တရုတ်ကိုပို့မယ့် ပြောင်းချဉ်ဖတ်အတွက် ရောင်းသူဝယ်သူကြား အရည်အသွေးပိုင်းအတိအကျပြဌာန်းဖို့ လိုနေ

01/03/2022 16:00 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

ပြောင်းချဉ်ဖတ်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပြောင်းဖူးကုန်ကြမ်းရဲ့ အရည်အသွေးကို အတိအကျသတ်မှတ်ထားပြီး စစ်ဆေးဝယ်ယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ် တာလော ကြီးကျေးရွာမှာ Century Sun ကုမ္ပဏီ က ပြောင်းချဉ်ဖတ်ထုတ်လုပ်တဲ့လုပ်ငန်းကို လုပ်ကိုင်နေတာဖြစ်ပြီး လိုအပ်တဲ့ ပြောင်းကုန်ကြမ်းကို တောင်သူဆီက ဝယ်ယူနေတာပဲ ဖြစ်ပါတယ်။

ဒီလိုဝယ်ယူရာမှာ စက်ရုံအရောက် ပြောင်းအရည်အသွေးကို အများသိအောင် တိတိကျကျ ပြဌာန်းထားတာ မရှိ သလို တောင်သူတွေမှာလည်း ရိတ်သိမ်းချိန်နောက်ပိုင်း ပြောင်းဖူးအရည်အသွေးမပျက် ထားသိုနိုင်တဲ့ နည်းစနစ် တွေ မရှိတဲ့အတွက် နှစ်ဦးနှစ်ဖက် အခက်အခဲတွေဖြစ်ခဲ့ရတာဖြစ်ပါတယ်။ ဒီအခြေအနေကို ဝိုင်းမော်မြို့နယ် တာလောကြီးကျေးရွာမှ ပြောင်းစိုက်တောင်သူ ဦးသိန်းလှိုင်က အခုလို ရှင်းပြပါတယ်။

“ ကျွန်တော့်အမြင်အရကတော့ ဘယ်လိုပြောမလဲဆိုတော့ သူတို့က ကွင်းဆင်းပြီးမှ အရင်ကြည့်ပေးရင် ကောင်း တာပေါ့။ ဒီပြောင်းကတော့ယူလို့ရတယ်၊ ဒီ ပြောင်း ကတော့ ယူလို့မရဘူး။ အဲ့ဒါမှပဲ အဆင်ပြေမှာပေါ့။ အခုက တောင်သူတွေကရောင်းလို့ရတယ်ဆိုမှ တင်ခဲ့ပြီ။ ကားခကလည်းသိတဲ့အတိုင်းပဲ ဆီဈေးကလည်း ကြီးဆိုတော့ အသွားအပြန်ဆိုတော့ တောင်သူတွေက အများကြီးနစ်နာတာပေါ့။ ဒီကနေ့ဆို အစေ့က သုံးလို့ရတယ်လေ။ ခွာပြီး တော့ အစေ့ကိုခြွေရင် တစ်ခါရောင်းလို့ရတာပေါ့။ ဝယ်လက်က ရှိတာပေါ့။ အခုကျတော့ ဒီမှာတင်ပြီးမှ ဘယ်လိုမှတင်ရမယ်ဆိုတော့ တောင်သူအတွက် အဆင်မပြေဘူးပေါ့လေ”

ပြောင်းချဉ်ဖတ်စက်ရုံက ပြောင်းလာရောင်းနိုင်ကြောင်း အကြောင်းကြားတဲ့အခါမှာ ပြောင်းတောင်သူက ပြောင်းချိုးလာပြီး စက်ရုံကိုပို့ချိန်မှာ မိုးမိထားတဲ့အတွက် အညှောင့်ပေါက်တာ၊ ပြောင်းအောက်တာတွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ပထမအကြိမ်အရောင်းအဝယ်ပြုလုပ်ပြီးနောက် ဒုတိယအကြိမ်ပြောင်းဝယ်ရာမှာ ပြောင်းအရည် အသွေးကျဆင်းနေတဲ့အတွက် စက်ရုံရောက်လာတဲ့ ပြောင်းကိုမယူနိုင်ပဲ တောင်သူဆီကို ပြန်အပ်ခဲ့တာပဲဖြစ် ပါ တယ်။

