အကြောင်းအရာ ပံ့ပိုးသူများ
အစိမ်းရောင်လမ်းတွင် စိုက်ပျိုးမွေးမြူရေး ဆောင်းပါးများ ထုတ်ဝေသော အဖွဲ့အစည်းများ။
မြားနီနည်းပညာပေးရေးအဖွဲ့
မြားနီနည်းပညာပေးရေးအဖွဲ့ သည် မြားနီမျိုးစေ့ ကုမ္ပဏီနှင့် ထူးခြားသော ချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး အပူပိုင်းဒေသရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တောင်သူများ၏ လူနေမှုဘဝမြင့်မားလာစေရေး၊ လုံခြုံစိတ်ချရသည့် လတ်ဆတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများ ပံ့ပိုးကူညီပေးခြင်းနှင့်ဈေးကွက်ကိုဖော်ဆောင်နိုင်ရေးအတွက်တောင်သူများနှင့် ချိတ်ဆက်ပြုလုပ်ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပါသည်။
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
OWSD-Myanmar
OWSD-Myanmar သည် Organization for Women in Science for the Developing World (OWSD) ၏ အထောက်အပံ့ဖြင့် ၂၀၁၈ ခုနှစ်မှစတင်၍ လူမှုအသိုင်းအဝိုင်းအဖွဲ့အစည်းတစ်ခုအဖြစ် လည်ပတ်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် webinar များ၊ demonstration plot များတည်ထောင်ခြင်း၊ သင်တန်းများ၊ Farmer Field School များ၊ Field Day များ၊ coaching နှင့် mentoring session များမှတစ်ဆင့် နည်းပညာဆိုင်ရာအကြံဉာဏ်များကို မျှဝေပံ့ပိုးပေးခဲ့ပါသည်။ နိုင်ငံအတွင်းတွင်လည်း UNDP Myanmar၊ UNDP Indonesia၊ USAID၊ Catholic Relief Services (CRS)၊ Acted နှင့် အခြားအဖွဲ့အစည်းများမှ ထောက်ပံ့ငွေများဖြင့် climate-smart agriculture၊ climate-resilient farming methods၊ regenerative agriculture၊ agroecology practices နှင့် best management practices တို့ကို အဓိကထားသော လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အများအပြား ဆောင်ရွက်ခဲ့ပါသည်။
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
Inclusive Systems Myanmar
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က မျှဝေသွားပါမည်။
Worldview International Foundation
Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။
စိုက်ပျိုးရေးဉီးစီးဌာန
စိုက်ပျိုးရေးဦးစီးဌာန၏သမိုင်းအကျဉ်း ၁။ စိုက်ပျိုးရေးဦးစီးဌာနသည် ၁၉၀၁ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးဌာနခွဲအဖြစ် စတင်ဖွဲ့စည်း ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်တွင် မြေယာကျေးလက် ကြီးပွားရေးတိုးတက်ရေးကော်ပိုရေးရှင်းကို ဖွဲ့စည်း၍ စီးပွားရေးဆန်သော စိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၅၇ခုနှစ်တွင် လယ်ယာမြေ အမျိုးအစားခွဲခြား၍ မြေဆီလွှာထိန်းသိမ်းရေး၊ မြေဆီလွှာတိုင်းတာရေးနှင့် သင့်လျှော်သော သီးနှံပုံစံ များ ချမှတ်ဆောင်ရွက်ရန် မြေအသုံးချရေးဌာနကို သီးခြားထပ်မံဖွဲ့စည်းခဲ့ပါသည်။၂/၁၉၇၂ ခုနှစ်တွင် (၁) လယ်ယာစိုက်ပျိုးရေးဌာနခွဲ (၂)မြေအသုံးချရေးဌာနခွဲ (၃)မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်းကို ပူးပေါင်း၍ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်းဟူ၍ လယ်ယာနှင့်သစ်တောဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေး ကော်ပိုရေးရှင်း (Agriculture Corporation) ကို ၁၉၉၀ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ( Myanmar Agriculture Service)အဖြစ် အရာထမ်း(၈၇၈)နေရာ၊ အမှုထမ်း(၁၇၅၇၈)နေရာ၊ စုစုပေါင်း(၁၈၄၅၆)နေရာဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၂။ ၁၉၉၀ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ နှစ်ရှည်သီးနှံဌာနခွဲနှင့်မြန်မာ့စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတို့ ပူးပေါင်းခဲ့ပါသည်။ ၃။ ၁၉၉၄ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ မြန်မာ့ကြံလုပ်ငန်း၊ မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊ မြန်မာ့ ဂုန်လျှော်ပစ္စည်းလုပ်ငန်းများအဖြစ် သီးခြားဖွဲ့စည်းခဲ့ပါသည်။ ၄။ ၂၀၀၄ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ စိုက်ပျိုးရေးသုတေသန ဌာနခွဲအား စိုက်ပျိုးရေး သုတေသနဦးစီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့ပြီး အရာထမ်း(၇၈၈)နေရာ၊ အမှုထမ်း(၁၆၇၇၇)နေရာ၊ စုစုပေါင်း(၁၇၅၆၅)နေရာဖြင့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအဖြစ် လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပါသည်။ ၅။ ၂၀၀၆ ခုနှစ်တွင် မြန်မာ့ဂုန်လျှော်ပစ္စည်းလုပ်ငန်း၊မြန်မာ့ဝါနှင့်ပိုးချည်လုပ်ငန်း၊ မြန်မာ့ကြံလုပ်ငန်း၊ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းနှင့် မြန်မာ့စိုက်ပျိုးမွေးမြူရေးလုပ်ငန်း(၅)ခုတို့ကို ပေါင်းစပ်၍ မြန်မာ့ စက်မှုသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းကိုအရာထမ်း(၈၈၅)နေရာ၊ အမှုထမ်း(၁၀၈၇၇)နေရာ၊ စုစုပေါင်း(၁၁၇၆၂) နေရာဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၆။ ၂၀၁၂ ခုနှစ်တွင် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကို စိုက်ပျိုးရေးဦးစီးဌာနအဖြစ် အရာထမ်း(၉၈၉) နေရာ၊ အမှုထမ်း(၁၅၄၂၇)နေရာ၊ စုစုပေါင်း(၁၆၄၁၆)နေရာဖြင့် လည်းကောင်း၊ မြန်မာ့စက်မှုသီးနှံ ဖွံ့ဖြိုးရေးလုပ်ငန်းကို စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနအဖြစ် အရာထမ်း(၇၁၁)နေရာ၊ အမှုထမ်း(၈၁၅၈) နေရာ၊ စုစုပေါင်း(၈၈၆၉)နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၇။ ၂၀၁၃ ခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာန ဖွဲ့စည်းပုံ၌ အရာထမ်း(၁၂၀)နေရာ၊ အမှုထမ်း (၁၁၅၀) နေရာ၊စုစုပေါင်း(၁၂၇၀)နေရာနှင့် စိုက်ပျိုးရေးသိပ္ပံ (၁၀)ကျောင်းအား စိုက်ပျိုးရေး ဦးစီးဌာနသို့ လွှဲပြောင်း လက်ခံရရှိခဲ့ပြီးအရာထမ်း(၁၁၁၈)နေရာ၊အမှုထမ်း(၁၆၅၉၅)နေရာ၊စုစုပေါင်း(၁၇၇၁၃)နေရာဖြစ်ပေါ်လာပါသည်။ ၈။ ၂၀၁၅ခုနှစ်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုသီးနှံ ဖွံ့ဖြိုးရေးဦးစီးဌာန(၂)ခုပေါင်းစည်း၍ “စိုက်ပျိုးရေးဦးစီးဌာန”အဖြစ် အရာထမ်း(၁၉၀၁)နေရာ၊ အမှုထမ်း(၂၂၀၉၉)နေရာ၊ စုစုပေါင်း (၂၄၀၀၀) နေရာ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၉။ ၂၀၁၇ခုနှစ်၊မတ်လ(၂၃)ရက်နေ့တွင်ကန့်ဘလူ(ခ)အဆင့်ခရိုင်အား ဖွဲ့စည်းပုံရရှိပါသဖြင့် စိုက်ပျိုးရေးဦးစီးဌာနတွင် အရာထမ်းရာထူး (၁၉၀၆)နေရာ၊ အမှုထမ်းရာထူး(၂၂၁၂၆)နေရာ၊ စုစုပေါင်း (၂၄၀၃၂) နေရာဖြင့် ဖွဲ့စည်းပုံ ထားရှိပါသည်။ မူဝါဒ ၁။ သီးနှံအလိုက်မျိုးကောင်းမျိုးသန့်ထုတ်လုပ်ဖြန့်ဖြူးရာတွင်ဌာနမှသာမကတောင်သူလယ် သမားများပါဝင်သော မျိုးစေ့ထုတ်လုပ်သူများ အသင်းများ(Seed grower Association)ဖွဲ့စညဆောင်ရွက်ရန်၊ ၂။ တောင်သူလယ်သမားများပါဝင်သော သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များ ပွားများထုတ်လုပ်ဖြန့်ဖြူးရာတွင် ထုတ်လုပ်သူ တောင်သူလယ်သမားများအတွက် စံချိန်စံညွှန်းပြည့်မီသောသွင်းအားစုများအား အချိန်ကိုက်ထည့်သွင်းနိုင်ရေးနည်း ပညာနှင့် စိုက်ပျိုးနည်းပညာအကူအညီ များကို ဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးပြီး ထုတ်လုပ်သူ လယ်သမားများအတွက် စီးပွားရေး တွက်ချေကိုက်မည့် သင့်တော်သော မျိုးစေ့နှုန်းသတ်မှတ်ကာ ဝယ်ယူသိုလှောင် ဖြန့်ဖြူးမည့်သူ နှင့်ချိတ်ဆက်အကောင်အထည်ဖော်ရန်၊ ၃။ သီးနှံအလိုက် မျိုးကောင်းမျိုးသန့်ပွားများ ထုတ်လုပ်ဖြန့်ဖြူးရာတွင် ပုဂ္ဂလိက ကဏ္ဍမှပိုမိုပါဝင်ဆောင်ရွက်နိုင်လာအောင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကူအညီပေးရန်၊ ၄။ ဖြစ်ပေါ်ပြောင်းလဲနေသော ရာသီဥတုနှင့်လိုက်လျောညီထွေစွာ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံ၊ ပြောင်းလဲချမှတ်နိုင်ရေး သုတေသနလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ၅။ တောင်သူလယ်သမားများ အတွက် အကျိုးအမြတ် ရရှိနိုင်စေမည့် မျိုး၊ စိုက်စနစ်၊ သီးနှံပုံစံစသည့်သီးနှံစံပြကွက်များကို တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်သော(Farmer Participatory Approach) ပုံစံဖြင့်ဆောင်ရွက်ပြီးနည်းပညာပြန့်ပွားစေရေး ဆောင်ရွက်ရန်၊ ၆။ တောင်သူလယ်သမား အစုအဖွဲ့များဖွဲ့စည်း၍ စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်ရေးသာမကပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ကန်ထရိုက်လယ်ယာစနစ် ( Contract Farming)ပေါ်ပေါက် လာရန်နှင့် အစုအဖွဲ့အခြေခံ၍ ဘက်စုံစိုက်ပျိုးမွေးမြူရေးစနစ် ( Community Integrated Farming System) ပေါ်ထွန်းလာရန်၊ ၇။ စားသုံးသူ လုပ်သားပြည်သူများအတွက် စားနပ်ရိက္ခာဖူလုံပြီး လုံခြုံစိတ်ချစေရေးအတွက်သီးနှံအလိုက်စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(Good Agricultural Practices) ကိုတောင်သူများ လိုက်နာကျင့်သုံးလာအောင် စည်းရုံးပညာပေးဆောင်ရွက်ရန်၊ ၈။ တောင်သူလယ်သမားများ သီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် သုံးစွဲသည့် မျိုး၊ ဓါတ်မြေသြဇာ၊ပိုးသတ်ဆေးစသည့် သွင်းအားစုများ စံချိန်စံညွှန်းနှင့်အညီ ရောင်းဝယ်ဖောက်ကား သုံးစွဲနိုင်ရေး အတွက် ပြဌာန်းထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ရန်၊ ၉။ တောင်သူလယ်သမားများစိုက်ပျိုးရေးနည်းပညာများအလွယ်တကူလေ့လာသိရှိနိုင်ရန်တောင်သူ လယ်သမားကဏ္ဍ ရုပ်သံလိုင်း (Farmer Channel) အပါအဝင် ပုဂ္ဂလိကမီဒီယာများနှင့် ဆက်စပ် ဆောင်ရွက်ရန်၊ ၁၀။ ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် တိုးတက်ရေး( Capacity Building ) ဆောင်ရွက်ရန်၊ ရည်မှန်းချက် ၁။ စားနပ်ရိက္ခာဖူလုံမှု၊ အဟာရပြည့်ဝစေရေးနှင့်အစားအစာဘေးအန္တရာယ်ကင်းရှင်းမှုတိုး တက်လာစေရန်၊ ၂။ တောင်သူလယ်သမားများ၏အခွင့်အရေး ပြည့်ဝစွာရရှိ ခံစားနိုင်စေရန်နှင့် အကျိုးစီးပွား မြင့်မားလာစေရန်၊ ၃။ လုပ်ကွက်ငယ် တောင်သူလယ်သမားများကို အခြေခံ၍ အစုအဖွဲ့များဖွဲ့စည်းပြီး စိုက်ပျိုးရေး လုပ်ငန်းများကို ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းလုပ်ငန်းများတွင်အမျိုးသမီးများ၏အခန်း ကဏ္ဍကို ပိုမိုမြှင့်တင်ရန်၊ ၄။ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သောနည်းပညာနှင့်ငွေကြေးအရင်း အနှီးများအတွက်ပြည်တွင်းပြည်ပအကူအညီ၊အဆထောက်အပံ့နှင့်ချေးငွေများရရှိရေးကူညီဆောင်ရွက်ပေးရန်၊ ၅။ တန်ဖိုးကွင်းဆက်(ValueChain)တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့်စားသုံးမှုကဏ္ဍများကို ထိရောက်စွာချိတ်ဆက်ဆောင်ရွက်သွားရန်၊ ၆။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရေရှည်တည်တံ့သော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍ အသီးသီးမှ အစိုးရ အဖွဲ့အစည်းများ အချင်းချင်း ပူးပေါင်းဆောက်ရွက်ခြင်းအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်ခြင်း အပါအဝင် သက်ဆိုင်သူများအားလုံး(Stake-holders)ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန်၊ ၇။ သီးနှံများစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ၈။ စျေးကွက်ခိုင်မာလာစေရန်၊ ၉။ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ ၁၀။ လယ်ယာကဏ္ဍဆိုင်ရာ သုတေသနနှင့်သတင်းအချက်အလက်ဖြန့်ဖြူးခြင်း လုပ်ငန်းဆောင်ရွက်ရန်၊ လုပ်ငန်းတာဝန် (၁) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ ပြန့်နှံ့အောင်ဆောင်ရွက်ခြင်း။ (၂) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေး။ (၃) အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်နည်းပညာများပံ့ပိုးခြင်း။ (၄) တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးဥပဒေဆိုင်ရာလုပ်ငန်းများ။ (၅) ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း။ (၆) ခေတ်မီနည်းစနစ်များလက်တွေ့ကျင့်သုံးရေးလေ့ကျင့်ပညာပေးခြင်း။ (၇) အရည်အသွေးကောင်းမျိုးသစ်များသုံးစွဲနိုင်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။ (၈) မျိုးကောင်းမျိုးသန့်မျိုးစေ့များထုတ်လုပ်ဖြန့်ဖြူးပေးခြင်း။ (၉) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များသုံးစွဲ၍ အထွက်နှုန်းတိုးတက်စေရန် လေ့ကျင့်ပညာပေးဆောင်ရွက်ခြင်း။ (၁၀) သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များ စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးရေးအတွက် သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၁) မျိုးစေ့အရည်အသွေးထိမ်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၂) မျိုးစေ့လုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်အတွက်မျိုးစေ့ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းကျောင်းကြီးကြပ်ပေးခြင်း။ (၁၃) ပုဂ္ဂလိကမျိုးစေ့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမျိုးသားမျိုးစေ့မူဝါဒရေးဆွဲ၍ အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း။ (၁၄) မြေအမျိုးအစားအလိုက်မြေပုံများ (Soil Map )ဖေါ်ထုတ်ခြင်း။ (၁၅) စိုက်ပျိုးထုတ်လုပ်ရာတွင် အဟန့်အတားဖြစ်စေသော မြေဆီလွှာပြဿနာများအားပြုပြင်ခြင်း။ (၁၆) သီးနှံအလိုက် မြေသြဇာလိုအပ်ချက်နှင့်ကိုက်ညီအောင် မြေဆီလွှာအတွင်းသို့အပင် အာဟာရများမျှတစွာရရှိစေရန် ဆောင်ရွက်ခြင်း။ (၁၇) မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း။ (၁၈) မြေဆီလွှာနှင့်ရေအာဟာရဓါတ်ခွဲခြင်း။ (၁၉) မြေသြဇာဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ ထုတ်လုပ်ပြဌာန်းပြီး အတုအပများကင်းရှင်း၍ အရည်အသွေးစစ်မှန်သော မြေသြဇာများကိုသာတောင်သူများ လက်ဝယ်သို့ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်း။ (၂၀) ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြင့် သီးနှံတစ်ခုစီအလိုက် ဘက်စုံသီးနှံကာကွယ်ရေး ပုံစံများ ချမှတ်ဆောင်ရွက်ရန်။ (၂၁) သီးနှံကာကွယ်ရေးဆိုင်ရာ ဓါတုပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ စားသုံး သူများနှင့်အသုံးပြုသူများ၏ကျန်းမာရေးထိခိုက်မှုများ ထိန်းသိမ်းရန်။ (၂၂) ပြည်ပပို့ကုန်သီးနှံများကို အပြည်ပြည်ဆိုင်ရာပိုးမွှားထိန်းချုပ်ရေးသတ်မှတ်စံချိန်စံညွှန်းနှင့်အညီတင်ပို့ရန်။ (၂၃) ပိုးသတ်ဆေးဥပဒေဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခြင်း။ (၂၄) သတ္ထုအဆိပ်၊ မှိုအဆိပ်စစ်ဆေးခြင်းလုပ်ငန်း။ (၂၅) ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံမျိုးကောင်းမျိုးသန့်များမွေးမြူထုတ်လုပ်ခြင်း။ (၂၆) ဝန်ထမ်းရေးရာများဆောင်ရွက်ခြင်း။ (၂၇) ရာထူးခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း (၂၈) ဖွဲ့စည်းပုံကိစ္စများ တင်ပြဆောင်ရွက်ခြင်း (၂၉) ဒေသပြောင်းရွှေ့တာဝန်ပေးအပ်ခြင်း (၃၀) ဌာနကူးပြောင်း တာဝန်ထမ်းဆောင်စေခြင်း (၃၁) ရာထူးနွယ်ဖြင့် တာဝန်ထမ်းဆောင်ခြင်း (၃၂) နှုတ်ထွက်ခွင့်ပြုခြင်း (၃၃) ကွယ်လွန်ရပ်စဲ ခွင့်ပြုခြင်း (၃၄) ပြည်တွင်း/ပြည်ပ သင်တန်းများ စေလွှတ်ခြင်း (၃၅) ပြည်တွင်းသင်တန်းများတွင်ဘာသာရပ်ဆိုင်ရာပညာရှင်များအားရွေးချယ်စေလွှတ်ပေးခြင်း (၃၆) နှစ်တိုးခံစားခွင့်ပြုခြင်း၊ ခွင့်ခံစားခွင့်ပြုခြင်း (၃၇) ဝန်ထမ်းမှတ်တမ်းများ ထိမ်းသိမ်းခြင်း (၃၈) ဘွဲ့ထူး ဂုဏ်ထူးများ ချီးမြှင့်ခြင်း (၃၉) ပင်စင်ခံစားခွင့်ပြုခြင်း (၄၀) ပြစ်မှုမှုခင်းကိစ္စများဆောင်ရွက်ခြင်း (၄၁) ထူးခြားဖြစ်စဉ်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း (၄၂) ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးကိစ္စများဆောင်ရွက်ခြင်း (၄၃) မူဝါဒ-အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း (၄၄) အဆောက်အဦးကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၅) မော်တော်ယာဉ်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၆) စက်ပစ္စည်းကိစ္စရပ်များဆောင်ရွက်ခြင်း။ (၄၇) ငွေကြေးသုံးစွဲခွင့်ဆိုင်ရာကိစ္စရပ်များ။ (၄၈) BOT ငှားရမ်းရေးကိစ္စများ ဆောင်ရွက်ခြင်း။ (၄၉) ပြည်တွင်း/ပြည်ပစီမံကိန်းဆိုင်ရာရေးဆွဲ၊ စိစစ်၊ သုံးသပ်ခြင်း။ (၅၀) ပြည်ပစီမံကိန်းအထောက်အကူများရရှိစေရန်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ (၅၁) e-Government ။ (၅၂) နိုင်ငံခြားသား ဝင်/ထွက်ခြင်းကိစ္စများ။ (၅၃) စီမံကိန်းလုပ်ငန်းများ စုစည်းတင်ပြခြင်း။ (၅၄) ဘတ်ဂျက်အသုံးစရိတ်များဆောင်ရွက်ခြင်း။ (၅၅) စာရင်းစစ်ဆေးခြင်း။ (၅၆) စာရင်းများပြုစုခြင်း။ (၅၇) အလယ်အလတ်အဆင့် စိုက်ပျိုးရေးအတတ်ပညာရှင်များနှင့်ကျွမ်းကျင်သူများမွေးထုတ်ပေးရန်။ (၅၈) သင်ကြားတတ်မြောက်ထားသည့်ပညာရပ်ဖြင့်တောင်သူလယ်သမားများအားခေတ်မီစိုက်ပျိုးရေးနည်းပညာများ ပြန်လည်ဆင့်ပွားပညာပေးရန်။ (၅၉) ဒေသတွင်းရှိလယ်ယာကဏ္ဍထုတ်ကုန်မှ တောင်သူဝင်ငွေတိုးတက်ရန်နှင့်လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုရန်။
ThitsaWorks
ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသူများနှင့် ထိုဝန်ဆောင်မှုများကို အသုံးပြုနေသူများအကြား ငွေကြေးနည်းပညာဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုတိုးတက်စေရန်ရည်ရွယ်ပါသည်။
PC Myanmar
PC Myanmar Progetto Continenti သည် အီတလီအခြေစိုက် အဖွဲ့အစည်းတခုဖြစ်ပြီး အီတလီတွင် ၁၉၈၉မှ စတင် တည်ထောင်သည်။ မြန်မာနိုင်ငံရုံးခွဲဖြစ်သည့် Progetto Continenti – Myanmar အနေဖြင့် လုပ်ငန်းဆောင်တာများကို ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည်။ PC Myanmar သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သည်။ PC Myanmar အနေဖြင့် လူထုပါဝင်မှုကို တိုးမြှင့်စေသည့် နည်းလမ်းနှင့် ဒေသတွင်း အဖွဲ့အစည်းများဖြင့် အတူတကွ လုပ်ဆောင်ခြင်းနည်းလမ်း စသည်အားဖြင့် ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေခြင်းအားဖြင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းသည် PC Myanmar ၏ အဓိကရည်ရွယ်ချက်လမ်းကြောင်းဖြစ်ကာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အလုံးစုံ ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်းအတွက် အရေးကြီးသောဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းများ နှင့် ကျေးရွာအခြေစိုက် အခြေခံအဖွဲ့အစည်းများကို အရည်အသွေး မြှင့်တင်ပေးခြင်း အားဖြင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်လျှက် ရှိပါသည်။ စီမံကိန်းများ အကောင်အထည်ဖော်ရန် ဦးတည်သည့်ဒေသမှာ အပူပိုင်းဒေသဟု လူသိများသော မကွေးဒေသပင် ဖြစ်သည်။ ဦးတည်သည့် စီမံချက်များမှာ အသက်မွေးမှု (ရေရှည်ဖွံ့ဖြိုးသော စိုက်ပျိုးရေးနှင့် တောင်သူအသင်း အဖွဲ့များအား ကူညီထောက်ပံ့ခြင်း) နှင့် အစားအသောက် ဘေးကင်းလုံခြုံမှု၊ ရေရှိမှု (သောက်သုံးရေ ရရှိအောင် အကူအညီပေးခြင်းနှင့် အဆိုပါရေအရင်းအမြစ်စီမံခန့်ခွဲခြင်းကို ကျေးရွာလူထုကိုယ်တိုင်စီမံခန့်ခွဲနိုင်ရန် ကူညီ ပေးခြင်း)နှင့် တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးမှု၊ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း ( ဒေသတွင်း NGOများ၊ CBOများကို စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း) တို့နှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ခြင်း (အာဟာရလိုအပ်ချက်များနှင့် ပတ်သက်ပြီး အသိပညာပေးမြှင့်တင်ခြင်း၊ ထောက်ပံ့ခြင်း၊ မိခင်နှင့် ကလေး ပြုစုစောင့်ရှောက်ခြင်းအတွက် ကူညီထောက်ပံ့ပေးခြင်း) ပင် ဖြစ်သည်။
ILO Myanmar, VISION ZERO FUND
ချင်းသီးနှံကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်ကဏ္ဍ၊ ရှမ်းပြည်နယ် ၁။ စီမံကိန်းနောက်ခံအကြောင်းအရာ အပြည်ပြည်ဆိုင်အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ The Vision Zero Fund (VZF) စီမံကိန်းသည် ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးရောင်းချရေးကွင်းဆက် (Global Supply Chains-GSCs)များကို ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အလုပ်နှင့်သက်ဆိုင်သော ထိခိုက်ဒဏ်ရာရှိမှု၊ သေဆုံးမှုနှင့် ရောဂါရရှိမှုများအား ကာကွယ်တာဆီးခြင်းနှင့် ကူညီထောက်ပံ့ခြင်းလုပ်ငန်းများကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ မြန်မာနိုင်ငံ၌ VZF သည် ကမ္ဘာလုံးဆိုင်ရာပံ့ပိုးရောင်းချရေးကွင်းဆက် (GSCs)နှစ်ခုဖြစ်သော အထည်ချုပ်လုပ်ငန်းနှင့် ချင်းကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်လုပ်ငန်းတွင် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး ပြဿာနာများကို လုပ်ဆောင်လျှက်ရှိပါပြီး ထိုကဲ့သို့သော ပြသာနာများကို ဖြေရှင်းရန် ကာကွယ်တားဆီးခြင်း ပုံစံများကို ရေးဆွဲခဲ့ပါသည်။ ထို့အပြင် VZF သည် ချင်းသီးနှံနှင့် အထည်ချုပ်လုပ်ငန်း ကမ္ဘာလုံးဆိုင်ရာပံ့ပိုးရောင်းချရေးကွင်းဆက် (GSCs) အတွင်း ဖွဲ့စည်းပုံမူဘောင်နှင့် လုပ်ငန်းခွင်ဘေးကင်းလံုံခြုံရေးနှင့် ကျန်းမာရေး (OSH) စနစ်နှင့် လူမှုဖူလုံရေးကဏ္ဍများအားကောင်းအောင် အားပေးကူညီခြင်းဖြင့် မူဝါဒအဆင့်၌လည်း လုပ်ဆောင်ပြီး မူဝါဒအကောင်အထည်ဖော်ဆောင်ရွက်ခြင်းကိုလည်း ပံ့ပိုးပေးပါသည်။ VZF သည် ရှမ်းပြည်တောင်ပိုင်းရှိ ကလော၊ ပင်းတယ၊ ပင်လောင်း၊ ဟိုပုံး၊ ညောင်ရွှေ၊ ရပ်စောက်နှင့် နမ်ဆန်စသည့်မြို့နယ် (၇)မြို့နယ်များတွင် ချင်းကုန်စည်တန်ဖိုးမြှင့် ကွင်းဆက်လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနနှင့် Winrock International တို့နှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိပါသည်။ ချင်းကုန်စည်တန်ဖိုးမြှင့်ကွင်းဆက်လုပ်ငန်းများအတွက် သတ်မှတ်ပြီးသောလုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအတွက် ပါဝင်သောလုပ်ငန်းများမှာ-၁။ တောင်သူလယ်သမားမျာအကြား ဓါတုစိုက်ပျိုးရေးသုံးပစ္စည်းအသုံးပြုခြင်းများနှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအန္တရာယ်များ အသိပညာမြှင့်တင်ပေးခြင်း၊၂။ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များအား ဓါတုပစ္စည်းဘေးကင်းလုံခြုံစွာ ကိုင်တွယ်အသုံးပြုခြင်းကို ထိရောက်သည့် သတင်းအချက်းအလက်များဝေမျှခြင်း စွမ်းရည်မြှင့်တင်ပေးခြင်း၊ ၃။ တောင်သူလယ်သမားအစုအဖွဲ့များ၏ ဖွဲ့စည်းခြင်းကို ပံ့ပိုးပေးခြင်းနှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးနှင့် သက်ဆိုင်သောလုပ်ငန်းများ လိုက်နာဆောင်ရွက်နိုင်ရန် စွမ်းရည်မြှင့်တင်ပေးခြင်း၊ ၄။ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအန္တရာယ်များ ထိန်းချုပ်နိုင်ရန် (သို့) လျှော့ချရာတွင် ကူညီပေးသည့် လက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် သင်တန်းများကို မြှင့်တင်ပေးခြင်း။ (အော်ဂဲနစ်နှင့် စိုက်ပျိုးရေးအကျင့်အကြံကောင်းများ)၇။ ချင်းကုန်ကြမ်းအဆင့်မြှင့်တင်ပြုပြင်သူများ (Ginger Processors) အား အလုပ်သမားများဘေးကင်းရန်နှင့် ကုန်စာရင်းမပျက်စီးရန်ထိန်းသိမ်းထားရှိသည့် စက်ရုံတည်ဆောက်မှုပုံစံများနှင့် OSH စီမံခန့်ခွဲမှုစနစ်များကို ပံ့ပုံးပေးခြင်း။ ၆။ လုပ်ငန်းခွင်အခြေအနေများနှင့် ကုန်စာရင်းစီမံခန့်ခွဲခြင်းလုပ်ငန်းများ တိုးတက်လာစေရန် အောင်ပန်းဈေးကွက်ရှိ ကုန်သည်များအား ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ပေးခြင်း၊ VZF သည် စိုက်ပျိုးရေးဦးစီးဌာန၊ Winrock International တို့နှင့်ပူးပေါင်းဆောင်ရွက်ပြီး ၇ မြို့နယ်ရှိ ချင်းစိုက်တောင်သူ များကို လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး နှင့် သမဝါယမအစုအဖွဲ့ တည်ထောင်ခြင်းသင်တန်းများကို ကျင်းပပြုလုပ်ပေးခဲ့ပါသည်။ OSH သင်တန်းသည် အလျဉ်းသင့်သလို လိုအပ်သည့်အခြေအနေမှာ လိုက်နာကျင့်သုံးမှုကို ပံ့ပိုးကူညီရန်အတွက် ကမ္ဘာလုံးဆိုင်ရာစိုက်ပျိုးရေးအကျင့်အကြံကောင်းအသိအမှတ်ပြုလက်မှတ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်ထားပါသည်။ ချင်းတောင်သူအစုအဖွဲ့ (၆)ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ၎င်းတို့အဖွဲ့များသည် VZF ပံ့ပိုးကူညီမှုဖြင့် ပြည်ပဈေးကွက်အတွက် အရည်အအတွက်နှင့် အရည်အသွေးပြည့်မီစေရန် ရိပ်သိမ်းချိန်လွန် စီမံဆောင်ရွက်ခြင်းနှင့် အဖွဲ့တွင်းထိန်းချုပ်မှုစနစ်များ (Internal Control Systems) တည်ဆောက်ခြင်းလုပ်ငန်းစဉ် အဆင့်တွင် ရောက်ရှိနေပါသည်။ တောင်သူလယ်သမားများနှင့် VZF၏ အနာဂါတ်လုပ်ငန်းစဉ်များမှာ စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဆင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးသင်တန်း ပြုလုပ်ရန်နှင့် အလားအလာရှိသူများကို ဖော်ထုပ်၍ ချင်းစိုက်တောင်သူအစုအဖွဲ့သစ်ဖွ့ဲစည်းခြင်းကို ဆက်လက်ပံ့ပိုးကူညီသွားမည်။ VZFသည် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး ချင်းသီးနှံအတွက် မြန်မာ့စိုက်ပျိုးရေးအကျင့်အကြံကောင်းများ (Myanmar GAP) လမ်းညွှန်ချက်ပြုစုခြင်းနှင့် စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များကို သင်တန်းပေးခြင်းစသည်တို့လည်း လုပ်ဆောင်ပါသည်။ ထို့အပြင် VZFသည် အောင်ပန်းဈေးကွက်ရှိကုန်သည်များနှင့် VZF၏သင်တန်းများ၊ ရှေ့ပြေးပုံစံစမ်းသပ်ခြင်းမှ မောင်းနှင်သည့် OSH လမ်းကြောင်းနှင့် ထုတ်လုပ်နိုင်စွမ်းမြှင့်တင်ခြင်းများကို လုပ်ဆောင်ပြီး အောင်ပန်းတွင် ကုန်ကြမ်းတန်ဖိုးမြှင့်တင်ပြုပြင်ခြင်းစက်ရုံပုံစံ၌ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့်ကျန်းမာရေးကဏ္ဍကို ကူညီပေးသည့် ထုတ်လုပ်နိုင်စွမ်းနှင့် OSH သင်တန်းများကိုလည်း လုပ်ဆောင်ပါသည်။
ဆုဆွေဖောင်ဒေးရှင်း
တောင်သူလယ်သမားများအတွက် ရေရှည်တည်တံ့အထွက်တိုးပြီး လူထူကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကိုမထိခိုင်စေသည့် စိုက်ပျိုးနည်းစနစ်များကို စဉ်ဆက်မပြတ်ဖြန့်ဝေပေးနေရန် ရည်ရွယ်ဖွဲ့စည်းထားသော ဖောင်ဒေးရှင်းဖြစ်သည်။ ခံယူထားသည့်တာဝန် ယနေ့အချိန်အခါတွင် ရာသီဥတုဖောင်ပြန်မှု၊ မြေဆီလွှာများ ပျက်သုန်းလာမှုများနှင့် စိုက်ပျိုးနည်းစနစ်များ မမှန်ကန်မှုများကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နေကြသည့် တောင်သူလယ်သမားအများစုတို့သည် သီးနှံအထွက်များကျဆင်းကာ ဆုံးရှုံးမှုများနှင့်ကြုံတွေ့နေကြသဖြင့် ဤကိစ္စကိုလျော့ပါးသွားစေရန် ဆုဆွေရေရှည်တည်တံ့စိုက်ပျိုးရေးဖောင်ဒေးရှင်း၏ ခံယူထားသည့်တာဝန်သည် အောက်ပါအတိုင်းဖြစ်သည်။ "ပြောင်းလဲနေသည့် ရာသီဥတုကို ကြံ့ကြံ့ခံ၍ အန္တရာယ်ကင်းသည့် အစားအစာများကို ရေရှည်အထွက်တိုးပြီး ထုတ်လုပ်သွားနိုင်ရန် တောင်သူလယ်သမားများ၏ အသိပညာနှင့် အတတ်ပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်နေအောင် စဉ်ဆက်မပြတ်လုပ်ဆောင်သွားမည်" အဖွဲ့အစည်းဆောင်ရွက်မည့် လျာထားလုပ်ငန်းများ (၁) ရေရှည်တည်တံ့စိုက်ပျိုးစနစ်သင်တန်းများကို တောင်သူလယ်သမားများအား စဉ်ဆက်မပြတ် ပို့ချပေးနေခြင်း။ (၂) ရေရှည်တည်တံ့စိုက်ပျိုးစနစ်သင်တန်းများ စဉ်ဆက်မပြတ်ပေးနေနိုင်ရန် တောင်သူလယ်သမား ဆရာဖြစ်သင်တန်းများပေးခြင်း။ (၃) ရေရှည်တည်တံ့စိုက်ပျိုးရေး စံပြကွက်များ ပြုလုပ်ခြင်း။ (၄) ရေရှည်တည်တံ့စိုက်ပျိုးရေး သုတေသနများလုပ်ဆောင်ခြင်း။ (၅) ရေရှည်တည်တံ့စိုက်ပျိုးရေး ပညာပေးစာအုပ်စာစောင်များ ထုတ်ဝေဖြန့်ချီခြင်း။ (၆) ရေရှည်တည်တံ့စိုက်ပျိုးရေး ပညာပေးဗီဒီယိုများ ထုတ်လုပ်ဖြန့်ချီခြင်း။ (၇) ရေရှည်တည်တံ့စိုက်ပျိုးရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း။ (၈) ရေရှည်တည်တံ့စိုက်ပျိုးရေး ပြည်တွင်းပြည်ပလေ့လာရေးခရီးများ ပို့ခြင်း။
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
Mother Finance
