နှမ်းလျင်နှင့်အတူ သီးညှပ်စိုက်ပျိုးနိုင်သောသီးနှံများ

25/07/2024 10:21 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

နှမ်းသီးနှံသည် အပူပိုင်းခြောက်သွေ့ဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထင်ရှားကျော်ကြားသော သီးနှံဖြစ်သည်။ မိုးဦးကျ မိုးစတင်ရွာသွန်းသည်နှင့် တောင်သူလယ်သမားများ အလျင်အမြန် စတင်စိုက်ပျိုးသည့်သီးနှံလည်း ဖြစ်သည်။ သို့သော် မိုးရွာသွန်းမှုမမှန်ခြင်း၊ နည်းပါးခြင်းနှင့် မြေဆီလွှာညံ့ဖျင်းခြင်းတို့ကြောင့် ပျက်စီးခြင်းနှင့် အထွက်နည်းခြင်း တို့ကို နှစ်စဥ်ကြုံတွေ့နေရသည်ကို သိရှိရပါသည်။

သို့ဖြစ်၍ နှမ်းလျင်သီးနှံကို တစ်မျိုးတည်း သီးသန့်စိုက်မည့်အစား သီးညှပ်စနစ်ဖြင့် အခြားသီးနှံတစ်မျိုးမျိုးနှင့် တွဲဖက်စိုက်လိုပါက စိုက်ပျိုးသုတရရှိကြစေရန် သီးထပ်သီးညှပ်စိုက်နည်းစနစ်အမြင်ဖြင့် တင်ပြလိုက်ပါသည်။

သီးညှပ်စနစ်၏အကျိုးပြုမှု

သီးနှံနှစ်မျိုး(သို့မဟုတ်) ထို့ထက်ပိုချင်ပိုမည်။ တူညီသော မြေကွက်အတွင်း တစ်ချိန်တည်း စိုက်ပျိုးခြင်းသည် သီးညှပ်စိုက်စနစ်ဖြစ်သည်။ ထိုစနစ်သည် လယ်ယာ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် အကျိုးပြုမှုများစွာရှိကြောင်း အောက်ပါအချက်များက ထင်ရှားစေပါသည်။

  • သဘာဝအရင်းအမြစ်အသုံးချနိုင်မှု- မြေတစ်ကွက်ပေါ်တွင် တစ်ချိန်တည်းစိုက်ပျိုး သော်လည်း သီးနှံတစ်မျိုးနှင့် တစ်မျိုးသည်  အာဟာရနှင့် ရေလိုအပ်ချက်များ မတူညီကြပါ။ သို့ဖြစ်၍ စိုက်ပျိုးမြေရှိ မြေဆီလွှာအာဟာရနှင့် အစိုဓာတ်ကို သီးနှံတစ်မျိုးချင်းက ပိုမိုထိရောက်စွာ အသုံးပြုနိုင်ပါသည်။
  • ပိုးမွှားနှင့် ရောဂါကာကွယ်နိုင်မှု- တွဲဖက်စိုက်ပျိုးသင့်သော သီးနှံများကို အတူတကွ စိုက်ပျိုးခြင်းဖြင့် သီးနှံတစ်မျိုးတွင်ကျရောက်နိုင်သည့် ပိုးမွှားရောဂါကို အခြား တစ်မျိုးက ဟန့်တားနိုင်သည်။ သို့ဖြစ်၍ ပိုးမွှားရောဂါများ ဖြစ်ပွားမှုကို လျှော့ချစေနိုင်ပါသည်။
  • မြေဆီလွှာဖွံ့ဖြိုးမှု- သီးညှပ်သီးနှံတွင် ပဲမျိုးစုံသီးနှံတစ်မျိုးမျိုးပါဝင်ပါက ပဲပင်များသည် မြေဆီလွှာအတွင်းရှိ နိုက်ထရိုဂျင်ကို ပြုပြင်ပေးနိုင်ပြီး စိုက်ပျိုးမြေကို မူလထက် မြေဆီလွှာဖွံ့ဖြိုးကောင်းမွန်စေပါသည်။
  • စွန့်စားမှုလျှော့ချနိုင်ခြင်း- သီးနှံတစ်မျိုးမကစိုက်ပျိုးခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် သီးနှံတစ်မျိုးကဆုံးရှုံးလျင် အခြားသီးနှံမှအထွက်ရရှိနိုင်ခြင်း၊ သီးနှံပေါ်ချိန်တွင် တစ်မျိုးက စျေးကွက်ပျက်လျှင် အခြားသီးနှံက ထုတ်လုပ်မှုဝင်ငွေ ရရှိနိုင်သေးခြင်း စသည်ဖြင့် စွန့်စားရမှုကို လျှော့ချစေနိုင်ပါသည်။

နှမ်းလျင်နှင့် သီးညှပ်စိုက်ပျိုးနိုင်သောသီးနှံများ

မြေပဲ 

မြေပဲသီးနှံသည် နှမ်းလျင်နှင့် စိုက်ပျိုးသင့်သော သီးညှပ်သီးနှံဖြစ်သည်။ မြေပဲသီးနှံက လေထဲမှနိုက်ထရိုဂျင်ကိုဖမ်းယူဖြည့်တင်းပေးခြင်းဖြင့် စိုက်ပျိုးမြေ၏ နိုက်ထရိုဂျင်အဆင့်ကို မြှင့်တင်ပေးနိုင်ပြီး နှမ်းလျင်သီးနှံကို အကျိုးပြုသည်။ အပူပိုင်းဒေသ၏ ခြောက်သွေ့သောသဘာဝအခြေအနေတွင် မြေပဲသီးနှံပင်များက ‌စိုက်ပျိုးမြေကို ဖုံးလွှမ်းမှုဖြစ်စေသဖြင့် ပေါင်းမြက်ကြီးစိုးမှုကိုလျော့ချစေနိုင်ပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းသီးနှံသည် နှမ်းလျင်နှင့် တွဲဖက်စိုက်ပျိုးသင့်သော  သီးနှံတစ်မျိုးပင်ဖြစ်သည်။ နှမ်းလျင်သီးနှံရိတ်သိမ်းချိန်မတိုင်မီတွင် ပဲတီစိမ်းသီးနှံကို ရိတ်သိမ်းနိုင်ခြင်း ဖြင့် သီးနှံထုတ်လုပ်မှုဝင်ငွေ ဦးစွာရရှိစေသည်။ ပဲတီစိမ်းသီးနှံသည် ပဲမျိုးရင်းဝင်သီးနှံ တစ်မျိုးဖြစ်သဖြင့် စိုက်ပျိုးမြေ၏ နိုက်ထရိုဂျင်အဆင့်ကို မြှင့်တင်ပေး နိုင်သည်။ ထို့ပြင် ပဲတီစိမ်းသီးနှံသည် နှမ်းသီးနှံတွင်ကျရောက်သည့်ပိုးမွှားများကို ဟန့်တားနိုင်ပြီး နှမ်းပင်ကြီးထွားမှုအတွက် အထောက်အကူပြုပေးနိုင်ပါသည်။

ပြောင်းဖူး

ပြောင်းဖူးသည် နှမ်းလျင်နှင့်နှိုင်းယှဉ်ပါက မတူညီသောအာဟာရ လိုအပ်ချက်များ ရှိသည်။ သို့ဖြစ်၍ ပြောင်းဖူးသီးနှံသည် အပူပိုင်းခြောက်သွေ့ဒေသတွင် နှမ်းလျင်နှင့် သီးညှပ်စိုက်သင့်သည့် သီးနှံတစ်မျိုး ဖြစ်သည်။ ပြောင်းဖူးပင်များ၏အမြင့်သည် နှမ်းလျင်အတွက် မြေဆီလွှာအတွင်း အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်သော အရိပ်ကို ပေးပါသည်။ 

