Basic Agricultural Science – (159) Natural or Organic Fertilizers (Part-5)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၅၉) သဘာဝ/ဩဂဲနစ်မြေဩဇာများ (အပိုင်း-၅)
တောင်သူကြီးများ၊ လက်တွေ့လုပ်ကိုင်နေသူများ တိုက်ရိုက်အသုံးပြုနိုင်မည့် သဘာဝမြေဩဇာများအကြောင်း ဆွေးနွေးပါမည်။ အခြေခံမြေဆီလွှာသိပ္ပံနှင့် မြေဩဇာများ အကြောင်းမိတ်ဆက်ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၂၈)၊ (၂၉) နှင့် (၁၀၀) တို့ တွင် မိတ်ဆက်တင်ပြဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ သစ်စိမ်းမြေဩဇာများအကြောင်းကိုလည်း အမှတ်စဉ် (၇၇) တွင်ဆွေးနွေးခဲ့ပါသည်။ ယနေ့တွင်တော့တောင်သူကြီးများ လက်တွေ့အသုံးချနိုင်ရန်အတွက် အသေးစိတ် ဆက်လက်ဆွေးနွေး ကြည့်ရအောင်ပါ။
မြန်မာနိုင်ငံတွင် မြေဩဇာအနေနှင့် ဓာတ်မြေဩဇာ (Chemical Fertilizer)၊ သဘာဝမြေဩဇာ (Natural Fertilizer)၊ ဇီဝမြေဩဇာ (Biofertilizer) စသည်ဖြင့် မြေဩဇာများစွာ အသုံးပြုလျက်ရှိနေပါသည်။
သဘာဝမြေဩဇာများတွင် -
(က) အပင်အခြေပြု သဘာဝမြေဩဇာများ (Plant-based Natural Fertilizers) ဥပမာ - မြေဆွေး (Compost)၊ သစ်စိမ်းမြေဩဇာ (Green Manures)၊ ပဲကြိတ်ဖတ် (Legumes Meal)၊ နှမ်းကြိတ်ဖတ်များ (Sesame Meal)၊ ဇီဝမီးသွေးမြေဩဇာ (Biochar fertilizer)
(ခ) တိရစ္ဆာန်အခြေပြု သဘာဝမြေဩဇာများ (Animal-based Natural Fertilizers) ဥပမာ - တိရစ္ဆာန်အညစ်အကြေးမြေဩဇာများ (FYM – Farm Yard Manure)၊ ငါးအမိုင်နို (Fish-Amino Fertilizers)၊ အရိုးဆွေးမြေဩဇာ (Bone Meal)၊ လင်းနို့ချေးမြေဩဇာ (Guano Fertilizers) ဟူ၍ ထပ်မံခွဲခြားနိုင်ပါသေးသည်၊
မြေဆွေး (Compost) အကြောင်း အသေးစိတ်ဆွေးနွေးရအောင်ပါ။
မြေဆွေးဆိုသည်မှာ တစ်နည်းအားဖြင့် သဘာဝအပင်နှင့်တိရစ္ဆာန်ထွက် အကြွင်းအကျန်များကို ဆွေးမြည့်ခြင်းဖြစ်စဉ် (Decomposition) အရ ဖြစ်ပေါ်လာသော ဩဂဲနစ်ပစ္စည်းများ (OM – Organic Matters) ဖြစ်သည်။
မြေဆွေးတွင် အဟာရဓာတ်မျိုးစုံ (Rich in Nutrients) ပါဝင်ပြီး မိမိအိမ်၊ ခြံအတွင်းဥယျာဉ် (Home Gardens) ၊ အလှပြုပြင်ခြင်း (Landscaping)၊ ဥယျာဉ်ခြံသီးနှံအပင်များ (Horticultural Crops)၊ မြို့ပြစိုက်ပျိုးရေး (Urban Farming) နှင့် အော်ဂဲနစ်စိုက်ပျိုးရေး (Organic Agriculture) များတွင် တွင်ကျယ်စွာအသုံးပြုနေသော သဘာဝမြေဩဇာ ဖြစ်သည်။
မြေဆွေးတွင် ယေဘုယျအားဖြင့် ရေဓာတ် - ၇၀%၊ အော်ဂဲနစ်ပစ္စည်း ၂၂%၊ ဆားဓာတ် ၃% နှင့် အပင်အတွက် အရေးပါသောအဟာရဓာတ်များ အောက်ပါအတိုင်းပါဝင်ပါသည်။
