ကြက်ဥနဲ့ ကြက်မ ဘယ်သူ အရင်စ..

25/07/2023 11:00 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ကြက်မွေးမြူရေးသင်တန်းတွေ ပေးတဲ့အခါ သင်တန်းသားတွေထဲက အပျော်သဘောနဲ့ပဲဖြစ်ဖြစ်၊ တကယ်သိချင်လို့ပဲ ဖြစ်ဖြစ် ထွက်လာတတ်တဲ့ မေးခွန်းတစ်ခု ရှိတယ်။ အဲဒါကတော့ "ကြက်ဥ နဲ့ ကြက်မ၊ ဘယ်က စသလဲ" ဆိုတဲ့ မေးခွန်းပါ။

စာရေးသူကတော့ "ကြက်ဥက စပါတယ်" လို့ ပြန်ဖြေဖြစ်ပါတယ်။ အကြောင်းက ဒီလိုပါ။

ဒိုင်နိုဆောတွေဟာ ကမ္ဘာပေါ်မှာ နှစ်ပေါင်း သန်း ၁၈၀ ကြာအောင် ရှင်သန်နေထိုင်သွားကြတယ်လို့ အခိုင်အမာပြောနိုင်တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ သန်းကျော်က စတင်ပြီးနောက်ပိုင်း ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေ ရှင်သန်နေထိုင်တယ်ဆိုတဲ့ အထောက်အထား ရှာမတွေ့ရဘူး။

ဆိုလိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅-၆၆ သန်းလောက်မှာ ဒိုင်နိုဆောတွေဟာ ရုတ်တရက်ကြီး မျိုးသုဉ်းပျောက်ကွယ်သွားကြတာပါ။ ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာပေါ်ကို အလွန်ကြီးမားတဲ့ ဥက္ကာပျံကြီး ကျရောက် ပေါက်ကွဲ ခဲ့လို့ပါ။ ဥက္ကာပျံကြီးကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့သလို၊ ငလျင်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မီးတောင်တွေ ပေါက်ကွဲခဲ့ပါတယ်။ ဒါကြောင့် သတ္တဝါတွေ သေဆုံးကုန်ပါတယ်။ ကမ္ဘာကြီးတစ်ခုလုံး မီးခိုးပြာတွေနဲ့ အမှောင်ဖုံးပြီး နေရောင်မရတာမို့ အပင်တွေ မရှင်သန်တော့သလို အစာကွင်းဆက်ပြတ်တောက်ပြီး သတ္တဝါတွေ အကုန်နီးပါး မျိုးသုဉ်းကုန်ပါတော့တယ်။ 

အဲဒီမတိုင်ခင်က ကမ္ဘာမြေပေါ် မှာ ရှင်သန်နေထိုင်ခဲ့တဲ့ သတ္တဝါမျိုးစိတ် အတော်များများဟာ ဥက္ကာပျံ ကျရောက်ပေါက်ကွဲမှုကြောင့် မျိုးသုဉ်းပျောက်ကွယ်သွားတာပါ။ နဂိုရှိနေတဲ့ မျိုးစိတ် ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှင်သန်ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီကနေ့ ကမ္ဘာပေါ်မှာမြင်တွေ့နေရတဲ့ ငှက်တွေကတော့ အဲဒီ ဥက္ကာပျံ ကျရောက်ပေါက်ကွဲမှုမှာ ရှင်သန်ကျန်ရစ်တဲ့ ဒိုင်နိုဆော မျိုးစိတ်တစ်ခုကနေ ဆင့်ကဲပြောင်းလဲလာတဲ့ သတ္တဝါမျိုးစိတ်တွေ ဖြစ်ပါတယ်တဲ့။ 

ဥက္ကာပျံ ကျရောက်ပေါက်ကွဲမှု မဖြစ်မီ နှစ် သန်းအနည်းငယ်ကတည်းကရှိနေခဲ့တဲ့ သီရိုပေါ့ (Theropods) ဆိုတဲ့ ဒိုင်နိုဆော အုပ်စုဝင်တွေကနေ ဒီကနေ့ မြင်နေရတဲ့ငှက်တွေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

အဲဒီအုပ်စုထဲက အချို့သောဒိုင်နိုဆောမျိုးစိတ်တွေဟာ တွားသွားသတ္တဝါတွေဖြစ်ပေမဲ့ ငှက်နဲ့ဆင်တူတဲ့ လက္ခဏာတွေကိုလည်း တွေ့ရပါတယ်။ ဥပမာ အတောင်ပံတွေပါဝင်တာ၊ ခြေချောင်း ၃ ချောင်းရှိတာ စတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဒီနေ့ခေတ် ငှက်တွေနဲ့ ဆွေမျိုးတော်ကြောင်း ထင်ရှားလှတဲ့ သီရိုပေါ့တ်အုပ်စုဝင် ဒိုင်နိုဆောမျိုးစိတ်တစ်ခုကတော့ အာခီရော့ပ်ထရက်စ် (Archaeopteryx) ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာ တူး‌ဖော်ရရှိတဲ့ အဲဒီ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းဟာ သက်တမ်းအားဖြင့် လွန်ခဲ့တဲ့ နှစ် သန်း ၁၅၀ ကတည်းကဖြစ်တယ်လို့ တွေ့ရှိရပါတယ်။ သူ့မှာ ငှက်တစ်ကောင်ရဲ့သွင်ပြင်လက္ခဏာရော၊ တွားသွားသတ္တဝါတစ်ကောင်ရဲ့ သွင်ပြင်လက္ခဏာတွေပါ အပြည့်အစုံပါဝင်နေတာကို တွေ့ရပါတယ်။ 

