စီးပွားရေးရာဆိုင်ရာ ရုက္ခဗေဒ (အပိုင်း-၁)

24/12/2024 09:45 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

 

စီးပွားရေးရာရုက္ခဗေဒ (Economic Botany) ဆိုသည်မှာ လူနှင့်အပင် ဆက်စပ်ပတ်သက်မှုကို လေ့လာခြင်းဖြစ်ပါသည် (The Study of the Relationships between People and Plants)၊ တစ်ချို့ကလည်း စီးပွားရေးအရ အရေးပါသောအပင်များနှင့် ထိုအပင်များ ၏ စိုက်ပျိုးရေးဆိုင်ရာ အခန်းကဏ္ဍ (Studies on Economically Important Plants and their Agricultural Roles) ဟူ၍လည်း အဓိပ္ပာယ်ဖွင့်ဆိုပါသည်။

ဤဘာသာရပ်ကို ၁၉၃၇ခုနှစ် ကတည်းက သင်ကြား၊ ဖော်ထုတ်ခဲ့တာကို သမိုင်းအထောက်အထားအရ တွေ့ရှိရပါသည်။

အိန္ဒိယနိုင်ငံတက္ကသိုလ်များတွင် ဤဘာသာရပ်ကို စိုက်ပျိုးရေးအထူးပြုဘာသာ (Agriculture Major) နှင့် ရုက္ခဗေဒအထူးပြုဘာသာ (Botany Major) အပင်သိပ္ပံ (Plant Sciences) ဘာသာရပ်များ သင်ယူသူ ကျောင်းသား/သူများ တွဲဖက်ဘာသာရပ် (Minor Subject) အနေနှင့် သင်ယူရပါသည်၊ ကျွန်တော် ကွင်းစလန်တက္ကသိုလ် မဟာစိုက်ပျိုးရေး သိပ္ပံတက်တုံးကလည်း စိုက်ပျိုးရေး ရုက္ခဗေဒ ဘာသာရပ် (Agricultural Botany) အနေ နှင့် သင်ကြားခဲ့ပြီး စိတ်ပါဝင်စားသူ ကျောင်းသား/ သူ များ မှတ်ပုံတင် (Registration) တက်ရောက်နိုင် ပါသည်။

ဆက်စပ်ဘာသာရပ်များအနေနှင့် ရုက္ခဗေဒ (Botany)၊ လယ်ယာသီးနှံ (Agronomy)၊ ဥယျာဉ်ခြံသီးနှံ (Horticulture)၊ သစ်တောပညာ (Forestry)၊ ဒေသ တိုင်း ရင်း အပင်မျိုးများနှင့် လူမှုဘဝဆက်နွယ်မှုကို လေ့လာသော ပညာ (Ethnobotany)၊ သ ဘာဝထုတ်ကုန်များ၏ တိုင်းရင်းဆေးဝါးအပင်များ၏ ကျန်းမာရေး အကျိုးပြုမှုကို လေ့လာသောပညာ (Pharmacognosy)၊  အပင်များ၏စီးပွားရေး ပထဝီဝင်ပညာ (Economic Geography of Plants)၊ ပတ်ဝန်းကျင်သိပ္ပံပညာ (Environmental Science)၊ ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးရေး (Sustainable Agriculture)၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးရေးပညာ (Agroforestry) စသည်တို့ ဘာသာရပ်များစွာ ပါဝင်ပါသည်။

ပုံ - ၁ စီးပွားရေးရာရုက္ခဗေဒ

လူသားများ လိုအပ်ချက် (၃) မျိုးဖြစ်သည့် စား၊ ဝတ်၊ နေရေး  (Food, Clothing and Shelter) အားလုံးအတွက် အပင်များကို မှီခိုနေရပါသည်။

ထိုအထဲတွင်မှ အောက်ပါသီးနှံများ၊ အကျိုးပြုအပင်နှင့် အပင်ထွက်ပစ္စည်းများ ပါဝင်ပါသည်။

(၁) အစားအစာရရှိသောသီးနှံများ (Food Plants)

(၁-က) နှံစားသီးနှံ/အပင်များ (Cereals)

