အသားတွေထက် ပရိုတင်းပါဝင်မှုများတဲ့ ပဲပုပ်သီးနှံအကြောင်း

15/01/2024 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – (107)  Oilseed Crops – Soybean: Multipurpose Crop (Part - 6)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၀၇) ဆီထွက်သီးနှံများ - ပဲပုပ် - ဘက်စုံသုံးသီးနှံ (အပိုင်း - ၆)

ပဲပုပ် (ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ)သည် ကျန်းမာရေးရှုထောင့်မှ စားသုံးရန် အကောင်းဆုံးဆီ (Healthy Edible Oil) ထဲတွင်ပါဝင်ပြီး ပရိုတန်းပါဝင်မှုများပြား၍ လူနှင့်တိရစ္ဆာန် အာဟာရဓာတ် (High Protein for Human and Animal) ဖြည့်တင်းရေးအတွက် မရှိမဖြစ် လိုအပ်သော သီးနှံ (The most important sources of both protein concentrates and vegetable oil) ဖြစ်ပါသည်။ ကျွန်တော့်ကို ပဲမျိုးစုံသီးနှံ (Grain Legumes/Food Legumes) အကြောင်း သင်ကြားပေးပါသော ပါမောက္ခ ဆရာကြီး ဒေါက်တာဆလိုင်းထွန်းသန်း (ဘွဲ့လွန်သင်တန်း)၊ ပါမောက္ခ ဆရာကြီး ဦးသန်းအောင် (ဘွဲ့ကြိုသင်တန်း)နှင့် အတူ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ဤနေရာမှ ဂါရဝပြုကန်တော့အပ်ပါသည်။

ပဲပုပ်  (Soybean/Soya Bean – Glycine max) သည် မြန်မာနိုင်ငံတွင် ပဲမျိုးစုံသီးနှံအနေနှင့်သာ စိုက်ပျိုးထုတ်လုပ်သည်ဟု လူသိများပါသည်။ သို့သော် ကမ္ဘာပေါ်တွင် ပဲပုပ်သီးနှံပင်မှ  ပဲပုပ်ဆီ၊ ပဲပုပ်နို့ (Soybean Milk)၊ ပဲပုပ်ကြိတ်ဖတ်မှ တိရစ္ဆာန်အစာ (Soybean Meal for Animal Feed) များစွာ ထုတ်လုပ်နေသည်ကို အတုယူရမည်ဖြစ်ပါသည်၊ မွေးမြူရေး ပညာရှင်များ ၏ ပြောကြားချက်အရ ကြက်စာ၊ ငါးစာ၊ တိရစ္ဆာန် အစာများအတွက် ပဲပုပ် ကြိတ်ဖတ်များအား နိုင်ငံခြားမှ ငွေ (FE – Foreign Exchange) များစွာ အကုန်ခံပြီး နှစ်စဉ် တင်သွင်းနေရသည်ဟု ပြောပါသည်။

ဇယား - ၁ ကမ္ဘာ့ ပဲပုပ်ထုတ်လုပ်မှု အများဆုံး နိုင်ငံများ (၂၀၂၂-၂၃ ခုနှစ်)

မြန်မာနိုင်ငံအထွက်နှင့် အထွက်များဆုံးနိုင်ငံများ ၃-၄ ဆ ကွာသဖြင့် အထွက်တိုး လုပ်ဆောင်ရန် ဖြစ်နိုင်ပါသေးသည်။

ပဲပုပ် ရုက္ခဗေဒ လက္ခဏာများ (Botanical Characters of Soybean)

မျိုးစေ့ (Seed) ပဲမျိုးရင်းဝင် (Family - Leguminosae) ဖြစ်၍ အတောင့် (Pod) မှ ၁-၃ စေ့ အထိပါဝင်သည်၊ မျိုးစေ့ အရွယ် အစား ၁၂၀-၁၈၀ မီလီဂရမ်ရှိသည်၊ မျိုးစေ့ အရွယ်ငယ်လေလေ သိုလှောင်သက်တမ်းပိုလေလေဖြစ်ပါသည်။ အေးမြသောနေရာ (Cold Storage) မဟုတ်ပါက ၄-လ ထက်ပို၍ သိုလှောင်ရန် မသင့်တော်ပါ၊ 

