၂၀၂၃ ခုနှစ်အတွင်း ရာသီဥတုဆိုးဝါးဖောက်ပြန်ခြင်းမျိုး ကြုံတွေ့ရနိုင်ချေ နည်းနိုင်

21/12/2022 18:03 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အမေရိကန် ပင်လယ်သမုဒ္ဒရာလေ့လာစူးစမ်းရေးအဖွဲ့ National Oceanic and Atmospheric Administration (NOAA) ရဲ့ ကြိုတင်ခန့်မှန်းချက်အရ လာမဲ့ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာမှာ ရာသီဥတု ဆိုးဝါးဖောက်ပြန်မဲ့  အခြေအနေမျိုးဖြစ်နိုင်ချေနည်းတယ်လို့ နိုင်ငံတကာမိုးလေဝသ ထုတ်ပြန်ချက် တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ပြောပါတယ်။

လက်ရှိဖြစ်နေတဲ့ လာနီညာရာသီဥတုဟာ ၂၀၂၃ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ပြီးဆုံးသွားနိုင်တာဖြစ်ပြီး အစွန်းရောက်ရာသီဥတုတွေဖြစ်တဲ့ လာနီညာ၊ အယ်နီညိုတို့မဟုတ်တဲ့ ပုံမှန်ရာသီဥတုမျိုးသာဖြစ်တော့နိုင်တယ်လို့ ဦးဝင်းနိုင်က ပြောတာပါ။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

#လက်ရှိ လာနီညာရာသီဥတုအခြေအနေက ဘယ်အချိန်ထိ ဆက်ရှိနေမှာလဲ?

“ လာနီညာက ၂၀၂၁ ဩဂုတ်မှာစဖြစ်တာ။  အခုအချိန်ထိ ဆက်ဖြစ်နေသေးတာပေါ့။ ဒီကြားထဲမှာ ဒီနှစ်ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက်မှာ ပုံမှန် (Neutral) နီးပါးလောက် ပြန်ဖြစ်သွားသေးတယ်။ ဒါပေမဲ့ တစ်လလောက်ပဲ။ လာနီညာအားပြန်ကောင်းလာပြီး အခုထိ ဆက်ရှိနေတာ။ အခုကတော့ အားအသင့် အတင့်ပေါ့။ လာနီညာ တအားအားကောင်းသွားရင်လည်း အအေးပိုတာတွေ၊ အအေးလှိုင်းဖြစ်တာတွေ၊ အချိန်အခါမဟုတ် မိုးတအားများတာတွေ ဖြစ်တတ်တယ်။ ဒါက အခု မော်ဒယ်(မိုးလေဝသခန့်မှန်းပုံစံ) ကြိုတင်ခန့်မှန်းချက်တွေအရဆိုရင်တော့ ၂၀၂၃၊ ၂ လပိုင်းလောက်ထိတော့ ဆက်ဖြစ်ဖို့ သေချာ သလောက်ရှိနေပြီ။ ပြီးသွားပြီးတော့မှ တစ်ခါ ၂ လပိုင်းအကုန်လောက်ကျမှ ပုံမှန် (Neutral) ရာသီဥတု ပုံစံမျိုး ပြန်ဖြစ်နိုင်တယ်။ သူက လာနီညာလည်းမဟုတ်၊ အယ်နီညိုလည်းမဟုတ်ပေါ့နော်။ ပြောချင်တာ ကတော့ အီကွေတာနားမှာရှိတဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်က ပုံမှန်အတိုင်းပြန်ဖြစ်သွားမယ်၊ များလည်းမများလွန်း၊ နည်းလည်းမနည်းလွန်းပေါ့"

#လာနီညာဆက်ဖြစ်နိုင်ချေကော ရှိသေးလား?