ဝါသီးနှံ

ဝါသီးနှံ၏ကြီးထွားမှုအလေ့အထသည် နှမ်းပင်အတွက် မြေသဘာဝအရင်း အမြစ်များကို ယှဉ်ပြိုင်ရယူခြင်း သိသိသာသာမရှိနိုင်သောကြောင့် ဝါသီးနှံသည် နှမ်းလျင်သီးနှံနှင့် သီးညှပ်စိုက်သင့်သောသီးနှံတစ်မျိုးဖြစ်သည်။ ဝါပင်က အပင်အရပ် ရှည်သဖြင့် နှမ်းပင်အတွက် အကျိုးပြုသော မိုက်ခရိုရာသီဥတုကိုလည်း ဖန်တီးနိုင် သည်။ ဝါသီးနှံ၏ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းမှုကို နှမ်းပင်ကပါရရှိစေခြင်းဖြင့် ပိုးမွှားရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချနိုင်ပါသည် ။ 

ပဲစင်းငုံ

သက်ကြီးပဲစင်းငုံမျိုးများကို မိုးရာသီတွင် အတန်းကျယ်ကျယ်ဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ ပဲစင်းငုံတတန်းနှင့်တစ်တန်းအကြားတွင် နှမ်းလျင်သီးနှံကို စိုက်ပျိုးနိုင် သည်။ ပဲစင်းငုံသီးနှံသည် လေထဲမှနိုက်ထရိုဂျင်ကိုရယူပေးသဖြင့် မြေဆီလွှာကို အာဟာရတိုးစေသည့်အတွက် နှမ်းသီးနှံအတွက်လည်း အကျိုးပြုပါသည်။

သီးညှပ်စိုက်ပျိုးနည်းစနစ်

သီးညှပ်စိုက်ပျိုးသည့်သီးနှံအမျိုးအစားအလိုက်နှင့် ဒေသရေမြေအခြေအနေအရ သင့်တော်ရာ သီးညှပ်စိုက်ပျိုးနည်းစနစ်ကို ကျင့်သုံးဆောင်ရွက်နိုင်ပါသည်။ 

နှမ်းလျင်နှင့်အခြားသီးနှံ နှစ်မျိုးလုံးကို ကြဲပက်စိုက်ပျိုးနိုင်သည်။ သီးရောစိုက်ပျိုး ခြင်း (Mixed intercropping)လို့ ခေါ်မည်။ အလွန်လွယ်ကူသောစနစ်ဖြစ်သည်။ သို့သော် ပေါင်းမြက်နှိမ်နင်းမှု၊ ရိတ်သိမ်းမှုတို့တွင် အခက်အခဲများ ဖြစ်နိုင်သည်။ တစ်ပင်နှင့် တစ်ပင် ထိကပ်ပေါက်ရောက်လာတာဖြစ်လို့ ရေ၊ အာဟာရ၊ နေရောင်ခြည် တို့ကို ယှဉ်ပြိုင်လုယက်ရယူသဖြင့် သီးနှံအထွက်များ လျော့နည်းနိုင်ပါသည်။

နောက်နည်းလမ်းတစ်ခုမှာ သီးနှံနှစ်မျိုးအနက် တစ်မျိုးကို အတန်းလိုက် စိုက်ပျိုး နိုင်သည်။ အခြားသီးနှံမျိုးစေ့ကို ကြဲပက်စိုက်ပျိုးနိုင်ပါသည်။

သီးနှံနှစ်မျိုးလုံးကို အဓိကထားသူများအနေဖြင့် သီးနှံနှစ်မျိုးလုံးကို အတန်းလိုက် စိုက်နိုင်သည်။ အတန်းလိုက်သီးညှပ်စိုက်ပျိုးခြင်း (Row intercropping)လို့ ခေါ်နိုင် သည်။ သီးရောစိုက်ပျိုးခြင်းနှင့် နှိုင်းယှဉ်လျှင် ပေါင်းမြက်နှိမ်နင်းခြင်း၊ ရိတ်သိမ်းခြင်း လုပ်ငန်းတွေကို အလွယ်တကူဆောင်ရွက်နိုင်ပါသည်။ 

