ပဲစိုက်ပျိုးချိန် မျိုးစေ့နှုန်းထား လျှော့ချနိုင်ရန်အတွက် အကြံပြုချက် (၅) ချက်

28/11/2023 15:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

မြန်မာ့​ဆောင်းဦး​ပေါက်ကာလဖြစ်တဲ့ တန်​ဆောင်မုန်း(နိုဝင်ဘာ)ဆိုတာ စပါးရိတ်သိမ်းအပြီး ဆောင်းသီးနှံအတွက် ထွန်​ရေးပြင်နေကြချိန်၊ စိုက်ပျိုးချိန်ကာလလည်း ဖြစ်ပါတယ်။

​တောင်သူလယ်သမားအများစုအတွက် လယ်ထဲ၊ ကိုင်းထဲ အလုပ်အများဆုံးကာလဆိုရင်လည်း မမှားပါဘူး။

ဒီလိုအချိန်မှာ စာ​ရေးသူတို့လို ​တောင်သူပညာ​ပေး​ဆွေး​နွေးပွဲ ပြုလုပ်သူ​တွေဟာ တောင်သူ​တွေ ​နေ့လယ် ထမင်းစားနားချိန်ကို အချိန်လုပြီး ​ဆွေး​နွေးပွဲ ပြုလုပ်ကြရပါတယ်။

ယခုလည်းပဲ ကျနော်ဟာ ပဲခူးတိုင်းအ​ရှေ့ပိုင်း၊ ဒိုက်ဦး၊ ပြွန်တန်ဆာဘက်ကို ပဲတီစိမ်းသီးနှံစိုက်စနစ်များ၊ ပိုး၊​ ပေါင်း​ရောဂါကာကွယ်နည်းစနစ်များကို ​ဆွေး​နွေး​ဟော​ပြောဖို့ ​ရောက်ရှိ​နေတာဖြစ်ပါတယ်။

ကျနော်ရဲ့ထုံးစံအတိုင်း ဘယ်သီးနှံမဆို

​*မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်​အောင်စိုက်*..ဆိုတဲ့ ​ မှန် ၄-မှန် ဆောင်ပုဒ်ကို အရင်ဦးစွာ ရှင်းလင်း​ဆွေးနွေး​လေ့ရှိပါတယ်။

​"မြေမှန် "ဆိုတာ ကိုယ်စိုက်ပျိုးမယ့် သီးနှံနဲ့ ကိုက်ညီတဲ့ ​မြေကြီးရဲ့ ချဥ်ငံကိန်း(pH) မှန်ကန်တာပါ။

(ဥပမာ..ပဲတီစိမ်း သီးနှံအတွက် မြေကြီးpH ဟာ ၅.၅- ၆.၈အကြားရှိသင့်ပါတယ်။)

​မြေကို မပြင်ဘဲ အပင်ကိုချည်း ပြင်​နေမယ်ဆိုရင် အထွက်မတိုးနိုင်ပါဘူး။

"မျိုးမှန်"ဆိုတာ ရာသီဥတု/ပိုး/​ရောဂါဒဏ် ခံနိုင်ပြီး၊​ ဒေသနဲ့ကိုက်ညီတဲ့ အထွက်​ကောင်း မျိုးသန့် ဖြစ်တာပါ။

"စိုက်နည်းမှန်"ဆိုတာက​တော့ ၁ဧက အပင်အ​ရေအတွက်ကိုက်ညီတဲ့ ပင်ကြား×တန်းကြား အကွာအ​ဝေး၊ မျိုး​စေ့ အတိမ်အနက် စတဲ့ စိုက်ပျိုးနည်းစနစ်ကျနဖို့ကို ဆိုလိုပါတယ်။

"ရာသီမှန်​အောင် စိုက်"ဆိုတာက သီးနှံ​တွေရဲ့ အပင်​ပေါက်မှု၊ ကြီးထွားဖွံ့ဖြိုးမှု၊ သီးပွင့်ရင့်မှည့်မှုတွေဟာ ရာသီဥတုလို့​ခေါ်တဲ့ အပူချိန်၊ ​နေ့တာ အတိုအရှည်၊ အစိုဓာတ် နည်းများမှုအ​ပေါ် လုံးလုံးလျားလျား မူတည်​နေပါတယ်။