မျိုးစေ့ အရောင် (Seed-coat Color) သည် အများစု အဝါရောင် (Yellow) မှ အစိမ်း၊ အညို၊ အနက်ရောင်၊ အဖြူ၊ နို့နှစ်ရောင် တွေရှိတတ်ပါသည်။ မစိုက်ခင် အပင်ပေါက် ရာခိုင်နှုန်း (Germination Test) စမ်းသပ်ပြီး ၇၀-ရာခိုင်နှုန်း အထက်ရှိသင့်ပါသည်။ ကွင်းထဲတွင် စိုက်ပါက အစိုဓာတ် (Soil Moisture)၊ မြေကြီးအပူချိန် (Soil Temperature)၊ မျိုးစေ့ အတိမ်အနက် (Planting depth) အပေါ်တွင် မူတည်၍ စိုက်ပြီး ၄-၅ ရက်အကြာမှာ ပဲပုပ်စေ့၏ ထက်ဝက်ခန့်လေးသောရေကို စုပ်ယူပြီး မြေပေါ်သို့ (Seed Emergence) ထွက်ပေါ် လာပါသည်။ အပင်ပေါက်ရန် အကောင်းဆုံး အပူချိန်မှာ ၂၀ မှ ၃၀ ဒီဂရီ ဆဲလ်စီးယပ်(20-30 * Celsius) ဖြစ်ပြီး ၎င်းထက်နည်း၊ များသွားပါက အပင်ပေါက်နှုန်း ကျဆင်းသွားပါလိမ့်မည်။ 

ပဲပုပ်သည်လယ်မြေပေါ်တွင် စပါးရိတ်ပြီးနောက်အလွယ်တစ်ကူ စိုက်ပျိုးနိုင်သော တစ်ရာသီခံပင် (Annual Crop) ဖြစ်ပါသည်။ အပင်ငယ်များ မြေပေါ်ပေါ်ထွက်လာပြီး တစ်ပတ်ကြာသည်နှင့် အမြစ်များတွင် နိုက်တြိုဂျင်ဖမ်းယူရန် (Nitrogen Fixation) ရိုက်ဇိုဘီယမ် မြစ်ဖုများ (Root Nodules) စတင်ဖြစ်ပေါ် လာပါသည်။ ပဲပုပ်အမြစ်များသည် ဘေးတိုက်အားဖြင့် ၁၂ လက်မမှ ၁၆ လက်မအထိ ပြန့်ကား ၍ အနက် ၄၀-၄၈ လက်မအထိ ဆင်းနိုင်ပါသည်။

ပဲပုပ်ပင်အမြစ်တွင် မြစ်မွေးများ (Root hairs) ပေါ်ထွက်လာပြီးနောက် ရိုက်ဇိုဘီယမ် (Rhizobium japonicum) မျိုးစိတ်ကြောင့် နိုဂျူးဘက်တီးရီးယား (Nodule Bacteria) များဖြစ်ပေါ်လာပြီး လေထဲမှ နိုက်တြိုဂျင်ကို ဖမ်းယူပေးပါသည်။ အမြစ်မှထုတ်လုပ်သော ဓာတ်ပစ္စည်းများ (Roots secrete substances) များကြောင့် ရိုက်ဇိုဘီယမ်ဘက်တီးရီးယားများ အပါအဝင် အကျိုးပြုမြေဆီလွှာ အနုဇီဝများ (Effective Soil Microbes)  ကြီးထွားမှု မြန်ဆန်လာပါသည်။

ပဲပုပ်ပင်နှင့် ရိုင်ဇိုဘီယမ်မြစ်ဖုများ 

ပဲပုပ်ပင်သည် မြေဆီဩဇာ၊ ရာသီဥတုကောင်းမွန်ပါက တစ်ဧက နိုက်တြိုဂျင်ဓာတ် ပေါင် ၂၅၀ အထိ ဖမ်းယူပေးနိုင်ပါသည်။ (ဓာတ်မြေဩဇာ ၅၀-ကီလိုတစ်အိတ်လျှင် နိုက်တြိုဂျင် ၄၆-ရာခိုင်နှုန်း နိုက်တြိုဂျင် ၂၃-ကီလိုဂရမ်= ပေါင်-၅၀၊ တစ်နည်းအားဖြင့် ၅၀-ကီလို မြေဩဇာ ၅-အိပ်အထိရရှိနိုင်ပါသည်၊ ယခုခေတ် မြေဩဇာဈေး နှင့် နိုင်းယှဉ်၊ တွက်ယူ နိုင် ပါသည်)။

