တောင်သူလယ်သမားကြီးများအတွက်နှိုးဆော်ချက် (ဖေဖေါ်ဝါရီလ)

31/01/2019 11:11 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မိုးကြိုသီးနှံများကို စတင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်မှာ ဖေဖေါ်ဝါရီလဖြစ်သည်။ မိုးကြိုသီးနှံများတွင် ပဲတီစိမ်း၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ- စသည့်သီးနှံများ ပါဝင်သည်။ နွေရာသီကာလကို ကျော်ဖြတ် လို့ မိုးဦးမကျမီအချိန်ကာလထိ ကြာမြင့်မည်ဖြစ်ရာ မိုးကြိုသီးနှံများစိုက်ပျိုးအောင်မြင်ဖို့ ရေအစိုဓာတ် မပြတ်စေရေး ထည့်သွင်းစဉ်းစား စိုက်ပျိုးရန်လိုပါသည်။

မိုးကြိုသီးနှံများတွင် စပါးသီးနှံကိုလည်း ထည့်သွင်းလိုသည်။ မိုးကြိုစပါးဟုခေါ်ဝေါ်လျှင် သိချင်မှသိကြမည်။ နွေစပါးဆိုလျှင် လူတိုင်းသိသည်။ နွေစပါးသာဆိုသည် ရေကျနောက်စိုက်၊ မုရင်း၊ သွင်းရေ အမျိုးမျိုးဖြင့် စိုက်ပျိုးသည့်စပါးမှန်သမျှ နွေစပါးဟု ခေါ်ဝေါ်နေခြင်းဖြစ်သည်။ မိုးစပါးမဟုတ်လျှင် နွေစပါးဟု ခေါ်ဝေါ်သည့်အလေ့အထက ကြာခဲ့ပေပြီ။ နွေစပါးအမျိုးအစားထဲတွင် မိုးကြိုစပါးလည်း ပါဝင်နေသည်ဟု ပြောလိုပါသည်။

ယာသီးနှံများ- ပဲတီစိမ်း၊ နှမ်းလျင်၊ ချည်မျှင်ရှည်ဝါ၊ မြေပဲ၊ ပြောင်းဖူး စသည့်သီးနှံများသည် ယာသီးနှံများဖြစ်သည်။ စပါးသီးနှံကဲ့သို့ အပင်ခြေရေဝပ်နေတာကို ကြိုက်သည့်သီးနှံများ မဟုတ်ပါ။ သို့သော် အဆိုပါသီးနှံများကို စိုက်ပျိုးရန် အစိုဓာတ်လိုသည်။ မြေအစိုဓာတ်ရရှိဖို့ ရေသွင်းပေးရန် ဖြစ်သည်။ စိုက်ပျိုးချိန်၊ သီးပွင့်ချိန်  အနည်းဆုံး ဒီနှစ်ချိန်တွင် မြေတွင်းအစိုဓာတ်တည်ရှိနေရေး ချိန်ဆပြီး ရေ သွင်းပေးရန်လိုပါသည်။

မြန်မာနိုင်ငံအောက်ပိုင်းဒေသတွင် တစ်ချိန်က ထင်ရှားသည့် မိုးကြိုသီးနှံရှိခဲ့သည်။ ဂုန်လျော် သီးနှံ ဖြစ်သည်။ ဂုန်လျော်သီးနှံကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးသည်။ ဇွန်လတွင်ရိတ်သိမ်းသည်။ ပြီးမှ မိုးစပါးကို ဆက်လက်စိုက်ပျိုးသည်။ ဂုန်လျော်-စပါးသီးနှံပုံစံကို စိုက်ပျိုးခြင်းဖြစ်သည်။ ထိုမျှမက အခြေအနေပေးသည့်ဒေသများတွင် နေကြာ၊ ပဲမျိုးစုံ၊ မြေပဲ၊ နှမ်းလျင်စသည်တို့ကို မိုးစပါးအပြီး စိုက်ပျိုးနိုင် သေးသည်။ မိုးကြိုဂုန်လျော်သီးနှံပါဝင်သော သုံးသီးစားသီးနှံပုံစံများရှိခဲ့ကြောင်း မှတ်သားမိပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် အထက်ပိုင်းဒေသများအတွက် ထင်ရှားသည့် မိုးကြိုသီးနှံများစွာ ရှိသည်။ ပထမဦးဆုံး နှမ်းလျင်သီးနှံကို ဖေါ်ပြလိုသည်။ နှမ်းလျင်သီးနှံကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးလျှင် မေလကုန်တွင် ရိတ်သိမ်းနိုင်သည်။ ထို့ကြောင့် ဇွန်လတွင် မိုးစပါးကို ပုံမှန်စိုက်ပျိုးနိုင်သည်။ မိုးစပါး ရိတ်သိမ်းပြီးသည်နှင့် ပဲမျိုးစုံ၊ နေကြာ၊ ပြောင်းဖူးကြိုက်နှစ်သက်ရာကို စိုက်ပျိုးနိုင်သည်။ မိုးကြို နှမ်းလျင်သီးနှံပါဝင်သော နှစ်သီး၊ သုံးသီး သီးနှံပုံစံများကို အောင်မြင်စွာ ချမှတ်ဆောင်ရွက်နိုင်ပါ သည်။