သီးနှံနှစ်မျိုးကိုစိုက်ပျိုးရာတွင် သီးနှံတစ်မျိုးချင်းကို သီးသန့်စိုက်ပျိုးနိုင်လောက်အောင် အကွက်ကျယ်ထားပြီး အကန့်လိုက်စိုက်ပျိုးနိုင်သည်။ အကန့်တစ်ခုစီသည် ၁၀ ပေ မှ ပေ ၃၀ ခန့် အကျယ် ထားနိုင်သည်။ အကန့်လိုက် သီးညှပ်စိုက်ပျိုးခြင်း (Strip Intercropping) လို့ ခေါ်နိုင်ပါသည်။ 

တောင်စောင်းကုန်းမြင့်ဒေသတွင် စိုက်ပျိုးပါက အကန့်ကို ကွန်တိုတစ်လျောက် ပြုလုပ်ခြင်းဖြင့် မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်သည်။ ဤစနစ်သည် မြေဆီလွှာ ဖွံ့ဖြိုးစေရေး၊ ပေါင်းမြက်နှင့် ပိုးမွှားရောဂါပြဿနာများ လျော့နည်းစေရေးတို့အတွက် အထူးအသုံးဝင်သည့်စနစ် ဖြစ်ပါသည်။

သတိမူရန်အချက်များ

သီးညှပ်စိုက်ပျိုးရာတွင် နေရောင်ခြည်၊ အာဟာရနှင့် ရေတို့အတွက် ပြိုင်ဆိုင်မှု မဖြစ်အောင် သီးနှံတစ်မျိုးစီနှင့် တစ်မျိုးနှင့်တစ်မျိုးကြား၌ မှန်ကန်လုံလောက်သော အပင်အတန်းအကွာအဝေးထားရှိ စိုက်ပျိုးရန် အရေးကြီးပါသည်။

သီးနှံများကို တစ်ချိန်တည်းစိုက်ပျိုးသော်လည်း ရိတ်သိမ်းချိန်များသည် တစ်မျိုးနှင့် တစ်မျိုး မတူညီနိုင်မှုများရှိနိုင်သည်ဖြစ်ရာ အချိန်၊ လုပ်သားလိုအပ်ချက်နှင့် ရိတ်သိမ်းခြင်းဆိုင်ရာ လိုအပ်ချက်များကို ထည့်သွင်းစဥ်းစားရန် လိုပါသည်။

မြေဆီလွှာအခြေအနေနှင့် သီးနှံအလိုက် အာဟာရလိုအပ်ချက်များအတွက် မြေသြဇာထည့်သွင်းခြင်းတို့ကို သီးနှံများ၏လိုအပ်ချက်အပေါ်အခြေခံ၍ ဆောင်ရွက် ရန် လိုပါသည်။

မြန်မာနိုင်ငံ အပူပိုင်းခြောက်သွေ့ဒေသများတွင် နှမ်းလျင်သီးနှံစိုက်ပျိုးမှုကို သီးသန့် စိုက်ပျိုးနည်းစနစ်သာမက သင့်လျော်မှန်ကန်သော သီးညှပ်စိုက်ပျိုးနည်းစနစ်ကို ကျင့်သုံးခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်မှုမြင့်မားကြစေလိုပါသည်။

ပြောင်းလဲလာသောရာသီဥတုကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ခံနိုင်ရည်ရှိစေရန် သင့်တော်သော စိုက်ပျိုးနည်းစနစ်များကို ကျင့်သုံးခြင်းဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးကို အထောက်အကူပြုနိုင်စေလိုပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်