Basic Agricultural Science – (161) Foliar Fertilizers (Part-7)
အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၁၆၁) ရွက်ဖျန်းမြေဩဇာများ (အပိုင်း-၇)
တောင်သူကြီးများ၊ လက်တွေ့လုပ်ကိုင်နေသူများ တိုက်ရိုက်အသုံးပြုနိုင်မည့် သဘာဝမြေဩဇာများအကြောင်း ဆွေးနွေးပါမည်။ အခြေခံမြေဆီလွှာသိပ္ပံနှင့် မြေဩဇာများ အကြောင်းမိတ်ဆက်ကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ် (၂၈)၊ (၂၉)၊ (၁၀၀)၊ (၁၅၉)၊ (၁၆၀) တို့ တွင် မိတ်ဆက်တင်ပြဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ သစ်စိမ်းမြေဩဇာ များအကြောင်းကိုလည်း အမှတ်စဉ် (၇၇) တွင်ဆွေးနွေးခဲ့ပါသည်၊ တောင်သူကြီးများ လက်တွေ့အသုံးချနိုင်ဖို့အတွက် ယခုခေတ်ပေါ် ရွက်ဖျန်းမြေဩဇာ (Foliar fertilizers) အကြောင်း ဆက်လက်ဆွေးနွေးကြည့်ရအောင်ပါ။
ရွက်ဖျန်းမြေဩဇာဆိုသည်မှာ အရည်ဖျော်ပြီး အရွက်ပေါ်သို့ တိုက်ရိုက်ဖျန်းရသော မြေဩဇာအရည် (A liquid nutrient solutions applied directly to plant leaves rather than the soil) ဖြစ်ပါသည်။ မြေကြီးအတွင်းသို့ ထည့်သွင်းရသော မြေဩဇာမဟုတ်ပါ၊
အပင်အတွက်လိုအပ်သော အဟာရဓာတ်များကို အရည်အဖြစ်
(က) အရွက်အောက်မျက်နှာပြင်၏ လေပေါက်ငယ်များ (Stomata) ကလည်းကောင်း
ပုံ - ၁ အရွက်ဖျန်းမြေဩဇာ ဝင်ရောက်သည့် (Stoma) နှင့် (Trichome)
(ခ) အရွက်အုပ်ပါဖယောင်းလွှာ (Cuticle) နှင့် အပေါ်က အမွေးငယ် (Trichome) အပေါ်က ဝင်ရောက်စေရန် ပက်ဖျန်းပေးရပါသည်။
အရွက်အုပ်ပါဖယောင်းလွှာတွင် အဖိုဓာတ် (Cations) အမဓာတ် (Anions) ၂ ခု ပုံစံပြောင်းပြီး အဟာရဓာတ်များ အရွက်အတွင်းသို့ ဝင်ရောက်သွားပါသည်။
ပုံ - ၂ အရွက်ဖျန်းမြေဩဇာအာဟာရဓာတ်များဝင်ရောက်သည့်ပုံစံ
(ဂ) နောက်တစ်နည်းက စိမ့်ဝင်နည်း (Translocation) ၂ မျိုးဖြင့်လည်း အပင်တွင်းမြေဩဇာရည် ရောက်ရှိပါသည်။
(ဂ-၁) ဆဲလ်တစ်ခုမှတစ်ခု သို့ပြန့်သည့် အပိုပလတ်စ်ရွေ့လျား (Apoplast Movement) နည်းနှင့်
(ဂ-၂) ဗက်ဆီလွှာ ရေကြောအလိုက် ပြန့်သည့် ဆင်ပလတ်စ်ရွေ့လျား (Symplast Movement) နည်းတို့ဖြင့် အပင်တွင်းသို့ ရောက်ရှိခြင်းဖြစ်ပါသည်။
ပုံ - ၃ အရွက်ဖျန်းမြေဩဇာအာဟာရဓာတ်များ အပင်တွင်းပျံ့နှံ့သည့်ပုံစံ
ရွက်ဖျန်းမြေဩဇာအသုံးပြုမှုများ (Use of Foliar Fertilizers)
(က) အပင်အာဟာရဓာတ်ချို့တဲ့မှုကို ဖြည့်စည်းပေးခြင်း (Correcting Nutrient Deficiencies)