" သူက ၁ နှစ်လုံးကြီး ဖြစ်ထားပြီးပြီဆိုတော့ ဆက်ဖြစ်နိုင်ချေက မရှိလောက်တော့ဘူး။ အခု ကမ္ဘာ့မိုးလေဝသမော်ဒယ်တွေရဲ့ ခန့်မှန်းချက်အရတော့ လာနီညာဖြစ်နိုင်တယ်လို့ ခန့်မှန်းတဲ့ မော်ဒယ်က ၂ ခုလောက်ပဲရှိတဲ့အချိန်မှာ ပုံမှန် (Neutral)ဖြစ်မယ်ဆိုပြီးတော့ ခန့်မှန်းတဲ့မော်ဒယ် က ၅ ခု၊ ၆ ခုလောက်ထိရှိတယ်။ အယ်နီညိုဖြစ်မယ်လို့ ခန့်မှန်းတဲ့မော်ဒယ်က ၃ ခုလောက်ရှိတယ်။ ဒါမော်ဒယ်တွေအကုန်လုံးရဲ့ ခန့်မှန်းချက်တွေပေါ့။ ဆိုတော့ ဒါတွေအကုန်လုံးကို ခြုံပြီးတော့ပြောရရင် အဓိကကတော့ NOAA ပေါ့။ အမေရိကန် ပင်လယ်သမုဒ္ဒရာလေ့လာစူးစမ်းရေးအဖွဲ့လို့ ပြောလို့ ရတာပေါ့နော်။ အဲ့ဒီအဖွဲ့ကနေ တစ်လတစ်ကြိမ် ကြေညာချက်ထုတ်တယ်။ အဲ့ဒါက ဒီလ နောက်ဆုံး ဒီဇင်ဘာလအတွက် ထုတ်တဲ့ဟာမှာ ကောက်ချက်ချတာတော့ ခုန ကျွန်တော်ပြောခဲ့သလိုပေါ့။ ဆက် ဖြစ်နိုင်ချေနည်းသွားပြီ။ အယ်နီညိုလည်းမဖြစ်နိုင်ဘူး။ Neutral အတွင်းမှာပဲ ဆက်ရှိမယ်ပေါ့။ အဲ့ဒါ ကြောင့် ရှေ့နှစ်ကတော့ အစွန်းရောက်ရာသီဥတုတွေရဲ့ အန္တရာယ်ကနေလွတ်မယ်လို့ ကျွန်တော်ခန့်မှန်းတာပေါ့"

#ဒီလာနီညာ၊ အယ်နီညိုတို့ဖြစ်မယ်၊ မဖြစ်ဘူးခန့်မှန်းတာက ဒီဒေသအတွက်ပဲလား၊ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တာလား?

“ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးအတွက် ခန့်မှန်းတာ။ NOAA က အဓိကယူတဲ့ဟာက ပစိဖိတ် သမုဒ္ဒရာကြီးရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်ကို အဓိကယူပြီးခန့်မှန်းတာ။ ပစိဖိတ်သမုဒ္ဒရာကြီးရဲ့ Equatorial sea surface temperature လို့ ခေါ်တာပေါ့နော်။ အဲ့ဒီဟာက တစ်ကမ္ဘာလုံးမှာရှိတဲ့ တိုက်ကြီးတွေအကုန်လုံးထိကို သွားသက်ရောက်တယ်။ အခုလောလောဆယ်တော့ Neutral ဖြစ်ဖို့ ဟာက ဖေဖော်ဝါရီလကနေ ဧပြီလထိပဲ ခန့်မှန်းထားတယ်။ ၇၁ ရာခိုင်နှုန်းထိ ခန့်မှန်းထားတာ။ အယ်နီညိုဆိုရင် ပူပြင်းမယ်၊ ခြောက်သွေ့မယ် ဆိုတဲ့ အစွန်းရောက်ရာသီဥတုတွေဖြစ်မယ်။ လာနီညာ ဖြစ်လို့ရှိရင် အေးမယ်၊ စိုစွတ်မယ်၊ အအေးပိုလာမယ်ဆိုတဲ့ ရာသီဥတုမျိုးဖြစ်မယ်ပေါ့” 

#အခုက Neutral ဖြစ်မယ်ဆိုတော့ ဘယ်လိုရာသီဥတုပုံစံမျိုးဖြစ်မလဲ?

" Neutral ကတော့ ပုံမှန်ရာသီဥတုမျိုးပဲဖြစ်မယ်ပေါ့။ မိုးရာသီမှာမိုးရွာမယ်၊ မိုးကုန်ရင်ဆောင်းဝင်မယ်၊ နွေရာသီပူမဲ့အချိန်ဆိုပူမယ်ပေါ့။ ကျွန်တော်တို့ဆီမှာတော့ ရာသီဥတုက ၃ မျိုးပဲရှိတာပေါ့နော်။ သူများ တိုက်တွေ၊ သူများနိုင်ငံတွေလို နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီ ဆိုပြီး ၄ ခုမရှိဘူး။ ဆိုတော့ အဲ့ဒီ ၃ ခုက ပုံမှန်ပဲဖြစ်မယ်ဆိုတဲ့သဘောပေါ့။ အစွန်းရောက်အခြေအနေမျိုးမဖြစ်ဘူးပေါ့"

#ဒါဆို ၂၀၂၃ ဟာ အကြမ်းဖျင်းအားဖြင့် ရာသီဥတုကောင်းမယ်လို့ ပြောလို့ရမလား?

"အင်း။ ပြောရမယ်ဆိုရင် အစွန်းရောက်ရာသီဥတုမျိုးတွေ၊ ရာသီဥတုဆိုးတာမျိုးတွေ၊ ရာသီဥတု ဖောက်ပြန်တာတွေ မဖြစ်ဘူးပေါ့"

#(ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်