Mother Finance အကြောင်း Mother Finance ကုမ္ပဏီလီမိတက် (Registration No. 2263/2014-2015) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ထားသော ဘဏ်မဟုတ်သောငွေရေးကြေးရေးလုပ်ငန်းလိုင်စင်ရ (NBFI/FC(R)-11/08/2016) လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ယနေ့ Mother Finance ကျွန်ုပ်တို့၏ပထမဆုံးမိတ်ဆက်လိုက်သော ဝန်ဆောင်မှုမှာ ချေးငွေဝန်ဆောင်မှုပေးနိုင်သော Application ဖြစ်ပါသည်။ ထို App သည် တစ်ချိန်တည်းတွင် data signal ထောင်ပေါင်းများစွာကို အသုံးပြုပြီး လူကြီးမင်းတို့အတွက် ချေးငွေများရရှိအောင် ဆောင်ရွက်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ Android smartphone အသုံးပြုသူတိုင်း ချေးငွေလျောက်ထားနိုင်ပြီး ငွေကြေးဆိုင်ရာနောက်ကြောင်းစစ်ဆေးခြင်း များ (financial history) မရှိပဲ ချေးငွေလျင်မြန်စွာ ရရှိနိုင်ပါသည်။ ကျွန်ုပ်တို့သည် လူကြီးမင်းတို့၏လိုအပ်ချက်နှင့်ကိုက်ညီသောချေးငွေများကို လျင်မြန်စွာ ဖြည့်ဆည်းပေးခြင်းအားဖြင့် လူကြီးမင်းတို့အတွက် digital credit history နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိုယ်ပိုင်ပုံရိပ် (financial identity) တည်ဆောက်ပေးရန် ရည်ရွယ်ပါသည်။ Mother Finance ၏ ရည်မှန်းချက် ဝန်ဆောင်မှုရရှိမှုနည်းပါးသောဒေသများမှလူများအတွက် ငွေကြေးရင်းမြစ်များသို့လွယ်ကူစွာ ဆက်သွယ်နိုင်စေရန်၊ မိမိ၏ဘဏ္ဍာရေးကို မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့်ရှိစေရန် စိတ်အားထက်သန်စွာ ကူညီဆောင်ရွက်ပေးရန် ဖြစ်ပါသည်။ လူတိုင်းသည် ငွေရေးကြေးရေးလုပ်ငန်း (စနစ်)များသို့ ဆက်သွယ်ခွင့်ရရှိရန်နှင့် ၎င်းဆက်သွယ်မှုမှတဆင့် ဘဏ္ဍာရေးဆိုင်ရာ အကျိုးအမြတ်များ ရရှိရန် လိုအပ်ပါသည်။ ထိုစနစ်များတွင် ပါဝင်သူများအတွက် ရွေးချယ်ခွင့်များပေးထားရန်လိုအပ်ပြီး ထိုသို့ရွေးချယ်ခွင့်များကြောင့် မိမိ၏ငွေကြေးကို မိမိစိတ်ကြိုက် စီမံခန့်ခွဲခွင့် ရရှိစေပါသည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားတိုင်းအား မိမိတို့၏ငွေကြေးကို ကြိုတင်ခန့်မှန်းစာရင်းရေးဆွဲခြင်း၊ စုဆောင်ခြင်း၊ ရင်းနှီးမြှပ်နှံခြင်း၊ သင်ယူလေ့လေားခြင်း အစရှိသည့် လုပ်ငန်းရပ်တိုင်းတွင် မိမိတို့ကိုယ်တိုင်စီမံခန့်ခွဲခွင့် ရရှိစေရန် ဖြစ်ပါသည်။
Helvetas မြန်မာ
Helvetas သည် ဆွစ်ဇာလန်နိုင်ငံနှင့် ဂျာမဏီနိုင်ငံတို့တွင် မှတ်ပုံတင်ထားရှိပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့ဥရောပတိုက်များရှိဖွံ့ဖြိုးဆဲနိုင်ငံပေါင်း (၃၀) တွင် လုပ်ကိုင်လျက်ရှိပါသည်။ Helvetas အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစတင်ကာ လူမှုအကျိုးပြုစီမံကိန်းများကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ကနဦး လုပ်ဆောင်မှုအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းမိုးနည်းရေရှားရပ်ဝန်းဒေသများတွင် စိုက်ပျိုးရေးနှင့် ကျေးလက် ပြည်သူများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ၊အသက်မွေးမြူရေးဆိုင်ရာ အခန်းကဏ္ဍများ၌ အလေးပေးဆောင် ရွက်ခဲ့ပါသည်။ မုတ္တမပင်လယ်ကွေ့ရှိ သဘာဝသယံဇာတစီမံခန့်ခွဲမှုတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ မုတ္တမပင်လယ်ကွေ့၏ တမူထူးခြားသော ဇီဝမျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်ကာ ရေရှည်ဖွံ့ ဖြိုးလာစေရန်ဆောင်ရွက်လျက်ရှိပြီး ယင်းတို့ကို အမှီပြုလျက်ရှိသော လူသားမျိုးနွယ်စုကို အကျိုးပြုရန် ရည်ရွယ်၍ မုတ္တမပင်လယ်ကွေ့ဒေသရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများပါဝင်သည့် ရပ်ရွာအခြေပြုကမ်းရိုးတန်းစီမံခန့်ခွဲမှု စီမံချက်ကိုဆောင်ရွက်လျက်ရှိသည်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၁၉၇၂ ခုနှစ် မတ်လ (၁၅) ရက်မှစ၍ တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာ ကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်။ ဖွဲ့စည်းပုံအရ စုစုပေါင်းဝန်ထမ်း (၁၈၅၀) နေရာဖြစ်သည်။ မွေးမြူရေး လုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနမှခွဲထွက် ၍ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း (မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကို သီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါ သည်။ (၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသောနိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) မှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်တွင် ပျားလုပ်ငန်းဌာနကို သွတ်သွင်း ဖွဲ့စည်းရန် သဘောတူ ခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
UNESCO-LIFT