အထူးသဖြင့်အနည်းလို အာဟာရဓာတ်များ (Essential Micronutrients) ဖြစ်သော ဥပမာ - သွပ်ဓာတ် (Zinc)၊ သံဓာတ် (Iron)၊ မင်းဂနီးစ် (Maganese) နှင့် ဘိုရွန်ဓာတ် (Boron) များကို လျင်မြန်စွာ ပေးပို့နိုင်ပါသည်။
(ခ) အရေးကြီးသောအချိန်မှာ အပင်ကြီးထွားမှုကိုအားပေးခြင်း (Boosting Crop Growth during Critical Stages)
ပန်းပွင့်ချိန် (Flowering)၊ အသီးသီးချိန် (Fruiting) နှင့် မျိုးစေ့ဖြစ်ပေါ်ချိန်အဆင့် (Seed-setting Stages) များမှာ ဤရွက်ဖျန်းမြေဩဇာမှ အဟာရဓာတ်များကြောင့် အထွက်ပိုတိုးနိုင်ပါသည်၊
(ဂ) အပင်မှ အဟာရဓာတ်စုတ်ယူမှုစွမ်းရည်ပိုကောင်းခြင်း (Improving Nutrient Uptake Efficiency)
မြေကြီးအတွင်း မသင့်တော်သောမြေချဉ်ငံဓာတ် (pH imbalance)၊ အာဟာရဓာတ်များ ယိုစီးသွားခြင်း (Leaching)၊ အပင်ကမစုပ်ယူနိုင်ရန် မြေကြီးကဖမ်းယူထားခြင်း (Nutrient Fixation) စသည့်ပြဿနာများကို ရွက်ဖျန်းမြေဩဇာကြောင့် အာဟာရဓာတ်များကို အရွက်က ပေးသွင်းပေးနိုင်မှုက ဖြေရှင်းပေးနိုင်ပါသည်။
(ဃ) အပင်အတွက်ဆိုးကျိုး များကို ခံနိုင်ရည်ရှိစေခြင်း (Enhancing Stress Tolerance)
ရာသီဥတုပြောင်းလဲ၊ ပြင်းထန်မှုကြောင့် ဖြစ်ပေါ်လာသော မိုးခေါင်မှု (Drought)၊ အပူများမှု (Heat)၊ အေးလွန်းမှု (Cold)၊ အပင်ရောဂါများဖျက်ဆီးမှု (Disease-related Stress) ကြောင့် အပင်ကြီးထွားမှုနှင့် အားနည်းနေမှုကို ရွက်ဖျန်းမြေဩဇာဖြန်းပေးခြင်းဖြင့် အပင်များက ကြံ့ကြံ့ခံနိုင်ပါသည်။
(င) အပင်များအတွက် ထပ်မံအထောက်အကူပြုခြင်း (Supplimenting Soil Fertilization)
မြေဆီလွှာမှထည့်သွင်းထားသော မြေဩဇာများအပြင် အဟာရဓာတ်လိုအပ်ချက်များကို အရွက်မှ ထပ်မံပေးခြင်းဖြစ်ပါသည်။
ပုံ - ၄ အရွက်အတွင်းအာဟာရဓာတ်ဝင်ရောက်ပုံ
အရွက်ဖျန်းမြေဩဇာ၏အပင်များ သီးနှံထုတ်လုပ်ရေးအပေါ်ကောင်းမွန်သောအချက်များ (Effectiveness of Foliar Fertilizers in Crop Production)
(၁) အာဟာရဓာတ်စုပ်ယူမှုမြန်ဆန်ခြင်း (Rapid Nutrient Absorption)
အရွက်မှ အာဟာရဓာတ်များ မြေဩဇာအရည်အဖြစ် ပက်ဖျန်းပေးခြင်းက မြေကြီးတွင်မြေဩဇာများ ထည့်ပေးချင်းထက် အပင်များက မြန်ဆန်စွာရရှိနိုင်ပါသည်။
(၂) အထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်ခြင်း (Increased Yield and Quality)