ဇယား - ၁ မြေဆွေးတွင်ပါဝင်သော အဟာရဓာတ်/ပစ္စည်းများ
မြေဆွေးကောင်းတွင် ကာဗွန်၊ နိုက်ထရိုဂျင် အချိုး ၃၀:၁၊ အသင့်တော်ဆုံး ရေဓာတ် ၅၀-၆၀ ရာခိုင်နှုန်း၊ မြေချဉ်ငံဓာတ် ၆-၈၊ အောက်ဆီဂျင်ရရှိမှု ၅-၁၅ ရာခိုင်နှုန်း၊ မြေဆွေးတွင်း အပူရှိန် ၅၅-၇၅ ဒီဂရီဆဲလ်စီရပ် အကြားရှိသင့်ပါသည်။ မြေဆွေးကောင်းသည် အပူဓာတ်ငွေ့ငွေ့ရှိနေရပါမည်။
မြေဆွေးလုပ်ရန် အတွက်လိုအပ်သောပစ္စည်းများမှာ မီးဖိုချောင်နှင့်စိုက်ကွင်းမှ စွန့်ပစ်ပစ္စည်းများ (Kitchen and Farm Wastes) ဥပမာ - ပေါင်းပင်များ (Weeds)၊ သီးနှံပင်အကြွင်းအကျန်များ (Crop Residues)၊ (မိမိအိမ်အတွင်းမြေဆွေးလုပ်မည်ဆိုပါက မီးဖိုချောင်မှ ကြက်သွန်အခွံ၊ ဟင်းသီး၊ ဟင်းရွက် အပုတ်အသိုးများ၊ အစား အသောက် စွန့်ပစ် ပစ္စည်းများ၊ စသည်တို့ကိုသုံးနိုင်ပါသည်)
တိရစ္ဆာန်အညစ်အကြေးများ (Animal wastes) ဥပမာ - နွားချေး၊ ဝက်ချေး၊ ကြက်ချေးများ (Dungs)၊ သူတို့၏ သေးများ (Urines) စသည်တို့ဖြစ်ပါသည်၊ မြို့ပြ အညစ်အကြေးနှင့် စွန့်ပစ်ပစ္စည်းများ (Town/City Waste) ဥပမာ - မိလ္လာစွန့်ပစ်ပစ္စည်း (Night Soil) (ယဉ်ကျေးမှု၊ ဓလေ့ထုံးတန်းအစဉ်အလာအရအခက်အခဲရှိနိုင်ပါသည်)၊ မြူနီစပယ် အမှိုက်သိမ်းကားများမှ စွန့်ပစ်ပစ္စည်းများ (Municipal Wastes) (ပလတ်စတစ်ပစ္စည်းများ၊ မဆွေးမြည့်လွယ်သောပစ္စည်းများ မပါဝင်စေရန် သတိပြုရပါမည်)၊ စားသောက်ဆိုင် စွန့်ပစ်ပစ္စည်းများ (Restaurant wastes) အားလုံးကို အသုံးပြုနိုင်ပါသည်။
ပုံ - ၁ မြေဆွေးအသုံးပြုပစ္စည်းများ
မြေဆွေးအသုံးပြုခြင်း၏အကျိုးကျေးဇူးများ (Benefits of Using Compost)
(က) အဟာရဓာတ်များကို မြေကြီးအတွင်းပြန်လည်ဖြည့်စည်းပေးခြင်း (Improves Soil Fertility)
နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်နှင့် အနည်းလိုအဟာရဓာတ်များကို မြေဆွေးမြေဩဇာက မြေကြီးအတွင်းသို့ ဖြေးဖြေးနှင့်မှန်မှန် ထည့်သွင်းပေးပါသည်။
(ခ) မြေဆီလွှာ ရုပ်ဂုဏ်သတ္တိများ ပိုကောင်းလာစေရန် ကူညီပေးခြင်း (Enhances Soil Structure)
မြေဆွေးက မြေဆီလွှာ မြေစေးဆန် (Cleyey) သဲဆန် (Sandy) စသည်များ ကို ပြုပြင်ပေးပြီး အထူးသဖြင့် အပင်အမြစ်များ ရေဝင်ရေထွက်၊ လေဝင်လေထွက် ကောင်းစေရန် ပြုပြင်ပေးပါသည်။ မြေဆီလွှာအတွင်း အစိုဓာတ်ကိုလည်း ကြာရှည်စေရန် ထိန်းသိမ်းပေးပါသည်၊
(ဂ) အပင်များအတွက် အကျိုးပြုအဏုဇီဝသက်ရှိများ လှုပ်ရှားသန်စွမ်းစေရန် အားပေးခြင်း (Promotes Healthy Microbial Activity)