သန်စွမ်းသောမြစ်ဖုများသည် အတွင်း၌ ပန်းရောင်၊ အနီရောင်ရှိပြီး အဖြူ၊ အညိုနှင့် အစိမ်း ရောင်များဖြစ်နေပါက နိုက်တြိုဂျင်ကို ဖမ်းယူနိုင်မှု အားနည်းပါသည်၊ မြေအတွင်း၌ နိုက်တြိုဂျင်ဓာတ်ပါဝင်မှု များပြားလွန်းလျှင်လည်းကောင်း၊ ဖော့စဖောရပ်ဓာတ်နည်းပါးလျှင်လည်းကောင်း မြစ်ဖုများလုပ်ငန်းဆောင်ရွက်မှု နည်းပါးပါသည်။

အပင်မှ အလင်းရောင် အားလုံး၏ ၉၅ ရာခိုင်နှုန်း (95 percent Light Interception) စုပ်ယူလို့ရရှိချိန်တွင် ရှိသင့်သည့် အရွက်ဧရိယာညွှန်းကိန်း (The Critical Leaf Area Index - LAI) မှာ ၃.၁ မှ ၄.၅ အတွင်း ဖြစ်ပါသည်။ သုတေသနပြုချက်အရ ပဲပုပ်ပင် ပျမ်းမျှ အများဆုံးကြီးထွားနှုန်း (Maximum Growth Rate by mathematical Model) မှာ တစ်ရက် တစ်စတုရန်း မီတာ ၇၈-ဂရမ် အထိရရှိနိုင်သော်လည်း လက်တွေ့ကွင်းထဲတွင် ပျှမ်းမျှ ၁၈.၃ ဂရမ် (18.3 g m-2 d-1) သာရရှိခဲ့ဖူးပါသည်။ 

ပဲပုပ်ပင်၏ပန်းပွင့်မှုဆိုင်ရာအကြောင်းအရာများ (Flowering Pattern of Soybean)

ပဲပုပ်ပန်းများသည် အခိုင်လိုက်ပွင့်ပါသည်။ ပဲမျိုးနွယ်ဝင်အပင်များ၏ သဘာဝအရ ကြီးထွားမှုနှင့်ပန်းပွင့်မှုပုံစံ (Growth and Flowering) သည်

  • (က) ကိုင်းထွက်ပုံနှင့်ပန်းပွင့်ခြင်း အဆုံးရှိသောပုံစံ (Interminate Type)  နှင့်
  • (ခ) ကိုင်းထွက်ပုံနှင့် ပန်းပွင့်ခြင်း အဆုံးမရှိသောပုံစံ (Determinate Type) တို့ရှိပါသည်။

ပဲပုပ်တွင် မျိုးအလိုက် ၂ မျိုးလုံးတွေ့ရပါသည်။ ကိုင်းထွက်ပုံအဆုံးရှိသော ပဲပုပ်မျိုးတွင် ပင်မပင်စည်ပေါ်ရှိ အဆစ်အများစုက ပြည့်ဝစွာ ကြီးထွားပြီး ပန်းပွင့်မှု စတင်သည်။ နောက်ပိုင်းတွင် အပေါ်ပိုင်း၊ အောက်ပိုင်းနှင့် အခြားကိုင်းများတွင် ဆက်လက်ပွင့်သွားသည်။

ဥပမာ မြန်မာနိုင်ငံရှိလက်ရှိ အဆုံးရှိစိုက်မျိုးများမှာ - ရေဆင်း-၅၊ ၈၊ ၉၊ ၁၀၊ ၁၂၊ ၁၄၊ ၁၅ မျိုးများ နှင့် တဝက်တစ်ပြက်ကိုင်းထွက်ပုံနှင့်ပန်းပွင့်ခြင်း (Semi-determinate Type) ရှိမျိုးများမှာ  - ရေဆင်း ၃၊ ၆၊ ၁၁ (ဒေါက်တာမာမာဝင်း၊ စိုက်ပျိုးရေးသုတေသနဌာန အား မေးမြန်းချက်) တို့ဖြစ်သည်။

အဆုံးမရှိသောမျိုးများတွင် အသီးတောင့်များ ကြီးထွားနေတွင် ပန်းများဆက်လက်ပွင့် (Continuous Flowering) ခြင်းဖြစ်ပါသည်။