ကျွန်တော်တို့ လူသားအားလုံးအတွက် အဓိကကျသောအစားအစာ (Staple Foods) လူသားများအတွက် အလွန်အရေးပါဆုံး အပင်မှရသော အစားအစာ (The most important sources of plants) ဖြစ်ပါသည်၊ နေ့စဉ် စားသုံးသော ထမင်းအတွက် ဆန် စပါး၊  (Paddy/Rice)၊ ပေါင်မုံ့ (Bread)၊ ခေါက် ဆွဲ (Noodle)၊ ပလာတာ (Parata)၊ နံပြား (Nan)၊ ဘီစကစ် (Biscuits) စသည် တို့အ တွက် ဂျုံ (Wheat)၊ ဘာလီ (Barley)၊ အုတ် (Oat)၊ ရိုင်း (Rye)၊ ပြောင်းဖူး (Corn/Maize)၊ နှံစားပြောင်း (Sorghum)၊ လူး/ဆတ် (Millet) စသည်တို့က ကမ္ဘာ့နေရာ အနှံ့တွင် စိုက် ပျိုး ထုတ်လုပ်ကြပြီး နေ့စဉ်သုံးစွဲ နေပါသည်၊ (ဤသီးနှံများ အကြောင်း သီးနှံတစ်မျိုးခြင်း အလိုက်ဆွေးနွေးပါမည်)

ပုံ - ၂ နှံစားအပင်များ

(၁-ခ)  ပဲမျိုးစုံ (Food Legumes)

ပဲမျိုးရင်းဝင် (Family - Leguminosae) အပင်များ ဥပမာ - ပဲဒီစိမ်း၊ မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲကြီး စသည်တို့ပါဝင်ပါသည်၊ လူတို့ကျန်းမာ ရေး အတွက် အထူး သဖြင့် အသီးအရွက်သာ စားသုံးသူများ (Vegetarians) အတွက် အလိုအပ်ဆုံး ပရိုတိန်းဓာတ်များကို အများဆုံးပေးနိုင်သော သီးနှံများ ဖြစ်ပြီး အသီးဆွတ်ပြီး ကျန်သော ပဲရိုး၊ ပဲမှော် များကလည်း အကောင်းဆုံး တိရစ္ဆာန် အစားအစာများ ဖြစ်၍ နေပါသည်၊ (ပဲမျိုးစုံသီးနှံများအကြောင်း အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ ဆောင်းပါး အမှတ် ၈၇၊ ၈၈၊ ၈၉၊ ၁၃၁၊ ၁၃၂၊ ၁၃၃၊ ၁၃၄ တို့တွင် ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်)၊ 

ပုံ - ၃ ပဲအမျိုးမျိုး

(၁-ဂ) ပြည့်ဝဆီ၊ စားသုံးဆီ၊ ဟင်းရွက်ဆီများ (Fatty Oils, Cooking Oils and Vegetable Fats)

ပြည့်ဝအက်ဆစ် (Fatty acids) တစ်နည်းအားဖြင့် အိုလီအစ်အက်ဆစ် (Oleic acids) များက အခန်းအပူချိန် (Ordinary/Room Temperature) တွင် အရည်ပုံစံ (Liquid forms)  မျိုးနှင့် တည်ရှိပါသည်။ 

တစ်ဝက်တစ်ပြက် ခြောက်သွေ့နိုင်သော ဆီများ (Semi-drying oils) ဥပမာ - မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆိ၊ ပဲပုပ်ဆီ၊ မုန်ညင်းဆီ၊ 

ခြောက်သွေ့နိုင်သော ဆီများ (Drying oils) ဥပမာ - လင်းဆိဆီ/ဘီသွာဆီ၊ ရှမ်းနှမ်းဆီ၊  

မခြောက်သွေ့နိုင်သောဆီများ (Non-drying Oils) ဥပမာ - ကြက်ဆူဆီ၊ သံလွင်ဆီ၊ 

ဟင်းသီးဟင်းရွက်အဆီ (Vegetable Fats) ဥပမာ - အုန်းဆီ၊ စားအုန်းဆီ 

စက်မှုကုန်ကြမ်းသုံး ဆီနှင့် အဆီများ စသည်ဖြင့်များစွာရှိပါသည်၊ 

(အချို့  ဆီထွက် သီးနှံများ အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၁၀၂) မှ (၁၀၉) အထိ ရေးသားပြီးဖြစ်ပါသည်၊ ဆက်လက်ရေးသားပါဦးမည်)

