတဲ့အခါမှာ အာဟာရပြည့်ဝတဲ့ မြေသြဇာကိုထည့်ပေးပြီး ၅ ရက်ကနေ ၇ ရက်တစ်ကြိမ် ရေ လဲလှယ်ပေးနိုင်ရင် ပိုသင့်တော်ပါတယ်။ ပုံမှန် မြေသြဇာကျွေးခြင်းဖြင့် အပင်ဟာ အချိန်ကြာလာတာနဲ့အမျှ ကျန်းမာသန်စွမ်းပြီး ခံနိုင်ရည်ရှိလာမှာ ဖြစ်ပါတယ်။

၃။ သစ်ခွ (Orchids) 

သစ်ခွပင်တွေဟာ ၎င်းတို့ရဲ့ပန်းပွင့်တွေကြောင့် လူကြိုက်များကြတာ ဖြစ်ပါတယ်။ သစ်ခွ မျိုးစိတ်ပေါင်းများစွာရှိပြီး ပန်းပွင့်တွေဟာလည်း အရောင်အသွေးအစုံအလင် ရှိကြပါတယ်။ ၎င်းတို့ကိုလည်း ရေထဲမှာ အံ့သြဖွယ်ကောင်းလောက်အောင် စိုက်ပျိုးနိုင်တာ ဖြစ်ပါတယ်။ 

ထို့အပြင် သစ်ခွပင်တွေဟာ မြေကြီးမှာချစိုက်တဲ့အခါ အမြစ်တွေ ပုပ်သွားတတ်ပါတယ်။ ဒါ့ကြောင့် သစ်ခွပင်တွေကို ရေထဲမှာ စိုက်ပျိုးတဲ့အခါ ယင်းပြဿနာတွေကို ရှောင်ရှားနိုင်မှာပြီး အမြစ်တွေ ခြောက်သွေ့ခြင်းကနေ ကာကွယ်ဖို့ရန်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။ 

အခြေခံအားဖြင့် သစ်ခွကို ရေထဲမှာ စိုက်ပျိုးဖို့ နည်းလမ်းနှစ်မျိုးရှိပါတယ်။ ပထမတစ်နည်းက အပင်ကို ဖန်ခွက်/ ဖန်အိုးထဲထည့်ကာ အနည်းဆုံး ၁ ပတ်လျှင် တစ်ကြိမ် (သို့မဟုတ်) ၂ ပတ်တစ်ကြိမ် ရေလဲလှယ်ပေးဖို့ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ သစ်ခွကို ၂ ရက် ရေစိမ်ပြီး ၅ ရက် အခြောက်ခံတာ ဖြစ်ပါတယ်။ သစ်ခွပင်စည်ဟာ ကောင်းစွာကြီးထွားဖွံ့ဖြိုးဖို့အတွက် ပုံမှန်အားဖြင့် ၂ လမှ ၃ လကြား အချိန်ယူရပေမဲ့လည်း မျိုးစိတ်ပေါ်မူတည်ပြီး ရှင်သန်ကြီးထွားမှု ကွာခြားနိုင်ပါတယ်။

၄။ ဆာကူးလက်စ် (Succulents)

Succulents အပင်လေးတွေဟာလည်း မြေဆီလွှာမှာရော ရေထဲမှာပါ စိုက်ပျိုးနိုင်တဲ့ နာမည်ကြီး အိမ်တွင်းအလှစိုက်အပင်လေးတွေ ဖြစ်ကြပါတယ်။ ၎င်းတို့ဟာ များသောအားဖြင့် ရေအများအပြား ရှိနေတာကို ကြိုက်နှစ်သက်ခြင်း မရှိတဲ့အပင်လေးတွေဆိုပေမဲ့ ကျောက်စိမ်းပင် (Jades)၊ Sempervivum နဲ့ Echeveria အပင်တွေကတော့ ရေထဲမှာချစိုက် မျိုးပွားဖို့အတွက် အကောင်းဆုံးမျိုးစိတ်တွေ ဖြစ်ကြပါတယ်။ 

ရှေးဦးစွာ ရှိပြီးသားအပင်ကနေ အရွက်အနည်းငယ်ကို ချွေပစ်ပြီး အပင်ကိုရေခွက်ထဲ မထည့်ခင် အရင်ဆုံး ခြောက်သွေ့အောင် ထားရမှာပါ။ အပင်ထိပ်ဖျားဟာ ရေ မျက်နှာပြင်ရဲ့အထက်မှာရှိရမှာဖြစ်ပြီး တစ်ပင်စလုံး ရေမမြုပ်မသွားဖို့တော့ သတိပြုရပါမယ်။ အမြစ်တွေဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ စတင်ကြီးထွားလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိခိုက်ပျက်စီးမှုမဖြစ်စေဖို့ နေရောင် တိုက်ရိုက်မထိတဲ့နေရာမှာ ထားရှိဖို့လိုအပ်ပါတယ်။ 