ယူနက်စကိုနှင့်ပြန်ကြားဝန်ကြီးဌာန တို့မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပူးပေါင်းပါဝင်ခဲ့သော “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အမည်ရှိ အစီအစဉ်များကို တီဗွီနှင့် ရေဒီယို များတွင် ထုတ်လွှင့်ပြသခဲ့ပြီး ယခုအခါ တောင်သူများပြန်လည်လေ့လာနိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းပညာနှင့် အင်တာဗျူးအစီအစဉ်များကို ပြန်လည်ဖော်ပြထားပါသည်။ ယူနက်စကိုသည် ကုလသမဂ္ဂ၏ အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်ပြီးပညာရေး၊ သိပ်ပံနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံမှုနှင့် ငြိမ်းချမ်းမှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ပါသည်။ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး” အစီစဉ်မှ ထုတ်လွင့်ခဲ့သည့် တီဗီနှင့် ရေဒီယိုအစီစဉ်များကို အစိမ်းရောင်လမ်း အခမဲ့စိုက်ပျိုးရေးဖုန်းဆော့ဝဲပေါ်တွင် အစအဆုံးပြန်လည် ဖော်ပြထားပါသည်။
လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း
မြန်မာနိုင်ငံလက်ဖက်အသင်းသည် ၂၀၁၃ ခုနှစ်၊ မတ်လမှ စတင်ဖွဲ့စည်း၍ လှုပ်ရှားဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံ လက်ဖက်အစုအဖွဲ့အား အဆင့်မြှင့်တင်၍ ဇွန်လ ၂၀၁၈ ခုနှစ်တွင် တရားဝင်ပြောင်းလဲဖွဲ့စည်းလိုက်သော အသင်းအဖွဲ့ဖြစ်ပြီး မြန်မာ့လက်ဖက်ထုတ်လုပ်ရောင်းချသူများမှ ဦးစီးဆောင်ရွက်လျက်ရှိပါသည်။ အသင်းကြီး၏ ဦးတည်ချက်များ မှာ မြန်မာ့လက်ဖက်ကို နိုင်ငံတကာအဆင့်မီ အရည်အသွေး ဖြစ်လာအောင် အဆင့်မြင့်တင်ရန် ပြည်တွင်းရှိ လက်ဖက်စိုက် တောင်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် အခြားဆက်စပ်လျက်ရှိသော လုပ်ငန်းကဏ္ဍများကိုပါ မြှင့်တင်သွားရန် ဖြစ်ပါသည်။ အသင်းကြီး၏ ရည်ရွယ်ချက် လက်ဖက်စိုက်ပျိုးသူတောင်သူများနှင့် ရောင်းချသူများ၏ လူနေမှု အဆင့်အတန်း မြင့်မားလာစေရန်။ လက်ဖက်ကုန်ကြမ်းအရည်အသွေးမြင့်မားလာစေရန်နှင့် လက်ဖက်စိုက်ပျိုးနည်းပညာများ ရရှိနိုင်ရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံလက်ဖက်အသင်း- ဖေ့ဘွတ်လင့် https://www.facebook.com/myanmartea/
BIF
BIF ကို ဗြိတိန် အစိုးရရဲ့နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန (DFID) မှ ငွေကြေး အထောက်အပံ့ပေးထားပါသည်။ မြန်မာနိုင်ငံဧ။် ခရီးသွားလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် ဝါးလုပ်ငန်း အခန်းကဏ္ဍများတွင် စီးပွားရေးအရ အောင်မြင်သော၊ ထူးခြားဆန်းသစ်မှုရှိသောနှင့် ဝင်ငွေနိမ့်ပါးသော ဒေသခံများပါ အကျိုးခံစားခွင့် ရရှိစေသော စီးပွားရေးလုပ်ငန်းများ ပေါ် ထွက်လာစေရန် BIF မှ ပံ့ပိုးပေးလျှက်ရှိပါသည်။ အထက်ဖော်ပြပါ အခန်းကဏ္ဍများတွင် ဝင်ငွေနည်းပါးသူနှင့် အခွင့်အရေးနည်းပါးသူများအတွက် ပါဝင်အကျိုးခံစားခွင့် ရနိုင်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လျှက်ရှိပါသည်။
ACARE
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ရည်ရွယ်ပြီး စီမံကိန်းကို အကောင်ထည်ဖော်ဆောင်ရွက်နေပါသည်။ ဗီဇအရင်းအမြစ်များဖွံ့ဖြိုးမှု၊ ရိတ်သိမ်းချိန်လွန်နည်းပညာ၊ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်မြှင့်တင်ခြင်းဆိုင်ရာ အရေးပါသည့် နယ်ပယ် လေးခု ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဘွဲ့လွန်ပညာရေး အရည်အသွေးတိုးတက်လာစေရန် ရည်ရွယ်ပါသည်။ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှု အစီအစဉ်သည် တောင်သူများနှင့် တောင်သူကဏ္ဍနှင့် ပါဝင်ပတ်သက်နေသူများထံ အကျိုးရှိသည့် အသုံးချနည်းပညာရပ်များ ထိထိရောက်ရောက် ပြန်နှံ့သွားစေမည့် လုပ်ဆောင်များ အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။ အကျိုးပြုနည်းပညာရပ်များနှင့် သတင်းအချက်အများကို ရပ်ရွာတွင်ထားရှိသည့် ကွန်ပျူတာဖန်သားပြင်နှင့် ဖုန်းအက်ပလီကေးရှင်းမှ တောင်သူများအလွယ်တကူ ရရှိစေမည် ဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွက်တိုးရေး၊ ထိရောက်သည့် ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲမှု၊ အများပူးပေါင်းပါဝင်နိုင်သည့် ဗဟုသုတ စီမံခန့်ခွဲမှုမှတစ်ဆင့် နည်းပညာဖြန့်ဖြူးရေး၊ ဘွဲ့လွန်ပညာရေးမှတစ်ဆင့် စွမ်းဆောင်ရေ မြှင့်တင်ရေး၊ တက္ကသိုလ်ပညာသင်ကြားရေး စသည်တိုတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ဆောင်ချက်များမှ မြန်မာနိုင်ငံအတွက် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုမြှင့်ခြင်း၊ စိုက်ပျိုးရေးမှ ဝင်ငွေများ တိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများ တိုးပွားလာခြင်း နှင့် စွမ်းဆောင်ရည် ပြည့်ဝသည့် စိုက်ပျိုးရေးပညာရှင်များ မွေးထုတ်ပေးရန် များစွာအထောက်အကူပြုလာမည် ဖြစ်ပါသည်။