အရွက်ဖျန်းမြေဩဇာများက အသီးတင်မှု (Fruit-set)၊ အနှံဖြည့်တင်းမှု (Grain-filling) အထူးသဖြင့် နိုက်တြိုဂျင်မြေဩဇာအရည်က နှံစားသီးနှံများ ပရိုတင်းပါဝင်မှု (Improves grain protein content) များပြားရန် အားပေးပါသည်။
(၃) အနည်းလိုအဟာရဓာတ်များ မြေဩဇာအဖြစ်အမြန်ဆုံးအသုံးပြုနိုင်ခြင်း (Better Utilization of Micro Nutrients)
ဇင့်/သွပ်ဓာတ်၊ သံဓာတ်၊ ဘိုရွန် စသည့် အနည်းလိုအဟာရဓာတ်များကို မြေဩဇာအဖြစ် အသုံးပြုရာတွင် အလွန်ပင်အသုံးတဲ့ပါသည်။
(၄) မြေဩဇာပြုံးတီးဆုံးရှုံးမှုကိုလျော့ပါးစေခြင်း (Reduced Fertilizers Losses)
မြေကြီးအတွင်း အသုံးပြုရသော မြေဩဇာများကဲ့သို့ အပင်အမြစ်များမမီနိုင်သို့ ပျော်ဝင်ဆုံးရှုံးမှုများမှ အကာအကွယ်ပေးသည်၊
(၅) ပတ်ဝန်းကျင်နှင့်ကုန်ကျစရိတ်အကျိုးရှိမှု (Environmental and Cost Benefits)
အရွက်ဖျန်းမြေဩဇာ၏နှုန်းထားက အလွန်နည်းပါးသဖြင့် ပတ်ဝန်းကျင်ထိခိုက်မှုနှင့် ကုန်ကျစရိတ်သက်သာစေနိုင်ပါသည်။
အရွက်ဖျန်းမြေဩဇာ၏အားနည်းချက်များနှင့်စဉ်းစားရန်လိုအပ်ချက်များ (Limitations and Consideration)
(က) မြေဆီလွှာမှ ကျွေးမွေးမှုကို လုံးဝပစ်ပယ်၍မရခြင်း (Not a Substitute for Soil fertilization)
အပင်သက်တန်းတစ်လျှောက်လုံးအတွက် အထူးသဖြင့် အပင်မှလိုအပ်သော နိုက်တြိုဂျင်၊ ဖေါ့စဖေါ့ရပ်၊ ပိုတက်ဆီယမ်အဟာရဓာတ်များကို အရွက်မှဖြန်းပေးရုံဖြင့် မလုံလောက်ပါ၊ သမရိုးကျဓာတ်မြေဩဇာများလည်း အသုံးပြုရန်လိုအပ်ပါဦးမည်၊
(ခ) ရာသီဥတု အခြေအနေကြည့်ရှုရခြင်း (Weather Conditions)
အထူးသဖြန့် အရွက်ဖြန်းမြေဩဇာသုံးပြီးကာစ မိုးရွာပြီးပါက မိုးရေထဲပျော်ဝင်နိုင်တတ် သဖြင့် အပင်အဟာရဓာတ်အာနိသင်များ ဆုံးရှုံးနိုင်ပါသည်။
(ဂ) အရွက်များလောင်နိုင်ချေရှိခြင်း (Leaf Burn Risk)
ပက်ဖျန်းသည့်အချိန်မှာ အထူးသဖြင့်နေပြင်းချိန်တွင် သတ်မှတ်နှုန်းထားထက်များပါက အရွက်များကို မြေဩဇာလောင်နိုင်ချေရှိပါသည်။
(ဃ) အပင်မှစုပ်ယူနိုင်မှုက အာဟာရဓာတ်တစ်မျိုးခြင်းအပေါ်မူတည်ခြင်း (Absorption Efficiency Varies)
ပက်ဖျန်းသော အပင်အဟာရဓာတ်များ အထူးသဖြင့် ကယ်လဆီယမ်နှင့်မဂ္ဂနီဆီယမ် တို့မှာ အရွက်အတွင်းသို့လွဘ်ကူစွာ မပျော်ဝင်နိုင်သဖြင့် အထူးဖော်မြူလာ အချိုးအစား၊ ဖျော်စပ်ပုံလိုပါလိမ့်မည်။
ရွက်ဖျန်းမြေဩဇာအသုံးပြုရာတွင် သတိပြုရမည့်အချက်များ
(၁) သတ်မှတ်ကြီးထွားမှုရှိပြီးဖြစ်ရမည် (Proper Crop Growth Stage)
