မောင်နီပြောတဲ့ ပိုးသတ်ဆေးအန္တရာယ်ကင်းအောင် အသုံးပြုနည်း

08/10/2025 09:11 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး မြားနီနည်းပညာပေးရေးအဖွဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ မှ ပေးပို့ထားပါသည်။

“ငရဲ ငရဲ ဘယ်တုန်းဟ  ဆေးပုံးကြီးဝယ်လာတာလား”

“အော် ဖျန်းပုံးက အရင်ပတ် မြို့တက်တုန်းက ဝယ်ထားတာကြာပြီ ဈေးတွေကလည်း ဗျာ

ခုက အခင်းသွားမလို့၊ ပေါင်းလေး ဘာလေး ရှင်းဖို့ ဖျန်းမလို့ဗျာ”

“ဒါပဲလားဟ”

“အင်းလေ ခဏပဲဖျန်းရမှာဆိုတော့ ဘာမှယူမနေတော့ဘူးလေ ကိုမောင်နီ၊ အမကတော့ တောဝက်သားချက်ထားမယ်ပြောတာပဲ အပြန်ကျမှ ဝါးတီး”

“မင့် ဝါးတီးပြောတာမဟုတ်ဘူးဟ၊ မင်းအသက် ဘယ်နှနှစ်လဲ”

“၂၆”

“အေး ငယ်ငယ်ရွယ်ရွယ်လေးရှိသေးတာ လာဦး မင်း လာဦး”

“ဗျာ”

“လာဟ ဒီမှာ ဒါတွေယူသွား”

“ရော့ လက်အိတ် - မင်း လက်အရေပြားကလည်း ဆေးစိမ့်သဗျာ၊ လက်စည်းဖို့ သားရေပင်ပါ ယူ”

ဒါက - ဖိနပ်၊ ဖိနပ်က ငှားပဲငှားတာနော် ငါ့မလဲ တစ်ရံပဲရှိတာ၊ အပြန်ဝင်လာပို့၊ ဒီမှာ နှာခေါင်းစည်း”

“နေပါဦးဗျာ ပေါင်းဆေးသွားဖျန်းမှာကို ကိုမောင်နီ ဘာတွေပေးနေတာလဲ” 

“ အေး မင့်ဟာက ရေနွေးသွားလောင်းမှာမှ မဟုတ်တာ၊ ဆေးသွားဖျန်းမှာ

ဆေးတွေက ဓာတုတွေကွာ၊ လူတွေက အရေပြားတို့ဘာတို့ကနေ၊ မင်းခန္ဓာကိုယ် ကလည်း ငါတို့ မသိပဲ စုပ်ယူလိုက်တာရှိတယ်၊ အနံ့တွေ ရှုမိတာရှိတယ်၊ ၊ ကြာလာရင် အမောမခံနိုင်တာ၊ ခေါင်းကိုက်တာ၊ အန်တာတွေဖြစ်လာမှာ၊ ချက်ချင်းခံရတဲ့ ဆေးတွေတောင်ရှိတယ် ငါ့ကောင်၊ မဖြစ်သေးလို့ဟေ့ ဖြစ်လာရင် မင့် ခံရမှာရယ် အဲ့ဒါတောင် ဆေးဖျန်းတာကွာ လက်က ဆေးပေနေတာကို မုန့်စားတဲ့ကောင်နဲ့၊ ကွမ်းနှိုက်၊ ဆေးလိပ်သောက်တဲ့ ကောင်တွေမြင်ရင် ငါ့မယ် ပြေးသာ လုပ်ချင်တာ”

“ ကိုမောင်နီ ပြောခါမှပဲ”

“အေး ပေါ့ပေါ့လေးမဟုတ်ဘူးဟ

ခေါင်းကိုက်မယ်၊ နှာခေါင်းပြဿနာတွေ၊ အသက်ရှုမဝတာတွေ၊ အန်တာ၊ ဝမ်းလျှောတာ၊ မင်း မျက်စိတွေ ယောင်ကိုင်းတာလို ဆေး အလိုက်ကွာ ဖြစ်တာက ကုရသေး

နည်းနည်းလေးများ များလာရင်တော့ မင်း လူတိုင်းကို မကြည်တော့ဘူးဟျောင့် - မျက်စိတွေ ဝေဝါးလာမယ်၊ ချွေးတွေ တံတွေးတွေ လိုတာထက်ကို ပိုထွက်မယ်၊ အသက်ရှုရခက်တာ၊ ကြွက်သားတွေ အားနည်းတာ၊ အကြောဆွဲတာတွေ၊ ဗိုက်နာ၊ ဗိုက်အောင့်မယ်ကွာ

အဲ့ထက်များ ဂိတ်ဆုံးလို့ကတော့ အတက်ရောဂါ ဝင်မယ်ကွာ၊ သတိလစ်မယ်၊ အသက်ကိုရှုမရတော့ဘူးကွာ ငါပြောတာ သဘောပေါက်လား အဲ့အထိရောက်မှာ 