ပုံ - ၄ ခြောက်သွေ့ဆီနှင့်မခြောက်သောဆီ ထွက်သောအပင်များ

(၁-ဃ) သကြားနှင့် ကစီဓာတ်ရအပင်များ (Sugar and Starch Plants)

လယ်ယာသီးနှံ အမျိုးအစားခွဲခြားခြင်းဆိုလျှင် သကြားထွက်သီးနှံများ (Sugar Crops) ဟူ၍ အမျိုးအစား ခွဲခြားထားပြီး ကြံသီးနှံ အကြောင်း ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် - ၁၂၄ နှင့် ၁၂၆ တွင် ရေးသားခဲ့ ပြီးဖြစ်ပါသည်။ အခြား သကြားထွက်သီးနှံများ ဥပမာ - သကြား မုံလာ၊ ထန်း၊ ဓနိ စသည်တို့ကို ဆက်လက်ရေးသားပါမည်။

ပုံ - ၅ ကြံနှင့် သကြားမုံလာ (သကြားထွက်အပင်များ)

ကစီဓာတ် ရရှိသောအပင်ဟူ၍ခွဲထားသော်လည်း ကမ္ဘာ့လူသားအားလုံး အတွက်  ဆန်၊ ဂျုံ၊ ပြောင်းဖူး စသည့် နှံစားအပင်များက ကစီဓာတ်ကိုများစွာပေးပါသည်၊ ဥစား၊ အမြစ်စား သီးနှံများ (Root Crops) ဥပမာ - အာလူး၊ ကန်ဇွန်းဥ စသည်တို့ကလည်း ကစီဓာတ်ရစေပါသည်။ သီးနှံ အချို့အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၇၈) နှင့် (၇၉) တွင် အနည်းငယ် ရေးသားခဲ့ပါသည် (ဆက်လက်ရေးသားပါဦးမည်)၊

ပုံ - ၆ ဥစားအပင်များ

လယ်ယာသီးနှံအပြင် ဥယျာဉ်ခြံသီးနှံများ (Horticultural Crops) ၏ အောက်တွင် စားသုံးရသောသီးနှံများစွာ ရှိပါသေးသည်။

(၁-င) ဟင်းသီးဟင်းရွက်များ (Vegetables)

ဟင်းသီးဟင်းရွက်၏ အဓိပ္ပာယ် ဖွဲ့ဆိုမှု မှာ အပင်၏ ပင်စည်၊ အရွက်၊ အသီး၊ အမြစ်တို့တွင် အစားအစာအဖြစ် စားသုံးနိုင်သောအပင် (Edible Plants) ကို ခေါ်ဆိုပါသည်၊ ၎င်းအစိတ် အပိုင်းတို့ကို အတို့၊အမြှုပ်အဖြစ် အစိမ်း စား (Raw as a Salad) ၍၎င်း၊ ချက်ပြုတ်၍ စား ခြင်းဖြင့်၎င်းအသုံးပြုခြင်းဖြစ်ပါသည်၊ ဟင်းသီး၊ ဟင်းရွက်များ၏  ဗီတာမင်နှင့် သတ္တုဓာတ် များ (Indispansible Vitamins and Minerals) များပြားစွာပါဝင်မှုက ကျွန်တော်တို့ နိုင်ငံ သားများ အတွက် ဈေးချိုပြီး (Cheap) တန်ဖိုးမဖြတ်နိုင်သော (Tremendous Nutritive values) အဟာရဓါတ်တန်ဖိုးမြင့် မား သည့် အပင်များဖြစ်ပါသည်၊ အသုံး ပြုရသော အပင် အစိတ်အပိုင်း အလိုက်ထပ်မံခွဲခြား ထားပါသည်၊ 

(၁-င-၁) အမြစ်မှရရှိသော ဟင်းသီးဟင်းရွက်များ (Root Vegetables) 