ဥပမာ - ဒေသသက်ကြီးမျိုး

အပင်ရှိ ပန်းပွင့်များအားလုံး၏ ၄၀-ရာခိုင်နှုန်းခန့်သာ အသီးတောင့်အဖြစ်သို့ ရောက်ရှိပါသည်။ 

ပဲပုပ်စားသုံးဆီ၊ အာဟာရဓာတ်တန်ဖိုးနှင့် ကြိတ်ခွဲအသုံးပြုပုံများ (Soybean for Human Consumption: Nutritional Quality, Processing and Utilization)

လူသားအားလုံး ပဲပုပ်ကို အသုံးပြုခဲ့ပုံများမှာ လွန်ခဲ့သော နှစ်ပေါင်း ဘီစီ ၃၀၀၀ (BC 3000) ကတည်းကဖြစ်ပါသည်။ အဓိက ပဲပုပ်ကို အသုံးပြုမှုမှာ ပါဝင်သော ပရိုတင်း (Protein) နှင့် ဆီဓာတ် (Oil) ကြောင့်ဖြစ်ပါသည်၊ ပဲပုပ်တွင်ပျှမ်းမျှ ပရိုတိန်း ၄၀-၄၂ ရာခိုင်နှုန်းနှင့် ဆီ ၂၀-၂၂ ရာခိုင်နှုန်း ပါဝင်ပါသည်။ ပဲပုပ်ပရိုတိန်းတွင်ပါဝင်သော  အမိုင်နိုအက်ဆစ် (Amino Acid) ဓာတ်သည် နှံစားသီးနှံ (Cereal Crops) များတွင်ပါဝင်မှုနည်းပါးသော လိုင်စင်း (Lysine)၊ တရစ်တြိုဖန် (Tryptophan) အစရှိသော ဓာတ်များဖြစ်သည်။

ပါဝင်သောဆီဓာတ်တွင်လည်း ကျန်းမာရေးအတွက် ကောင်းမွန်သော မပြည့်ဝဖက်တီးအက်ဆစ် (Unsaturated Fatty Acid) ၈၀-ရာခိုင်နှုန်းခန့် ပါဝင်ပါသည်။ ထိုအထဲတွင်မှ ၆၀-ရာခိုင်နှုန်း က လင်နိုလီရစ် (Linoleic) နှင့် လင်နိုလီနစ် (Linolenic) မရှိမဖြစ် ဖက်တီး အက်ဆစ် (Essential Fatty Acid) များပါဝင်ပါသည်။ ပဲပုပ်အနှစ်ကို ပဲပုပ်စေ့အလှော် အပါအဝင် အချဉ်ဖောက်ထားသော အစားအစာများ (Fermented Foods) ဥပမာ - တို့ဖူး (Tofu)၊ မီဆို (Miso) ဟင်းရည်၊ ပဲပုပ်ဆော့/အနှစ်ရည် (Soysauce/ Shoyu)၊ ပဲပုပ်နို့  (Soymilk)၊ ဒိန်ချဉ် (Yoghurt) အစရှိသည်တို့သည် ကလေးသူငယ်များအပါအဝင်၊ လူသားအားလုံးအတွက် အာဟာရဓာတ် ဖြည့်တင်း ပေးနေပါသည်။

ပဲပုပ်ဆီကြိတ်ထုတ်လုပ်ခြင်း (Oil Extraction)

ပဲပုပ်ဆီကြိတ်မှုသည် ပုံမှန်ဆီကြိတ်မှုအပြင် ဟိုက်ဒြောလစ်စနစ် ဖိနှိပ်ကာ (Hydraulic Presses) ပျော်ဝင်မှုကို အားပေးသောဖျော်ရည် (Solvent Extraction) ထည့်သွင်းပြီး ဆီကြိတ်ထုတ်ယူသောစနစ်ကို တစ်ကမ္ဘာလုံး ကျင့်သုံးနေပါသည်။ ဟက်ဆိန်း (Hesane) ဆို သော ဓာတုဖျော်ရည်ကို အသုံးပြုလေ့ရှိပါသည်။ ပြီးသောအခါမှာ ဟက်ဆိန်းကို ထုတ်ဖယ်ပစ်ပြီး ပဲပုပ်ဆီကို အသုံးပြုပါသည်။ ပဲပုပ်ဆီကြိတ်နည်းစနစ်က နှမ်း၊ မြေပဲများကဲ့ သို့ ရိုရိုးကြိတ်လျှင် ဆီထွက်နည်းပြီး အခုလို ၂ ဆင့်ဆီကြိတ်နည်းစနစ် (Two-stage Steam-heated Evaporation Method) က  နိုင်ငံတကာတွင် လက်တွေ့ကျင့်သုံးလျက် ရှိနေပါသည်။