ဒါ​ကြောင့် သီးနှံ အကြိုက် ရာသီဥတုကို ချိန်ဆ တွက်ချက်ပြီး စိုက်ချိန် လုရခြင်း၊ မိုး​လေဝသ ခန့်မှန်းရခြင်း၊ ထယ်​ရေး/ထွန်​ရေး အထူအပါး၊ စိုက်ရက်တို့ကို မှန်​အောင်စိုက်ရခြင်းကိုဆိုလိုကြတာပဲဖြစ်ပါတယ်။

​ဆွေး​နွေးရင်းနဲ့  တစ်ဧက အသုံးပြုရမယ့် မျိုး​စေ့နှုန်းထားအ​ကြောင်း ​ပြောရင်း..

ဒီရွာမှာ​ရော ပဲ၁ဧကကို မျိုး​စေ့ ဘယ်​လောက်နှုန်း ကြဲပက်ကြလဲ ​ဆိုပြီး မေးကြည့်​တော့

​တောင်သူကြီး  ဦး ထွန်းမြင့်က "၁တင်းခွဲ နှုန်းကြဲတယ်ဆရာ" တဲ့။

အော်...များလှချည်လား.ဗျ၊ အပင်​တွေမထူလွန်းဘူးလား..လို့ ​ပြော​တော့..

"အပင်​ပေါက်လာ​တော့လဲ..အ​​နေတော်ပါပဲ ဆရာ"လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်က ကိုသိန်းစံဆီ​ ဖုန်းနဲ့လှမ်းမေးကြည့်​တော့ မတ်ပဲ ၁ ဧကအတွက် ၁၂ ပြည်-၁၄ ပြည် ကြဲပါတယ်လို့ ဆိုပြန်တော့

စာ​ရေးသူရဲ့ အ​တွေးထဲမှာ  ဘာ​ကြောင့်မျိုး​စေ့နှုန်းထား​တွေများများကြဲလာရသလဲ ဆိုတဲ့ ​မေးခွန်းကို ​ဖြေရှင်းရင်း ဒီစာစု​လေးကို ​ရေးသားတင်ပြရခြင်းဖြစ်ပါတယ်။

"အမှန်တကယ် လိုအပ်သည့်မျိုး​စေ့ပမာဏ"

 

စစ်ကိုင်း၊ မ​ကွေးကဲ့သို့ အညာ​ဒေသကုန်းပိုင်းထွန်​ရေးပြင်မှာ မျိုး​စေ့ချထွန်နဲ့  စိုက်ရင် ပဲတီစိမ်းမျိုး ၆ ပြည်-၈ ပြည်ပဲ စိုက်ကြပါတယ်။

ပဲတီစိမ်း၊ မတ်ပဲ ၁ ဧက ရှိသင့်သည့် အပင်အ​ရေအတွက်= ပျမ်းမျှ -၁သိန်းခွဲရရန်..

၁ ဧက  လိုအပ်သည့်မျိုး​စေ့ ၁ သိန်းခွဲ= ခန့်မှန်း ၆ ပြည်-၈ ပြည်(အတန်းစိုက်စနစ်)

၁၀ ပြည်-၁၂ ပြည်( ပက်ကြဲ စနစ်)

Green life  crop protection(Africa)ရဲ့ ပဲတီစိမ်းမျိုးစေ့ချရန် ထောက်ခံနှုန်းထားမှာ

တန်းကြား×ပင်ကြား (၁၈လက္မ×၆လက္မ)စိုက်စနစ်အတွက်

4-6kgs(၂ပြည်-၃ပြည်) ​လောက်သာ ​ဖော်ပြပါတာ​တွေ့ရပါတယ်။

အကြမ်းဖျဥ်း တွက်ကြည့်မယ်ဆိုရင်လည်း...

