ကျွန်တော်တို့နေထိုင်သော ကမ္ဘာကြီးတွင် အပင်အမျိုးအစားပေါင်း သုံးသိန်းငါးသောင်း (၃၅၀,၀၀၀) ခန့်တည်ရှိနိုင်ပြီး ၁၉၅,၀၀၀ ခန့်ကပန်းပွင့်သောအပင်များ (Flowering Plants) ဖြစ်ပါသည်။ ထိုအထဲမှ အမျိုးအစား ၃၀၀ခန့်က အစားအစာ (Foods) အတွက် အသုံးပြုနေပါသည်။ တစ်ကမ္ဘာလုံး စိုက်ပျိုးစားသောက်နေသည့် ပမာဏဖြစ်သည်။ ထိုအထဲမှ ၁၇ မျိုးသည် ကမ္ဘာ့စားနပ်ရိက္ခာ၏ ၉၀ ရာခိုင်နှုန်းကို နှစ်စဉ်ထုတ်လုပ်ပေးနေပါသည်။
နှံစားသီးနှံများမှာ မြက်မျိုးရင်းဝင် (Member of the Monocot Family – Poaceae/ Gramineae) ဖြစ်ပြီး ဤသီးနှံများ၏ စားသုံးနိုင်သောအနှံ (Edible Grain) တစ်နည်းအား ဖြင့် အပင်၏အသီး/နှံစားမျိုးစေ့ (A type of Fruit called caryopsis) ဖြစ်ပြီး မျိုးစေ့အတွင်းသား (Endosperm)၊ သန္ဓေသားလောင်း (Embryo)၊ မျိုးစေ့အခွံအပြင် (Testa + Pericarp or Husk) နှင့် ဖွဲ (Bran) များပါဝင်သည်။
ပုံ - ၁ နှံစားသီးနှံဖြတ်ပိုင်းပုံ
နှံစားသီးနှံများထဲက ဆန်စပါး၊ ဂျုံ၊ ပြောင်းဖူး၊ နှံစားပြောင်း၊ လူး/ဆပ်တို့သည် ကမ္ဘာပေါ်တွင် အများဆုံး စိုက်ပျိုး ထုတ်လုပ်ပြီး လူသားအားလုံး အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူသားများ၏ အဓိက/ မရှိမဖြစ် အစားအစာ (Staple Foods) ရရှိရန် လိုအပ်သောသီးနှံများ ဖြစ်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၂,၀၀၀ ခန့်ကတည်းက နှံစားသီးနှံများကို စိုက်ပျိုးစားသုံးခဲ့ကြောင်း သမိုင်းမှတ်တမ်းများ အရသိရှိခဲ့ရပါသည်။
ဇယား - ၁ ကမ္ဘာ့နှံစားသီးနှံစိုက်ဧရိယာ၊ စုစုပေါင်းအထွက်နှင့် အထွက်နှုန်း (၂၀၂၂-၂၃)
Source – USDA - https://apps.fas.usda.gov/PSDOnline/Circulars/2024/05/production.pdf
ပြောင်းဖူး၊ စပါး၊ ဂျုံ ၃-မျိုးက ကမ္ဘာ့နှံစားသီးနှံစုစုပေါင်းစိုက်ပျိုးမှု၏ ၇၅-ရာခိုင်နှုန်းရှိပြီး အရေးကြီး နှံစား သီးနှံ (၉) မျိုးတွင် ကျန်သီးနှံများမှာ ဘာလီ/မုယောစပါး (Barley)၊ နှံစားပြောင်း ( Sorghum)၊ လူး/ဆတ် (Millet)၊ အုတ် (Oat)၊ ရိုင်း (Rye)၊ တြီတီကေး (Triticale) ကောက်နှံများ ရှိပါသည်။
ပုံ - ၂ နှံစားသီးနှံအမျိုးမျိုး
နှံစားသီးနှံများသည် စွမ်းအင် (Energy) တစ်ကီလိုလျှင် ၁၀၀၀၀-၁၅၀၀၀ ကီလိုဂျိုး (10000-15000 Kg/Kg) ပေးစွမ်းနိုင်သဖြင့် ဟင်းသီး၊ ဟင်းရွက်၊ သစ်သီးဝလံများထက် ၁၀-၂၀ ဆ ပိုမိုအားဖြည့်ပေးနိုင်ပါသည်။
အထက်ပါအရေးကြီးနှံစားသီးနှံ (၉) မျိုးသည် ကျွန်တော်တို့ကမ္ဘာကြီး၏ လူဦးရေအားလုံး (သန်း၇၀၀၀-ကျော်) အတွက် စွမ်းအင်လိုအပ်ချက်၏ ၅၆-ရာခိုင်နှုန်း ဖြည့်စည်းပေးပြီး ပရို တင်းလိုအပ်ချက်၏ ၅၀-ရာခိုင် နှုန်းကို ဖြည့်ဆည်းပေးပါသည်။