မြေဆွေးကောင်းက အကျိုးပြုအဏုဇီဝ များ ပြားလာစေရန် (Beneficial Microorganisms) အားပေးပါသည်။ ၎င်းတို့က မြေဆွေး ပုံမြန်မြန် ဆွေးမြည့်စေပြီး (Decompose) အော်ဂဲနစ်ပစ္စည်းများမှ တစ်ဆင့် အပင်အဟာရ ဓာတ်များရရှိစေပါသည်။
(ဃ) ရေကိုကြာရှည်စွာထိမ်းပေးနိုင်ခြင်း (Increases Water Retention)
မြေဆွေးများက ရေမြှုပ် (Sponge) ကဲ့သို့ ရေကိုထိန်းပေးထားသဖြင့် ရေသွင်း စိုက်သောသီးနှံများ ရေသွင်းရသော အကြိမ်ရေနည်းသွားပြီး သီးနှံပင် အထွက်တိုးစေပါသည်။
(င) မြေဆီလွှာတိုက်စားပျက်စီးမှုကိုလျော့နည်းစေခြင်း (Reduces Soil Erosion)
မြေဆွေးက မြေဆီလွှာတည်ဆောက်ပုံ (Soil Structure) ကို ပြုပြင်ပေး၍ တောင်စောင်း များမှာ လေနှင့်ရေတိုက်စားမှုကြောင့် (Wind and Water Erosion) မြေဆီလွှာ များပျက်စီးဆုံးရှုံးခြင်း၊ အဝေးသို့လွင့်ရောက်ပါသွားခြင်း တို့မှ ကာကွယ်ပေးပါသည်။
(စ) ပေါင်းမြက်များကိုနှိမ်နှင်းပေးခြင်း (Surpresses Weeds)
မြေဆွေးများကမြေကြီး၏အပေါ်မှာအလွှာတစ်ခုသဖွယ်ဖုံးအုပ်ထား (Mulch) သဖြင့် ပေါင်းပင်များ နေရောင်ခြည်မရရှိဘဲ သေကြေသွားနိုင်ပါသည်။
(ဆ) မြေဆီလွှာ ချဉ်ငံဓာတ်ကို ချိန်ညှိပေးနိုင်ခြင်း (Balances Soil pH)
မြေဆွေးများကြောင့် စိုက်ပျိုးမြေကြီး ချဉ်လွန်း၊ ငန်လွန်းမဖြစ်စေဘဲ အပင်များအတွက် အနေတော်ဖြစ် အောင်ညှိပေးနိုင်ပါသည်။
(ဇ) ဓာတုမြေဩဇာကိုဘဲအားကိုးနေရမှု၊ ကုန်ကျစရိတ်ကိုလျှော့ချပေးနိုင်ခြင်း (Reduces dependendency on Chemical Fertilizers)
မြေဆွေးများပူးတွဲသုံးပေးခြင်းဖြင့် ဓာတ်မြေဩဇာကိုဘဲ အသုံးလွန်ပြီး မြေဆီလွှာနှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်းမှ ကာကွယ် ပေးနိုင်ပါသည်။
မိမိအိမ်အတွင်း မြေဆွေးပြုလုပ်ရာတွင် သိသင့်သောအချက်များ
(၁) လုပ်အားအနည်းဆုံးဖြစ်နိုင်မည့်နေရာကိုရွေးချယ်ပါ (Choose Labour-saving Sites)
မိမိအိမ်တွင်မြေဆွေးကျင်းပြုလုပ်မည်ဆိုပါက စွန့်ပစ်ပစ္စည်းများ၊ ရေတို့နှင့်အနီးဆုံး နေရာကို ရွေးချယ်ပါ။ စိုက်ပျိုးမပင်များနှင့်လည်း နီးရပါမည်၊ နွားချေး၊ ကြက်ချေး စသည်တို့နှင့်လည်း သင့်တော်သလောက်ဝယ်ယူ၍ ရောနှောသင့်ပါသည်၊ စုစုပေါင်း ထုထည်၏ ၂၀-၃၀ ရာခိုင်နှုန်းခန့်ထည့်ပေးပါ၊
(၂) မိမိတွင်ရှိသော စွန့်ပစ်ပစ္စည်းများနှင့်ပြုလုပ်ပါ (Work with what you have)
မိမိအိမ်အတွင်း အရွက်ကြွေများ (Fallen Leaves)၊ မိးဖိုချောင်စွန့်ပစ်ပစ္စည်းများ (Kitchen Wastes)၊ ပေါင်းပင်များ (Weeds)၊ ပုဇွန်ခွံ၊ ငါးအကြေးခွံ၊ စားကြွင်းစားကျန် အရိုးများ စသည် တို့သည် မြေဆွေးကုန်ကြမ်းများဖြစ်ပါသည်၊