ဒိုင်နိုဆောရုပ်ကြွင်းတွေကမှ မဟုတ်ပါဘူး။ ရှေးဟောင်းငှက်တွေရဲ့ ရုပ်ကြွင်းတွေမှာလည်း အဲဒီလို ငှက်ရော၊ တွားသွားသတ္တဝါရဲ့ လက္ခဏာတွေပါ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒိုင်နိုဆောနဲ့ ငှက်တွေရဲ့ အဆက်အစပ်က ပိုပြီး ခိုင်မာသွားပါတယ်။ တဖြည်းဖြည်း ကြာလာတာနဲ့အမျှ ဒိုင်နိုဆောတွေဟာ ငှက်နဲ့ပိုတူတဲ့ သတ္တဝါအဖြစ် ဆင့်ကဲပြောင်းလဲလာကြတာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ဥပမာတစ်ခုကတော့ တရုတ်နိုင်ငံမှာ ၁၉၉၀ ခုနှစ် ဝန်းကျင်တုန်းက စတင်တွေ့ရှိခဲ့တဲ့ Sinornis santensis ဆိုတဲ့ စာကလေးငှက်အရွယ်အစား မျိုးစိတ်ဟာ ဒိုင်နိုဆောကနေ ဆင့်ကဲပြောင်းလဲလာရင်း ပထမဆုံး လေပေါ်ပျံသန်းလာနိုင်တဲ့ ငှက်တွေထဲက တစ်မျိုးဖြစ်ပါတယ်။

၁၉၉၂ ခုနှစ်မှာ အန္တာတိကတိုက်မှာ Vegavis iaai ဆိုတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း နမူနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၆၇ သန်း ရှိပြီဖြစ်တဲ့ အဲဒီကျောက်ဖြစ်ရုပ်ကြွင်းဟာ ဘဲနဲ့အတော်ဆင်တူတာကို တွေ့ရသလို၊ ဘဲလိုအသံထွက်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေလည်း တွေ့ရပါတယ်။ အဲဒီ ကျောက်ဖြစ် ရုပ်ကြွင်းရဲ့ အသက်ရှူလမ်းကြောင်းနေရာမှာ Syrinx လို့ခေါ်တဲ့ အသံထွက် အင်္ဂါအစိတ်အပိုင်းပါ ပါနေတာကို တွေ့ရှိခဲ့ရတာပါ။ အဲဒီ အင်္ဂါအစိတ်အပိုင်းဟာ ရေဘဲတွေမှာပဲ တွေ့ရတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ 

 Vegavis iaai ဒိုင်နိုဆော ရှင်သန်ခဲ့ပြီးနောက်ပိုင်း နှစ်သန်း ၁၀၀ လောက်မှာ ဥက္ကာပျံ ကျရောက်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲ ပြောင်းလဲလာတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဟာလည်း မူလအနေအထားကနေ လမ်းကြောင်းပြောင်းလဲသွားခဲ့တာမို့ ငှက်အပါအဝင် သတ္တဝါမျိုးစိတ်အသစ်တွေ ထပ်မံထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ငှက်တွေဟာ ပတ်ဝန်းကျင်အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲရင်း ဆင့်ကဲဖြစ်စဉ် ပြောင်းလဲခြင်းတွေ ဆက်လက်ဖြစ်ပေါ်ခဲ့တာမို့ အခုဆိုရင် ကမ္ဘာပေါ်မှာ ငှက်မျိုးစိတ်ပေါင်း သောင်းချီပြီး ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နောက်တစ်ခါ ခိုတွေ၊ စာကလေးတွေကိုအစာကြွေးရင်း ခေတ်သစ် ဒိုင်နိုဆောတွေကို အစာကျွေးနေတာပါလားလို့ ခံစားကြည်နိုင်ပါတယ်။

ကြက်ဆိုတာကလည်း ငှက်မျိုးနွယ်ထဲက တစ်ခုပါ။ ကြက်မဖြစ်ခင် ရှေ့က မျိုးစိတ်တွေက ဥတွေ အုချရင်း မျိုးဆက်တွေ လက်ဆင့်ကမ်းပေးခဲ့လို့ ဒီနေ့ခေတ် မြင်နေရတဲ့ ကြက်မျိုးစိတ်တွေ ဖြစ်ပေါ်လာတာပါ။ 

ပထမဆုံး ကြက်မ ဖြစ်လာဖို့ သူ့မိဘ မျိုးစိတ်က ဥ အုချပေးပြီး၊ အဲဒီဥကမှ ပထမဆုံး ကြက်အကောင်ပေါက်လာ၊ ပထမဆုံး ကြက်ပေါက်ကလေးကမှ ကြက်မကြီး ဖြစ်လာရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့်၊ ကြက်ဥ နဲ့ ကြက်မ မှာ ဘယ်သူက စတာလဲ လို့ အမေးရှိလာတဲ့အခါတိုင်း "ကြက်ဥကစတယ်" လို့ စာရေးသူက ဖြေလေ့ရှိတာပါ။ 

လူအများစုက အရင်းအမြစ်ကို ရှာမရတဲ့ ပြဿနာတွေ ကြုံလာတဲ့အခါ "ကြက်ဥအစ ရှာမရ" လို့ ပြောတတ်ကြပါသေးတယ်။ ဘယ်ပြဿနာမဆို မှန်ကန်တဲ့နည်းနဲ့ သိပ္ပံနည်းကျ ချဉ်းကပ်ပြီး၊ စိတ်ရှည်လက်ရှည် စနစ်တကျ ရှာဖွေရင် တစ်နေ့မှာတော့ အရင်းအမြစ်ကို ရှာဖွေနိုင်မှာပါပဲ။ ကြက်ဥအစ ရှာဖွေနိုင်ကြပါစေခင်ဗျား။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်