ပြောင်းချဉ်ဖတ်စက်ရုံက ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းမှာ ထွက်ရှိလာတဲ့ အခွံပါ ပြောင်းဖူးခြောက် တစ်တန်ကို ကျပ်နှစ်သိန်းနှုန်းနဲ့ ဝယ်ယူနေတာဖြစ်ပါတယ်။ ဒီဈေးနှုန်းက တောင်သူတွေအတွက် အကျိုးအမြတ် အရကြီး မဟုတ်ပေမယ့် ပြောင်းချိုးပြီးတာနဲ့  ပြောင်းဖူးခြွေစရာ၊ အခြောက်လှမ်းစရာ၊ အဝေးကိုသွားရောင်းစရာ မလို တော့ပဲ ကျေးရွာအတွင်းမှာပဲ ရောင်းဝယ်နိုင်တာက အားသာချက်တစ်ခု ဖြစ်စေခဲ့ပါ တယ်။

Century Sun ကုမ္ပဏီပိုင်ရှင် ဒေါ်အားတုကတော့ လာမယ့် ပြောင်းရာသီမှာ ပြောင်းဝယ်နိုင်ဖို့ အရည်အသွေး သတ်မှတ်ချက်ဆိုင်ရာ ဆိုင်းဘုတ်တွေကို အများသိအောင်စိုက်ထူသွားမယ်ဆိုပါတယ်။ ဒါ့အပြင် ပြောင်းခင်းထဲ အရောက် အရည်အသွေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကိုလည်း သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“ အခုပြောင်းဖူးတွေ ကျွန်မဝယ်တဲ့အချိန်မှာလေ အရင်က ဆောင်းပြောင်း မှာ မိုးမရွာဘူး။ အခုက တောင်သူက ခုတ်ထားပြီးမှ ခြံမှာပဲ ချထားတာ။ ပို့လာတဲ့အခါမှာ ကားပေါ်မှာချထားတာ ၂ ရက်ကြာသွားပြီ။ ၂ ရက်ကြာသွားတဲ့ အချိန်မှာ မိုးရွာလာတယ်  မိုးကာလည်းမအုပ်ထားတဲ့အချိန်မှာ ဒီမှာရောင်းတဲ့အခါမှာ မကောင်းတာတွေဖြစ်နေတဲ့ အချိန်မှာ မကောင်းတာတွေက နွားကျွေးလို့လည်းမရဘူးလေ။ ပုပ်သွားပြီး နွားစားတဲ့ အချိန်မှာ ရောဂါဖြစ်တယ်။ ဒီမှာတောင်သူက ကိုယ်ပိုင်ကားလည်းမဟုတ်တော့ ကားငှား ထားတော့ ကားခက အရမ်းကုန်တယ်။ ကျွန်မ ကြိုပြောထားတယ်။ ပုပ်တာတွေမယူဘူး။ ပြောင်းဖူးမှာ အစေ့မပါရင်မယူဘူးပဲ။ ကြိုပြောထားတယ်လေ။ အရင်ကလည်း ဒီကြားမှာ မိုးမရွာဘူး။ ဒီနှစ်ကဘယ်လိုဖြစ်လဲမသိဘူး။ အဲ့ဒါကြောင့် ပြန်ချလိုက်တာ။ ကျွန်မ နောက်နှစ်မှာလည်း ဒီလိုမျိုး သိမ်းတဲ့အချိန်မှာ ခြံမှာသွားကြည့်ပြီးမှ ကြိုပြောပေးမယ်လေ။ ဒါရောင်းလို့ရလား၊ မရဘူးလား၊ ဒါကောင်းလား၊ မကောင်းဘူးလား ကြိုလိုက်သင်ပေးမယ်” လို့ ဒေါ်အားတုက ဆိုပါတယ်

မိုးမိထားတဲ့ အစေ့ထုတ်ပြောင်းတွေမှာ အာဖလာတော့ဆင်မှိုဆိပ်ပါဝင်နိုင်ပါတယ်။ ရိတ်သိမ်းပြီးနောက်ပိုင်း ပြောင်းသီးနှံတွေမှာ သီးနှံအခြောက်လှမ်းချိန်နောက်ကျတာတွေ၊ သိုလှောင်မှုစနစ်မရှိတာတွေကြောင့် အင်ဖလာတော့ဆင်မှိုဆိပ်ကျရောက်ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် ပြောင်းများကိုရိတ်သိမ်းပြီးနောက်ပိုင်း အစိုဓာတ် ၁၂ ရာခိုင်နှုန်းရောက်အောင် အခြောက်လှန်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုအခြောက်ခံရာမှာလည်း စက်ကိရိယာ အကူအညီနဲ့ ခြောက်သွေ့စေတာက ပိုပြီးထိရောက်မှုရှိစေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