ဒါတောင် မြုံတာ မပါသေးဟ။

တစ်ချို့ ဆေးတွေကို ပိတ်ပင်တယ်ဆိုတာ မင်းတင်မကဘူး မင်းမွေးလာမဲ့ ကလေးတွေအထိပါ အင်္ဂါမပြည့်မစုံမွေးလာတာမျိုး၊ နေ့မစေ့လမစေ့ပဲ မွေးလာတာမျိုးအထိကွာ မျိုးဆက်တွေထိကို လိုက်တဲ့ဆေးတွေမို့ ပိတ်တာ”

“ ကိုမောင်နီကြီး ကျုပ် အိမ်ပဲ ပြန်တော့မယ်ဗျာ”

“ဟေ၊ နေပါဦး၊ မင့်ဝက်သားက မကျက်လောက်သေးဘူး”

“ ယူစရာရှိတာ ပြန်ယူမလို့ပါဗျာ၊ ကိုမောင်နီကြီး ပြောခါမှ ကျုပ် အတော်လန့်လာပြီ”

“အော် အေးအေး ယူချေ၊ 

လက်အိတ်ကွာ - ရေမဝင်တဲ့ လက်အိတ်နော်

မင်း မိုးကာရှည်ရှိရင် အဲ့ဒါဝတ်၊

ဦးထုပ်လည်းဆောင်းကွ၊ ခေါင်းစင်ရင် ခေါင်းကလည်းဝင်တယ်။ 

နဖူးစည်း မျက်မှန်က ငါပေးလိုက်မယ်။ မြို့က ဆိုင်မှာများကြီးမို့ ငါတောင်းလာတာ

လည်ရှည်ဖိနပ်စီး၊ mask တပ်လိုက်

အဲ့ဒါဆို အိုကေပဲကွ”

“ ရပြီလား အဲ့ဒါဆို”

“နေဦးဟ၊ ငါတို့ပဲနေတာမှမဟုတ်တာ ပတ်ဝန်းကျင်ဆိုတာရှိသေးတယ်”

“ဗျာ”

“မင့် အဲ့မျက်နှာကြီးလုပ်မနေနဲ့၊ ငါ ရှင်းပြမယ်၊ ပေါင်းတွေ ပိုးတွေ သေစေတဲ့ ဆေးကွာ၊ မင့် လူအတွက်တောင် ဒီလောက်ကြောက်စရာကောင်းတာ၊ တစ်ခြား အကောင်ပလောင်တွေရှိတဲ့ ငါတို့ ပတ်ဝန်းကျင်ကိုလည်း မထိအောင် တာဝန်ရှိရှိနဲ့ သုံးရမှာပေါ့

ဆေးဖျန်းပုံးကို ပြောင်အောင် ပြန်ဆေးရမယ် - ချောင်းနား မြောင်းနား မဆေးရဘူးနော်။

ဆေးဘူးခွံတွေ အိတ်ခွံတွေ ပစ်တဲ့အချိန်ကျ ထိုးဖောက်ပစ်ရမယ်။ ကောက်ပြီး ဟိုဟာထည့် ဒီဟာထည့်တွေ လုပ်မရအောင်လို့ ဖောက်ပစ်ခိုင်းတာကွာ

ပစ်ရင်လည်း မြေမြုပ်တဲ့နည်းနဲ့ ပစ်ရမယ်၊ ကျင်းတူးပီး စုထားတာဖြစ်ဖြစ် လုပ်ထားရမှာ

ဆေးဖျန်းပြီးတဲ့ မင်းဆီက မိုးကာတွေ အဝတ်တွေ အကုန် လျှော်ပြီး လူပါ ရေချိုးရမှာ

အဲ့ဒါမှ ငါတို့ လည်းကျန်းမာ၊ ငါတို့နေတဲ့ ကမ္ဘာကြီးလည်း ကျန်းမာတာပေါ့ဟ” 

“ ပြန်လိုက်ဦးမယ်ဗျာ သွားယူဦးမယ် ကျုပ်က မိန်းမ မရသေးဘူးဗျ”

“အေး ငှက်ပျောသီးလေးတော့ စားသွား၊ မင့်ဝက်သားက အပြန်ကျ စား၊ ထွက်မပြေးပါဘူးဟ။

မိန်းမလည်း ရမှာပါ၊ မင်းကို ဟိုကလေးမ ပြန်ကြိုက်ရင်ပေါ့”

“ကိုမောင်နီကြီးကလည်းဗျာ…..”

မြားနီနည်းပညာပေးရေးအဖွဲမှ အစိမ်းရောင်လမ်းမိုဘိုင်းဖုန်းဆော့ဝဲသို့ ပေးပို့ထားသော မူပိုင်ဆောင်းပါးသဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်