ကျွန်တော်တို့နိုင်ငံ ရှမ်းပြည်ဘက်တွင်တော့ ရိုးရိုးဆီကြိတ်နည်းဖြင့် ဆီကြိတ်ပြီး ဆီယူကြိတ်ဖတ်ထားစနစ် ကျင့်သုံးလျက်ရှိသည်ဟု မေးမြန်းချက်အရ သိရှိရပါသည်။ ပဲပုပ်ဆီကြိတ်ဖတ် (Soybean Meal) မှာ တိရစ္ဆာန်များ အထူးသဖြင့် ကြက်မွေးမြူရေးတွင် မြေပဲ၊ နှမ်း ကြိတ်ဖတ်များထက် အသုံးတဲ့ပြီး နိုင်ငံခြားမှ ပဲပုပ်ကြိတ်ဖတ် ဝယ်ယူရမှုအတွက် နိုင်ငံခြားငွေ ကုန်ကျမှုစရိတ် သက်သာစေနိုင်ပါသည်။

မြန်မာနိုင်ငံတွင် နွား၊ ဆီဆုံဖြင့်ဆီကြိတ်နေပုံ

ပဲပုပ်နှင့် အခြားအစားအစာများ အာဟာရဓာတ်ပါဝင်မှု နှိုင်းယှဉ်ချက်များ

ဤဇယားကို ကြည့်ပါက ပဲပုပ်ပရိုတင်းနှင့် အဆီဓာတ်ပါဝင်မှုသည် အမဲသား၊ ကြက်ဥ၊ နွားနို့များထက်ပင် များပြားလျက် ရှိနေသည်ကို တွေ့မြင်နေရပါသည်။ ထို့ဖြစ်ပါ၍ ပဲပုပ်မှ ထုတ်လုပ်သော ပဲပုပ်ဆီ၊ ပဲပုပ်နို့၊ ပဲပုပ်နှင့် ပတ်သက်သော အစားအစာများ ကျွန်တော် တို့ မြန်မာနိုင်ငံတော်တွင် တိုးတက်ထုတ်လုပ်ပါက ကျောင်းသားလူငယ်များ အာဟာရ ပြည့်ဝနိုင်ပါကြောင်း ပညာပေး ရေးသားလိုက်ရပါသည်။ 

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတမ်း (Reference Paper)

FAO (1994) Tropical Soybean: Improvement and Production. FAO 254p.

Ferwerda, J. (1977) Oil Palm. In ‘Ecophysiology of Tropical Crops by P.T. Alvim and T.T. Kozlowski‘. Academic Press. pp 351-382.

Norman, A.G. (1978) Soybean Physiology, Agronomy and Utilization. Academic Press. 249p.

Mandal, B.C. (2008) Manual on Major Oilseed Crops of Myanmar. FAO 78p.

Wijnands, H.M., Biersteker, J., Hagerdoorn, L.F. and Louisse, J. (2014) Business Opportunities and Food Safety of the Myanmar Edible Oil Sector. LEI Wageningen UR, The Netherlands. 96p.

အာရ်ကေပန်ဒေ (၁၉၉၃) သိပ္ပံနည်းကျ လယ်မြေပေါ်တွင် ပဲပုတ်စိုက်ပျိုးနည်း အခြေခံ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ၂၁၆-မျက်နှာ

စိုက်ပျိုးရေးဦးစီးဌာန - ပဲပုပ်စိုက်ပျိုးနည်းများ

(ဒေါက်တာကြည်တိုး၊ ပါမောက္ခ (ကျောင်းအုပ်ကြီး)၊ လှည်းကူးနယ်မြေ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ အပင်မျိုးမွေးမြူရေးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊  ဒေါက်တာမာမာဝင်း၊ သုတေသနမှူး၊ ပဲမျိုးစုံသီးနှံဌာနစု၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့အား သိလိုသည်များ ဖြေကြားပေး၍ ကျေးဇူးတင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်