အင်ဖလာတော့ဆင်မှိုဆိပ်မဖြစ်ပေါ်စေဖို့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရိတ်သိမ်း ချိန်လွန်နည်းပညာ အသုံးချဌာနက သုတေသနလုပ်ငန်းတွေကို ၁၉၈၇ ခုနှစ်နဲ့ ၁၉၉၂ ခုနှစ်တွေမှာ ဆောင်ရွက်ခဲ့ ပါတယ်။  မြန်မာ့ပြောင်းဖူးစေ့တွင် အာဖလာတော့ဆင် မှိုဆိပ်ပါဝင်မှုစူးစမ်းလေ့လာခြင်း လုပ်ငန်းကို စစ်ကိုင်း၊ မန္တလေးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ဆောင်ရွက်ခဲ့ကြပါတယ်။

ဌာနအနေနဲ့ အာဖလာတော့ဆင် မှိုဆိပ်မဖြစ်ပေါ်အောင် ဆောင်ရန်ရှောင်ရန် အချက် ၁၀ ချက်ကိုထုတ်ပြန်ခဲ့ရာမှာ စိုက်ပျိုးမြေကို ခြောက်သွေ့အောင် အထပ်ထပ်ထွန်ယက်မြေလှန်ပေးရန်၊ သီးနှံတစ်မျိုးတည်း ရာသီပေါင်းများစွာ စိုက်ပျိုးတာကိုရှောင်ကြဉ်ရန်၊ တညီတညာတည်းရင့်မှည့်မှသာ ခူးဆွတ်ရန်၊ စိုထိုင်းဆများသောဒေသများတွင် သီးနှံအခြောက်ခံစက်များအသုံးပြုပြီး အမြန်အခြောက်ခံခြင်းဖြင့် အာဖလာတော့ဆင် မှိုဆိပ်ကျရောက်မှုကို ကာကွယ်ရန် စတဲ့ အချက် ၁၀ချက်ကို ထုတ်ပြန်ထားပါတယ်။

အင်ဖလာတော့ဆင်မှိုဆိပ်က ပြောင်းသီးနှံအပြင်မြေပဲနဲ့ မြေပဲဖတ်တွေမှာ အများဆုံး ပါဝင်နိုင်ပါတယ်။ ဒါ့အပြင် လူ့အစားအစာတွေမှာသာမက တိရစ္ဆာန်အစာတွေမှာ ပါဝင်လာပါက အင်ဖလာတော့ဆင်ပါဝင်နေတဲ့ နွားစာကို စားမိပါက နွားနို့ကတစ်ဆင့် နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း အင်ဖလာတော့ဆင်မှိုဆိပ်က အသွင်ကွဲအနေနဲ့ ပါဝင်လာနိုင်ပါတယ်။

အင်ဖလာတော့ဆင်မှိုဆိပ်က အသည်းကင်ဆာရောဂါကိုဖြစ်ပွားစေတဲ့အတွက် တရုတ်နိုင်ငံတွင်းတင်သွင်းလာမယ့် လူ့အစားအစာနဲ့ တိရစ္ဆာန်အစာတွေမှာ အင်ဖလာတော့ဆင် အမြင့်ဆုံးပါဝင်မှုပမာဏကို 20ppb အထိသာ ခွင့်ပြု ကန့်သတ်ထားပါ တယ်။ ဒါကြောင့် မြန်မာ့ပို့ကုန်အမယ်သစ်ဖြစ်တဲ့ ပြောင်းချဉ်ဖတ်တွေကို ထုတ်လုပ်ရာမှာ တရုတ် နိုင်ငံက သတ်မှတ်ထားတဲ့ အရည်အသွေးဆိုင်ရာ လိုအပ်ချက်တွေပြည့်မီအောင် ဆောင်ရွက်ပြီး တောင်သူတွေ အတွက် အကျိုးအမြတ်ရှိတဲ့ သီးနှံဈေးနှုန်းကို ရရှိမှသာ ရေရှည်တင်ပို့နိုင်မှာ ဖြစ်ပါတယ်။

ဂျာနူး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်