ဒုတိယဖေါ်ပြလိုသည်မှာ ပဲတီစိမ်းသီးနှံဖြစ်သည်။ ပဲတီစိမ်းသည် ရာသီမရွေးစိုက်ပျိုးနိုင်သည့် သီးနှံ ဖြစ်လာသည်။ သွင်းရေအစိုဓာတ်ဖြင့် ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးကာ နှမ်းလျင်ကဲ့သို့ပင် မေလကုန်ထက် နောက်မကျဘဲ ရိတ်သိမ်းနိုင်သည်။ ပုံမှန်မိုးစပါးကို ဇွန်လတွင် စိုက်ပျိုးနိုင်သည်။ မိုးစပါးအပြီးတွင် အခြားယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးနိုင်သည်။ ပဲတီစိမ်းသည် သီးနှံပုံစံအတွက် အလွန်အသုံးဝင်ပါသည်။

တတိယဖေါ်ပြလိုသည်မှာ ချည်မျှင်ရှည်ဝါသီးနှံဖြစ်သည်။ မိုးကြိုချည်မျှင်ရှည်ဝါကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးရန်ဖြစ်သည်။ ရိတ်သိမ်းပြီးစီးနိုင်သည်မှာ ဇူလိုင်လဖြစ်သည်။ ဇူလိုင်လဆိုလျှင်လည်း မိုးစပါးအတွက် စိုက်ချိန်နောက်ကျသည်ဟု မဆိုနိုင်သေးချေ။ မိုးစပါးကို ဆက်လက် စိုက်ပျိုးနိုင်သည်။ မိုးကြို ချည်မျှင်ရှည်ဝါ- မိုးစပါးသီးနှံပုံစံကို ချမှတ်နိုင်ပါသည်။

ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးနိုင်သည့် အခြားသီးနှံများရှိသေးသည်။ ၎င်းတို့မှာ မြေပဲ၊ ပြောင်းဖူး၊ ငြုပ် စသည့်သီးနှံများဖြစ်သည်။ နွေစပါးအတွက် ဆည်ရေအပြည့်အဝမပေးနိုင်သည့် ဒေသများတွင်  ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးစေလိုသည်။ စပါးသီးနှံနှင့်နှိုင်းစာလျှင် ယာသီးနှံက ရေလိုအပ်မှုနည်းသည်။ မည်သည့် ယာသီးနှံကို စိုက်ပျိုးသည်ဖြစ်စေ ထည့်သွင်းစဉ်းစားစေလိုသည်မှာ ရိတ်သိမ်းချိန် ဖြစ်သည်။ မိုးကြိုသီးနှံများကို ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးပြီး ဇွန်လတွင် ရိတ်သိမ်းပြီးစီးစေလိုသည်။ မိုးစပါးကို ပုံမှန် ဇွန်၊ ဇူလိုင်လတွင် စိုက်ပျိုးနိုင်ရန် ချိန်ဆစိုက်ပျိုးစေလိုပါသည်။

စိုက်ပျိုးသမျှသီးနှံတိုင်းက ပုံမှန်အထွက်ကိုပေးနိုင်ဖို့ သီးနှံအလိုက် စိုက်ချိန်တွေမှန်ဖို့ လိုသည်။ မိုးစပါးကို ပုံမှန်စိုက်ချိန် ဇွန်၊ ဇူလိုင်တွင် စိုက်ပျိုးနိုင်ဖို့ မိုးကြိုသီးနှံ၏ အသက်ရက်သည် မရှည်သင့်ပါ။ သို့ ဖြစ်၍ သက်တမ်းတို အထွက်ကောင်းမျိုးများကိုသာ အသုံးပြုစိုက်ပျိုးသင့်ပါသည်။

စပါးသီးနှံ- ဖေဖေါ်ဝါရီလတွင် စတင်စိုက်ပျိုးသင့်သည်။ ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးတာဖြစ်လို့ မိုးကြို စပါးလို့ ခေါ်ဝေါ်ခြင်းဖြစ်သည်။ အထူးသဖြင့် အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများအတွက် ထောက်ခံခြင်းဖြစ်သည်။ သို့သော် မတ်လနှင့် ဧပြီလတို့တွင်မှ အများစုကစိုက်ပျိုးတာတွေ့ရသည်။ အထက်တွင် တင်ပြခဲ့သကဲ့သို့ မိုးစပါးစိုက်ချိန်ကို စဉ်းစားစေလိုသည်။ မိုးစပါးကို ဇူလိုင်လထက် နောက်မကျစေလိုပါ။ သို့ဖြစ်၍ ဖေဖေါ်ဝါရီလမှာ စပါးစတင်စိုက်ပျိုးပါလို့ ပြောရခြင်းဖြစ်သည်။