နှံစားသီးနှံများ၏ ကောင်းသောအချက်များ Good Characteristics of Cereal Grains
(က) ဈေးချိုပြီးကောင်းမွန်သော အာဟာရဓာတ်များစွာပါဝင်ပါသည် (Good and Cheap Sources of Nutrients)။
(ခ) မြေအသုံးချရေးရှုထောင့်မှကြည့်လျှင် အခြားသီးနှံများထက် အထွက်နှုန်း၊ ထုတ်လုပ်မှု အားကောင်းပါသည် (Relatively Productive in term of Land Use) တစ်နည်းအားဖြင့် သီးနှံဇီဝကမ္မဗေဒရှုထောင့်မှကြည့်လျှင် ယူနစ်အပင်ကြီးထွားမှုနှုန်း များပြားပါသည်။
(ဂ) အစားအစာထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်စားသုံးနိုင်ပါသည် (Wide Ranges of products can be prepared)။
(ဃ) ကြာရှည်စွာ သိုလှောင်နိုင်သော စွမ်းရည်ရှိပါသည် (Longer Storage Stability)။
ကမ္ဘာတစ်ဝှမ်းလုံး နှံစားအစေ့အဆန် (Cereal Grains) များ၏ ၆၆-ရာခိုင်နှုန်းက အစား အစာ (Food) အဖြစ်၎င်း၊ ၂၀-ရာခိုင်နှုန်းက တိရိစ္ဆာန်အစားအစာ (Feed) အဖြစ်၎င်း၊ ၇-ရာခိုင်နှုန်းက စက်မှုလုပ်ငန်းသုံး (Industrial use) အဖြစ်၎င်း၊ ၇-ရာခိုင်နှုန်းက မျိုးစေ့ (Seed) အနေနှင့် ပြန်လည် အသုံးပြု စိုက်ပျိုးပါသည်။
ပုံ - ၃ နှံစားသီးနှံများ၏အာဟာရဓာတ်အချိုးအစား
ကမ္ဘာ့စားနပ်ရိက္ခာများမှ လူသားများအတွက် အာဟာရဓာတ် (Global Nutrition) ပေးဝေငှမှုမှာ နှံစား (၇၀% - ပြောင်းဖူး-၂၂၊ ဂျုံ-၂၁၊ ဆန်-၁၆)၊ အသားငါး (၈%)၊ ပဲမျိုး စုံနှင့်ဆီထွက်သီးနှံများ (၄%)၊ ဥစားနှင့်အမြစ်စားသီးနှံများ (၇%)၊ သကြားထွက် သီးနှံများ (၆%)၊ ဟင်းသီး ဟင်းရွက်များ (၈%)၊ အသီးအနှံများ (၂%) နှင့် အခြားမှ ၁၁ ရာခိုင်နှုန်း ရှိပါသည်။
အနာဂတ်ကမ္ဘာ့နှံစားသီးနှံထုတ်လုပ်မှုအတွက်ချိမ်းခြောက်မှုများ (Threats to Global Cereal Crops production)
(က) ရာသီဥတုပြောင်းလဲဖောက်ပြန်လာခြင်း (Climate Change)
(ခ) ပိုးမွှား၊ ရောဂါပိုမိုကျရောက်ဖျက်ဆီးလာခြင်း (More Insect pests and Disease Damage)
(ဂ) လူဦးရေနှစ်စဉ်များလာသော်လည်း စိုက်ပျိုးမြေဧရိယာလျော့နည်းလာပြီး မြေဆီလွှာ ပျက်စီးဆုံးရှုံးမှုတွေများပြားလာခြင်း (Land Area Decreasing and Soil Loss Increasing)
(ဃ) ဇီဝလောင်စာသီးနှံများပိုမိုစိုက်ပျိုးလာမှုကြောင့် နှံစားသီးနှံများအပါအဝင် အစားအစာအတွက် စိုက်ပျိုးရသော သီးနှံများ စိုက်ဧရိယာများလျော့နည်းလာခြင်း (Biofuel Crops are replacing Food Crops)
(င) ရိတ်သိမ်းပြီးနောက်ပိုင်းသီးနှံများ ဆုံးရှုံးမှုများလာခြင်း (Post-Harvest Losses)
(စ) သိုလှောင်စဉ်ကာလအတွင်းလည်း ဆုံးရှုံးမှုများလာခြင်း (Losses during Storage) စသည်တို့ဖြစ်ပါသည်။