(၃) ဆွေးမြည့်အောင်ပြုလုပ်ပေးနိုင်သော အဏုဇီဝများ တိုးပွားအောင်ပြုလုပ်ပါ (Help Decomposer do their Jobs)
မြေဆွေးပုံ (ဖြစ်နိုင်လျှင် ကျင်းတူးပါ) သည် အရိပ်အောက်တွင်ရှိပါက ပိုမိုကောင်းမွန်ပါသည်။ အထောက်အကူပြု အဏုဇီဝတစ်မျိုးဖြစ်သော အီးအမ် (EM – Effective Microorganisms) နှင့် ငါးအမိုင်နိုမြေဩဇာ၊ တီကြစ်စာ (Vermicompost)၊ တီကောင်များ (Earthworms) ကို ရောစပ် ထည့်ပေးနိုင်ပါကပိုကောင်းပါသည်။ အစိုဓါတ်မပြတ်စေရန် ရေမှန်မှန်တော့ လောင်းပေးနေရပါမည်။
(၄) စွန့်ပစ်ပစ္စည်းပြန်သုံးပါ (Reuse and Recycle)
ချဉ်ပေါင်ရွက်၊ ကဇွန်းရွက်ဟင်းချက်ပါက မသုံးသည့် ချဉ်ပေါင်ရိုး၊ ကန်ဇွန်းရိုးများ၊ ကြက်ဥခွံများ စသည်တို့ဖြစ်ပါသည်။ ပလတ်စတစ်၊ ကြွပ်ကြွပ်အိပ်များ မပါဝင်စေရန်တော့ ဂရုစိုက်ပါ။
(၅) ရောနှောရာတွင် စဉ်းစားတွေးခေါ်၊ ဦးနှောက်သုံးပါ (The Magic is in the Mixture)
မှိုတက်နေသောအရွက်များ၊ အပင်ဟောင်းများသည် အကျိုးပြုအနုဇီဝသက်ရှိများပွားများ မှုကို အနှောက်အရှက်ပေးပါသည်၊
(၆) မြေဆွေးက သင်၏ဥယျာဉ်၊ ခြံ လိုအပ်ချက်ကို ဖြစ်စေရန် ပြုလုပ်ပါ (Compost to suit your Garden Needs)
မြေဆွေးပုံ၊ မြေဆွေးကျင်း ကိုကုန်ကျစရိတ်နည်းစွာ ပြုလုပ်နိုင်ရန်စီမံပါ။ အောက်ဆုံးမှ ကာဗွန်များစွာပါဝင်သော ဥပမာ - ကောက်ရိုးခြောက်၊ သစ်ရွက်ခြောက်များ ခင်းပါ၊ ပြီးလျှင်အစိုဓာတ်အနည်းငယ်ရှိသော နွားချေး၊ ကြက်ချေး များ ဒုတိယအလွှာခင်းပါ။ ပြီးလျှင် နိုက်ထရိုဂျင်များစွာပါဝင်နိုင်သော ဟင်းသီး၊ ဟင်းရွက်အကျွင်း အကျန်များ၊ သစ်သီးခွံများ ထည့်ပါ၊ ကာဘွန်/နိုက်တြိုဂျင် အချိုး သည် ၂၅-၃၀:၁ ဖြစ်သင့်ပါသည်။
အစိုဓာတ် မပြတ်စေရန် ဂရုစိုက်ပါ (သိပ်မစိုလွန်းရပါ)၊ ၁-၂ ပတ်လျှင် တစ်ခါစီ အထက်အောက်လှန်ပေးပါ (Turn the Pile)
ပုံ - ၂ မြေဆွေး အလွှာလိုက်ပြုလုပ်ပုံ အဆင့်ဆင့်
ဆက်ပါဦးမည်...
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Pleasant, B. and Martin, D.L. (2008) The Complete Compost: gardening Guide. Storey Publishing. 318p.
မြေအသုံးချရေးဌာနခွဲ (၂၀၁၉) သဘာဝမြေဩဇာပြုလုပ် သုံးစွဲနည်းများလက်စွဲ စိုက်ပျိုးရေးဦးစီးဌာန၊ ၂၅-မျက်နှာ
(ဘာသာရပ်ဆိုင်ရာဝေါဟာရများကို ကူညီဖြေဆိုပေးပါသော ဒေါက်တာကြည်တိုး၊ ပါမောက္ခ (ကျောင်းအုပ်ကြီး) နှင့် ဒေါ်တင်လဲ့လဲ့ထွေး၊ ကထိက၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ တို့အား ကျေးဇူးတင်ရှိပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။