လယ်ယာသီးနှံမှ ဥစားအပင်များနှင့် အချို့ ထပ်သွား (Overlapping) နိုင်ပါသည်၊ ဥပမာ - ကန်ဇွန်းဥ၊ ပီလောပီနံ၊ ဝဥ၊ ခါဂျက်ဥ၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ခါးဖု စသည်

ပုံ - ၇ အမြစ်/ဥစားဟင်းသီးဟင်းရွက်များ

(၁-င-၂) ပင်စည်မှရသော ဟင်းသီးဟင်းရွက်များ (Stem Vegetables) အာဟာရဓာတ်ကို ပင်စည်မှာသိုလှောင်ထားပါသည်၊ ဥပမာ - အာလူး၊ ပိန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကညွတ် စသည်တို့ဖြစ်ပါသည်၊

ပုံ - ၈ ပင်စည်စားဟင်းသီးဟင်းရွက်များ

(၁-င-၃) အရွက်မှရရှိသော ဟင်းသီးဟင်းရွက်များ (Herbage/Leafy Vegetables) အဟာရဓာတ်အများဆုံး သိုလှောင် ထားရာနေရာဖြစ်ပြီး များများစားသုံးခြင်းဖြင့် ကျန်း မာရေးနှင့် ညီညွတ်စေပါသည်။ ကျွန်တော် ဂျာမဏီတွင် ပါရဂူဘွဲ့သင်တန်း တက်တုံးက အဆောင်တွင်းရှိ တရုပ် သူငယ် ချင်း က ထမင်းက လဘက်ရည် ပုဂံလုံးလောက်၊ ကန်ဇွန်း ရွက်ကျော် (ကျွန်တော်တို့စားသည့်နှုန်းနှင့်ဆိုလျှင် ၅-ဦးစာလောက်) ကို သူတစ်ယောက် ထဲစားပါသည်၊ ဆိုလိုသည်မှာ ထမင်းကနည်းနည်း အသီးအရွက်ကများများ စားသောက် ကြသည် ကို ပြောဆိုလိုပါသည်)

ဥပမာ -  ဂေါ်ဖီထုတ်၊ မုံညင်းရွက်၊ ဆလတ်၊ ကန်စွန်းရွက်၊ 

ပုံ - ၉ အရွက်စားဟင်းသီးဟင်းရွက်များ

(၁-င-၄) အသီးမှရရှိသော ဟင်းသီးဟင်းရွက်များ (Fruit Vegetables) 

အသီးကို အစိမ်း၊ ချက်ပြုတ်စားသုံး ရသော ဟင်းသီးဟင်းရွက်များဖြစ်ပါသည်၊ ဥပမာ - ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ငရုတ်သီး၊ သခွားသီး၊ 

ပုံ - ၁၀ အသီးစားဟင်းသီးဟင်းရွက်များ

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

Hill, A.F. (1952) Economic Botany: A Textbook of Useful Plants and Plant Products. 2nd Edi. McGraw Hill, NY. 560p.

Pandy, S.N. and Chadha, A. (1999) Economic Botany. Vikas Publishing House. New Delhi. 394p.

Pandey, B.P. (2007) Economic Botany (for B.Sc. and M.Sc. Students) S. Chand & Co. New Delhi. 628p. 

(ဘာသာရပ်ဆိုင်ရာဝေါဟာရများကို ကူညီဖြေဆိုပေးပါသော ဒေါက်တာမင်းဇာနီအောင်၊ ပါမောက္ခ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တို့အား ကျေးဇူးတင်ရှိပါသည်)

အလွန် အမျိုးစုံလှသော၊ ရေမြေရာသီဥတုနှင့်ကိုက်ညီသော မိခင်မြေကြီးတွင် စိုက်ပျိုး၊ ထုတ်လုပ်၊ စားသုံးနေသော သီးနှံမျိုးစုံနှင့်အစားအသောက်များအကြောင်းကို သီးနှံတစ်မျိုးခြင်း အလိုက် မြန်မာဘာသာဖြင့် ရေးသားပြုစုထားသော စာအုပ်၊ စာတမ်း များမှာ အလွန် နည်းပါးပါသည်။ ကျွန်တော်၏ ဆောင်းပါးကလေးများက အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူ ဖြစ်စေပါက ကြည်နူး၊ ပီတိဖြစ်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်