ပဲတီစိမ်း နို့ဆီ၁ဗူး=အ​စေ့ ၁​ သောင်းထားပါက

               ၁ ပြည်=အ​စေ့ ၈​သောင်း

              ၂ ပြည်= အ​စေ့ ၁သိန်း ၆​သောင်း

(၁​စေ့ ၁ ပင်​ပေါက်ခဲ့ရင်၊ ၁ဧက အပင်၁သိန်းခွဲ ရနိုင်ပါတယ်)

မျိုးစေ့တွေအများကြီး သုံးကြတဲ့အပေါ် စာ​ရေးသူ အ​တွေ့အကြုံအရ ဥာဏ်မီသ​လောက်စဥ်းစားကြည့်​တော့..

  • အတန်းစိုက်စနစ် မဟုတ်ခြင်း။
  • ထယ်ထိုးကြဲစနစ်တွင် အ​စေ့နက်လွန်းခြင်း။
  • အပင်ငယ်၊ အ​သေအ​ပျောက်များလာခြင်း။
  • ပင်စည်ထိုးယင်/ပိုးကိုက်​လောက်စား များလာခြင်း။
  • အပင်ပါးပါးကို ၊အမြင်အရ အားမရခြင်း။

(​တောင်သူတ​ယောက်အပြောမှာ"ထူ​သော် မမှား၊ ပါး​သော် မယားဆူ" တဲ့ဆရာ)

  • ပေါင်းပေါက်​ရောက်မှု နည်း​စေခြင်း စတဲ့အချက်​တွေ​​ကြောင့် မျိုး​စေ့နှုန်းထားမြင့်လာရခြင်း ဖြစ်နိုင်ပါတယ်။

မျိုး​စေ့နှုန်းထားများခြင်းရဲ့ ဆိုးကျိုးတွေရှိပါတယ်။ အဲ့တာတွေကတော့ 

မျိုးစေ့များရင် အပင်ထူမယ်၊ အပင်ထူရင် ပိုး/​ရောဂါ ပိုများပါတယ်။ အဲ့ကျရင် ဆေးသုံးစွဲမှု ကုန်ကျစရိတ် ပိုများ​စေပါတယ်။ အပင်ထူရင် အသီးကိုင်းဖြာထွက်မှုနည်းတဲ့အတွက် အထွက်နှုန်း​လျော့​စေပါတယ်။ မျိုး​စေ့အသုံးများတဲ့အတွက် ကုန်ကျစရိတ် ပိုများ​စေပါတယ်။ (၁ ဧက=၁၆ ပြည်ကြဲရင်   ၆ ပြည်စာပိုကုန်ပါတယ်။ တစ်နိုင်ငံလုံး ပဲစိုက်ဧက ၃သန်း နဲ့တွက်ရင်  ပဲတင်း​ရေ  ၁၀သိန်း​ကျော် ဆုံးရှုံးနိုင်ပါတယ်။)

 

မျိုး​စေ့နှုန်းထား ​လျှော့ချနိုင်ရန်အတွက် အကြံပြုရမယ်ဆိုရင် 

  • မျိုး​ကောင်း မျိုးသန့်ကို ရှာ​ဖွေအသုံးပြုပါ။
  • မျိုး​စေ့ မကြဲမီ မျိုးလူး​ဆေး အသုံးပြုပါ။
  • မျိုး​စေ့ကို မြေကြီး နက်နက် မချပါနှင့်။ (အထူးသဖြင့်  မျိုးကြဲပြီးမှ ထယ်နက်နက်ထိုးခြင်းသည် မျိုး​စေ့ဆုံးရှံးနိုင်ပါသည်။)
  • အစိုဓာတ်ကို အမိအရဖမ်းစိုက်ပါ။
  • စိုက်ချိန် ​နောက်မကျ​အောင် အချိန်လုစိုက်ပါ။ (​ရေနက်ကွင်း၊စပါးရိုးပြတ်များ၊​ရေခမ်း​အောင်​စောင့်ပြီး၊ထယ်​ရေး​စောင့်မည့်အစား၊ ခုတ်ဖုံးစနစ်ဖြင့် စိုက်ချိန်လုသင့်ပါတယ်)

ကဲဗျာ..နိဂုံးအနေနဲ့ ပဲစိုက်​တောင်သူများ သီးနှံ​တွေအထွက်တိုးပြီး၊ ​စျေး​ကောင်းရကြပါ​စေ။

​စေတနာများစွာဖြင့်..

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်