ဖေဖေါ်ဝါရီမိုးကြိုစပါးသည် သွင်းရေဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ သွင်းရေချွေတာသုံးစွဲရေးကိုလည်း အလေးထားသင့်သည်။ ပျိုးထောင်ကောက်စိုက်စနစ်ထက် တိုက်ရိုက်မျိုးစေ့ချစနစ်က ရေကို ချွေတာရာ ရောက်သည်။ တိုက်ရိုက်မျိုးစေ့ချစနစ်သည် ပျိုးထောင်ကောက်စိုက်စနစ်ထက် ရေလိုအပ်မှုနည်း သည်။ လုပ်သားလိုအပ်မှု နည်းသည်။ အသက်ရက်ကို ၇ ရက် မှ ၁၀ ရက်ခန့်တိုစေနိုင်သည်။ အစို တမန်းပြင် တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး စိုတစ်လှည့်ခြောက်တစ်ခါ ရေသွင်းစနစ်(Alternate Wetting and Drying System-AWD) ကိုလည်း ဆောင်ရွက်နိုင်သည်။ ဖြစ်နိုင်လျှင် အေရိုးဘစ် စပါးစိုက်ပျိုးနည်းစနစ်ကို အသုံးပြုသင့်ပါသည်။

အေရိုးဘစ်စပါးစိုက်ပျိုးနည်းစနစ် (Aerobic Rice System) တွင် ထွန်ရေးတမန်းကို အစိုပြုပြင်ရန် မလိုပါ။ လယ်မြေကို ရေသွင်းပြီး မြေအစိုဓာတ်ရှိသောအခြေအနေတွင် နှမ်းလျင်၊ ပြောင်းဖူး၊ ပဲတီစိမ်း- စသည့်သီးနှံများစိုက်ပျိုးရန် မြေပြုပြင်သကဲ့သို့ အခြောက်ထွန်ရေးပြုပြင်ရန် ဖြစ်သည်။ ထို့နောက် စပါးမျိုးစေ့ကို အခြောက်စိုက်ပျိုးရန်ဖြစ်သည်။ စိုက်ပျိုးပြီးပါကလည်း လယ်ကွက်အတွင်း ရေသိုလှောင်ထားရန် မလိုပါ။ မြေအစိုဓာတ်လိုမှသာ ရေသွင်းပေးရန်ဖြစ်သည်။ ရေပေးသွင်းရာတွင် စပါးပင်၏ အမြစ်ဇုန်ဝန်းကျင်သို့ ရေကိုစိုစွတ်ရုံသာ သွင်းပေးရန်လိုသည်။ စိုက်ခင်းအတွင်း ပြန့်နှံ့ရုံ(Flash-Flooding) သာ ပေးသွင်းခြင်းဖြင့် လုံလောက်သည်။ ယခုအခါ ရေအနည်းလိုစပါးမျိုးများလည်း ပေါ် ထွန်းလာပြီဖြစ်ရာ အေရိုးဘစ်စပါးစိုက်ပျိုးနည်းစနစ်တွင် အသုံးဝင်နိုင်သည်။

ဖေဖေါ်ဝါရီလနှိုးဆော်ချက်ကို ချုပ်ရလျှင် သွင်းရေရရှိသည့်ဒေသများတွင် မိုးကြိုစပါးကို စိုက်ပျိုးရန် ဖြစ်ပါက ဖေဖေါ်ဝါရီလကုန်အပြီး စိုက်ပျိုးပါ။ စပါးစိုက်ပျိုးရန် လုံလောက်သည့်သွင်းရေကို မရရှိနိုင်ပါက ယာသီးနှံတစ်မျိုးမျိုးကို ဖေဖေါ်ဝါရီလအတွင်းစိုက်ပျိုးပါ။ ဖေဖေါ်ဝါရီလကို မိုးကြိုသီးနှံများအတွက် စိုက်ချိန်မှန်အဖြစ် ထောက်ခံရခြင်းမှာ မိုးစပါးကို စိုက်ချိန်မှန် ဇွန်၊ ဇူလိုင်လတွင် စိုက်ပျိုးနိုင်ရန် ရည်ရွယ်ပါသည်။ သို့မှသာ မိုးကြိုသီးနှံပါဝင်သော သီးနှံပုံစံများ အောင်မြင်နိုင်ပါမည်။

ဆင်းသီဟ              

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်