နှံစားသီးနှံမျိုးစေ့များတွင် အစိုဓာတ် ၁၀-၁၄%၊ ကာဘိုဟိုက်ဒရိတ် (ကစီဓာတ်) ၅၈-၇၂%၊ ပရိုတင်း (အသားဓာတ်) ၈-၁၃%၊ အဆီဓာတ် ၂-၅%၊ မပြိုကွဲနိုင်သော အမျှင်ဓာတ် ၂-၁၁% ပါဝင်သည်။
နှံစားသီးနှံများ၏ဇီဝကမ္မဗေဒ (Physiology of Cereal Crops)
(၁) နှံစားသီးနှံများ၏ အစေ့အတွင်းစာများ ဖြည့်တင်းပေးမှုကို ပန်းပွင့်ပြီးနောက်ပိုင်း အစာချက်လုပ်မှုနှင့် ပတ်ဝန်းကျင်အနေအထား (Photosynthesis and environmental condition ) အပေါ်မူတည်၍ ဖြစ်ထွန်းနိုင်ပါသည်၊ သို့သော် နှံစားသီးနှံမျိုးစေ့များ အ တွင်း ပြည့်ဝစွာဖြည့်တင်းပေးနိုင်မှုသည် ပန်းမပွင့်မှီ အချိန်ကတဲက တိုင်းထွာထားပြီး ဖြစ်ပါသည်။
(၂) နောက်အရေးပါမှုတစ်ခုက နှံစားသီးနှံပန်းခိုင် (Panicle) ၏ကပ်ရက် အလံရွက် (Flag Leaf) ဖွံ့ဖြိုးတိုးတက်၊ သန်မာကြီးထွားနေမှုကလည်း အရေးကြီးပါသည်။
(၃) အစာချက်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းလောက်က စွမ်းအင်ပြု အစာဖြိုခွဲခြင်း (Respiration) ကြောင့် ဆုံးရှုံးသွားလေ့ရှိပါသည်။ ဤဆုံးရှုံးမှုတွေကို လျော့နည်းအောင် ပြုလုပ်ပေးနိုင်လျှင် အစေ့အဆံပြည့်ဝပြီး အထွက်တိုးနိုင်ပါသည်။
ပုံ - ၄ နှံစားသီးနှံများ၏ကြီးထွားမှုအဆင့်ဆင့်
နှံစားသီးနှံများ၏ကြီးထွားမှုကို အဆင့် ၃ ဆင့်ခွဲနိုင်ပါသည်၊
(က) ပထမအဆင့် (First Phase) သီးနှံတစ်ပင်ချင်းကအရိပ်မထိုးဘဲ ကြီးထွားမှုက တိုးတက်သွားသည်။
(ခ) ဒုတိယအဆင့် (Second Phase) သီးနှံပင်အရွက်မှအရိပ် (Canopy) တစ်ပင်နှင့်တစ်ပင် ထိသွားပြီး မြေကြီးကို အပင်အားလုံးကဖုံးလွှမ်းသွားချိန်တွင် အပင်ကြီးထွားမှုရပ် သွားသည်၊
(ဂ) တတိယအဆင့် (Third Phase) အပင်ရင့်မှည့်သောအချိန် (Crop Maturity) တွင် အပင်ကြီးထွားမှုက နောက်ဆုတ် သွားပါသည်။
ပုံ - ၅ နှံစားသီးနှံများ၏ S ပုံစံ ကြီးထွားမှု
နှံစားသီးနှံတစ်မျိုးခြင်း အကြောင်းဆက်လက်ဆွေးနွေးပါမည်။
(ဆက်ပါဦးမည်)
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Briggs, S. (2008) Organic Cereal and Pulse Production: A Complete Guide. The Crowood Press. 432p.
Harrington, J.B. (1978) Cereal Breeding Procedures. FAO. 122p.
Martin, J.H., Waldren, R.P. and Stamp, D.L. (2006) Principles of Field Crop Production. 4th Edi. Prentice Hall. 954p.
(ဘာသာရပ်ဆိုင်ရာဝေါဟာရများကို ကူညီဖြေဆိုပေးပါသော ဒေါက်တာကြည်တိုး၊ ပါမောက္ခ၊ ဒေါက်တာမင်းဇာနီအောင်၊ ပါမောက္ခ၊ ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၊ တို့အား ကျေးဇူး တင်ရှိပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်