ဤမြေဩဇာအသုံးပြုရာတွင် သာမာန်မြေဩဇာများကဲ့သို့ မစိုက်ပျိုးခင်၊ အပင်ပေါက်ခါစ များတွင် အသုံးမပြုနိုင်ဘဲ အပင်ကြီးထွားဖွံ့ဖြိုးမှုအဆင့်အတိုင်းအတာ တစ်ခုအထိရောက် မှသာ အသုံးပြုနိုင်ပါသည်။
(၂) အပင်ကကျန်းမာကြံ့ခိုင်နေရပါမည် (Proper Crop Condition)
ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် ဥပမာ - မိုးခေါင်၊ အပူလွန်၊ အအေးလွန်ကဲမှုကြောင့် အပင်ကပုံမှန်ကြီးထွားမှုကို မရောက်ခဲ့လျှင် (Poor Crop Vigour) ထိရောက်မှုနည်းသွားနိုင်ပါသည်။
(၃) သင့်တော်သောမိုးလေဝသအခြေအနေရှိရမည် (Proper Meteorological Condition)
မနက် ၉ နာရီမတိုင်ခင်၊ ညနေ ၄-နာရီနောက်ပိုင်း၊ အပူချိန် ၂၅-၃၀ ဒီဂရီ ဆဲလ်စီယပ်စ်ကြား၊ စိုထိုင်းဆ ၇၀-ရာခိုင်နှုန်းထက်ပို၊ လေတိုက်နှုန်း တစ်နာရီ ၅-မိုင်ထက်နဲသော အခြေအနေများမှာ ရွက်ဖျန်းမြေဩဇာ ပက်ဖျန်းရန် အကောင်းဆုံး အခြေအနေများ ဖြစ်ပါသည်။
(၄) မြေဩဇာအမျိုးအစား၊ အရည်အသွေးများ (Types of fertilizer Materials)
မြေဩဇာအားလုံးတော့ ရွက်ဖျန်းမြေဩဇာအဖြစ်အသုံးပြုရန်မသင့်တော်ပါ၊ ရွက်ဖျန်း မြေဩဇာများသည် ပျော်ဝင်နိုင်စွမ်းကောင်းရမည် (High solubility)၊ ဆားပါဝင်မှုနဲရမည် (Low Salt Index)၊ သန့်စင်မှုများရမည် (High purity) ဥပမာ - နိုက်တြိုဂျင် အတွက် ယူရီးယား/ပုလဲမြေဩဇာ (Urea) သည် ရွက်ဖျန်းမြေဩဇာပြုလုပ် ရန် သင့်တော်ပါသည်၊ ဖေါ့စဖေါ့ရပ်အတွက် ပိုလီနှင့်အော်သိုဖေါ့စဖိတ်အရော (A combination of Poly and Ortho-phosphate) သည် အရွက်လောင်မှု (Leaf burn) နဲစေသည့်အတွက် သင့်တော်ပါ သည်၊ ပိုတက်ဆီယမ်အတွက် ပိုတက်ဆီယမ် ပေါ်လီဖော့စဖိတ် (Potassium Polyphosphate) နှင့် ပိုတက်ဆီယမ်နိုက်တြိတ် (Potassium Nitrate) သည် ပျော်ဝင်မှုများပြီး ဆားဓာတ်နည်း၍ သင့်တော်ပါသည်။
ဆက်ပါဦးမည်..
မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)
Fernandez, V.; Sotiropoulos, T. and Brown, P. (2013) Foliar Fertilization: Scientific Principles and Field Applications. IFIA. 144p.
ဦးဖရက်သိန်းဖေ (၂၀၀၉) အရွက်ဖျန်းဓာတ်မြေဩဇာ၊ ကမ္ဘာစိမ်းမြ ၁၀၁-မျက်နှာ
(ဘာသာရပ်ဆိုင်ရာဝေါဟာရများကို ကူညီဖြေဆိုပေးပါသော ဒေါက်တာကြည်တိုး (ပါမောက္ခ)၊ ဒေါ်တင်လဲ့လဲ့ထွေး(ကထိက) ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့အား ကျေးဇူးတင်ရှိပါသည်)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။