ရေမှာ စိုက်ပျိုးထားတဲ့ succulents အပင်လေးတွေဟာ မြေဆီလွှာပေါ်မှာစိုက်ပျိုးတဲ့ succulents အပင်တွေနဲ့ယှဥ်လိုက်ရင် ကြီးထွားမှုမြန်ပြီး ပိုပြီး အချိန်ကြာကြာ ရှင်သန်နိုင်တာလည်း ဖြစ်ပါတယ်။ 

၅။ ရွှေလာငွေလာ (Pathos) 

ရွှေလာငွေလာ အပင်တွေဟာ ရေမှာ အလွယ်တကူ ရှင်သန်ပေါက်ရောက်နိုင်တဲ့ နွယ်ပင်တွေဖြစ်ပြီး နေအိမ်တွေ ဆိုင်ခန်းတွေနဲ့ ရုံးခန်းတွေမှာ အများဆုံးစိုက်ပျိုးကြလေ့ရှိပြီး လူကြိုက်များလှပါတယ်။ ၎င်းတို့ဟာ ပြုပြင်ထိန်းသိမ်းရတာနည်းပြီး အလင်းရောင်နည်းပါးတဲ့  အခြေအနေကိုလည်း ကောင်းစွာခံနိုင်ရည်ရှိကြတာ ဖြစ်ပါတယ်။ 

ပင်စည်ပေါ်မှာ အနည်းဆုံး အဆစ် ၃ ခုမှ ၄ ခုအထိပါအောင် ဖြတ်တောက်ယူပြီး ရေထဲမှာထည့်သွင်းစိုက်ပျိုးနိုင်ပါတယ်။ ၎င်းအဆစ်တွေဟာ ပင်စည်တလျှောက်မှာ အမြစ်နဲ့ အရွက်သစ်တွေ ထွက်ရှိလာမဲ့ အဖုအထစ်လေးတွေ ဖြစ်ပါတယ်။ အပင်ရဲ့ အောက်ခြေအရွက်တွေကို ဖြတ်တောက်ဖယ်ရှားပစ်ပြီး ထိပ်ပိုင်းမှာ အနည်းဆုံး အရွက် ၁ ရွက် သို့မဟုတ် ၂ ရွက်သာ ချန်ထားရမှာ ဖြစ်ပါတယ်။ 

အရွက်တွေကိုတော့ ရေ မျက်နှာပြင်အထက်မှာ ထားရှိရမှာဖြစ်ပြီး ဖန်ခွက် (သို့မဟုတ်) အိုးထဲမှာ အကိုင်းအခက်များကို မြုပ်အောင်ထည့်ပေးရမှာပါ။ အမြစ်ကြီးထွားလာဖို့ သီတင်း ၂ ပတ်ကြာလေ့ရှိပြီး ၁ ပတ်လျှင် ၁ ကြိမ် ရေလဲလှယ်ပေးဖို့ လိုပါတယ်။ 

၆။ ကျားလက်ဝါးပင် (Swiss Cheese Plant) 

Swiss Cheese Plant လို့ လူသိများ ထင်ရှားတဲ့ ကျားလက်ဝါးပင်တွေဟာ နွယ်ပင်အမျိုးအစားဖြစ်ပြီး ရေထဲမှာ ရှင်သန်ပေါက်ရောက်ဖို့ လွယ်ကူတဲ့ အပင်တွေ ဖြစ်ပါတယ်။ အဆစ်ပါရှိတဲ့ ပင်စည်ကို ဖြတ်တောက်ပြီး ရေချိုထည့်ထားတဲ့ခွက်ထဲ နစ်မြှုပ်ထားရမှာဖြစ်ပါတယ်။ ၁ ပတ်လျှင် အနည်းဆုံး ၁ ကြိမ် ရေလဲလှယ်ပေးခြင်းဖြင့် အမြစ်အသစ်တွေဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း ကြီးထွားလာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျားလက်ဝါးအပင်တွေဟာ စိုစွတ်တဲ့ အခြေအနေတွေကို ခံနိုင်ရည်ရှိပြီး အမျိုးမျိုးသော အလင်းရောင်အခြေအနေမှာလည်း ကောင်းမွန်စွာရှင်သန်နိုင်တာ ဖြစ်ပါတယ်။ အပင်ကို နေပူပြင်းတိုက်ရိုက်မထိအောင်တော့ သေချာထားသင့်ပါတယ်။ ၎င်းတို့ရဲ အပူပိုင်းဒေသဆန်ပြီး စိမ်းလန်းစိုပြေတဲ့ အရွက်တွေကြောင့် ဤနွယ်ပင်တွေဟာ အိမ်မှာ လှပတဲ့ အသွင်အပြင်ကို ဖြစ်ပေါ်စေမှာ အသေချာပါပဲ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြလိုပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်