မြေယာရှုခင်းဆိုင်ရာ ဥယျာဥ်ခြံသီးနှံပညာ (Landscape Horticulture) သည် ဥယျာဉ်ခြံ စိုက်ပျိုးရေးပညာ (Horticulture) ၏အထူးပြုဘာသာခွဲတစ်ခုဖြစ်ပြီး ဥယျာဉ်ခြံသီးနှံသည် လည်း စိုက်ပျိုးရေးပညာကြီး (Agriculture) ၏ အရေးပါ သောဘာသာခွဲ တစ်ခု ဖြစ်ပါ သည်။
ဤပညာရပ်သည် ဥယျာဉ်များ၊ ပန်းခြံများ၊ တက္ကသိုလ်ပတ်ဝန်းကျင်များ၊ မြို့ပြ စိမ်းလမ်း ရာနေရာများစသည့် ဥယျာဉ်၊ ခြံ (landscape) များတွင် အသုံးပြုသည့် အပင်၊ ပန်းပင်များ ကို ဒီဇိုင်းရေးဆွဲခြင်း၊ စိုက်ပျိုးခြင်းနှင့် စီမံခန့်ခွဲခြင်း ကို အဓိကလေ့လာသော ဘာသာရပ် ဖြစ်ပါသည်။

ပုံ - ၁ လှပသော ဥယျာဉ်တစ်ခု
စိုက်ပျိုးရေးတက္ကသိုလ် (သို့မဟုတ်) စိုက်ပျိုးရေးဘာသာ သင်သော တက္ကသိုလ်များတွင် Landscape Horticulture ကို အများအားဖြင့် ဥယျာဉ်ခြံစိုက်ပျိုးရေးဌာန (Horticulture Department) သို့မဟုတ် အပင်သိပ္ပံဌာန (Plant Science Department) အောက်တွင် အဓိကဘာသာ (Major) သို့မဟုတ် အထူးပြုဘာသာ (Specialization) အဖြစ် သင်ကြား ပေးနေလျှက်ရှိပါသည်။
ဥယျာဉ်ပန်းခြံများစိုက်ပျိုးပြုပြင်မွန်းမံခြင်းသည် အလှပင်၊ ပန်းပင်များ၊ မြေဆီလွှာနှင့် ဒီဇိုင်း စနစ်များကို အသုံးပြု၍ လှပပြီး အသုံးဝင်သော ပြင်ပပတ်ဝန်းကျင်များကို ဖန်တီးပုံ ကို လေ့လာသော ပညာရပ်ဖြစ်သည်။ တစ်ချို့တက္ကသိုလ်များက အလှအပဆိုင်ရာ ဥယျာဉ် ခြံသီးနှံစိုက်ပျိုးရေးပညာ (Ornamental Horticulture) ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုပါသည်။
ဤပညာရပ်တွင် အောက်ပါအကြောင်းအရာများ ပါဝင်သည်။
- Landscape design (မြေပြင်ဒီဇိုင်းရေးဆွဲခြင်း)
- Plant selection (သစ်ပင်၊ ပန်းပင်များ ရွေးချယ်ခြင်း)
- Lawn နှင့် turfgrass (အလှမြက်ခင်းများစီမံခန့်ခွဲမှု)
- Nursery production (ပျိုးပင်ထုတ်လုပ်မှုလုပ်ငန်း)
- Irrigation system (ရေသွင်းစနစ်)
- Landscape construction & Maintenance (မြေယာဆောက်လုပ်မှုနှင့် မြေယာထိန်းသိမ်းမှု) တို့ပါဝင်ပါသည်။
ကျောင်းသား၊ ကျောင်းသူများသည် Plant science (အပင်သိပ္ပံ) နှင့် Design skills (ဒီဇိုင်းကျွမ်းကျင်မှု) ကို ပေါင်းစပ်သင်ယူကြရပါသည်။
အများအားဖြင့် စိုက်ပျိုးရေးပညာသင်တက္ကသိုလ်များတွင် မြေယာရှုခင်းဆိုင်ရာ ဥယျာဥ်ခြံသီးနှံပညာကို အောက်ပါဖွဲ့စည်းပုံအောက်တွင် တွေ့ရှိနိုင်ပါသည်။
ထိုသို့သော ဘာသာခွဲများကို ဥယျာဉ်ခြံသီးနှံပညာဌာန၏ အဓိက ဘာသာခွဲ ၄ ခု ဟုလည်း ခေါ်ဆိုနိုင်ပါသည်။
ဤဘာသာရပ် အထူးပြု ကျောင်းသား/သူများအတွက် စိုက်ပျိုးရေး ပညာသင်တက္ကသိုလ်များတွင် အောက်ပါဘာသာရပ်များကို သင်ကြားလေ့ရှိပါသည်။
(၁) အပင်သိပ္ပံဘာသာရပ်များ (Plant Science Subjects)
အပင်ဇီဝကမ္မဗေဒ (Plant Physiology)၊ အပင်အမျိုးအစားခွဲခြားခြင်းပညာ (Plant Identification)၊ အလှအပဆိုင်ရာအပင်များ (Ornamental Plants)၊ သစ်ပင်နှင့်ခြုံပုတ်များစီမံခန့်ခွဲမှု (Tree and Shrub Management) စသည့်ဘာသာရပ်များ
(၂) မြေဆီလွှာနှင့်ပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်များ (Soil and Environment)
မြေဆီလွှာသိပ္ပံ (Soil Science)၊ အပင်အဟာရဗေဒပညာ (Plant Nutrition)၊ အပင် အတွက်ရေစီမံခန့်ခွဲမှု (Water Management)၊ ပတ်ဝန်းကျင်ဆိုင်ရာဂေဟဗေဒ (Environmental Ecology) စသည့်ဘာသာရပ်များ
(၃) မြေယာရှုခင်းဒီဇိုင်းဆိုင်ရာဘာသာရပ်များ (Landscape Design)
မြေယာရှုခင်းစီမံခြင်း (Landscape Planning)၊ ဥယျာဉ်ဆိုင်ရာဒီဇိုင်းများ (Garden Design)၊ ကွန်ပြူတာအထောက်အကူပြုဒီဇိုင်းပညာ (Computer-Aided Design _CAD)၊ မြေယာရှုခင်းဆောက်လုပ်ရေးပညာ (Landscape Construction) စသည့်ဘာသာရပ်များ
(၄) နည်းပညာကျွမ်းကျင်မှုများ (Technical Skills)
ရေသွင်းစနစ်များ (Irrigation Systems)၊ အလှမြက်ခင်းစီမံခန့်ခွဲမှု (Turfgrass Management)၊ ပျိုးခင်းနှင့်မှန်ခြံစီမံခန့်ခွဲမှု (Nursery and Greenhouse Management)၊ စိုက်ပျိုးပင်များဘက်စုံပိုးမွားကာကွယ်ရေး (Integrated Pest Management) စသည့် ဘာသာရပ်များ
ဤပညာရပ်တွင် သိပ္ပံ၊ ဒီဇိုင်းပညာ၊ စီမံခန့်ခွဲမှုပညာများ (Science + Design + Management) ကို ပေါင်းစပ်သင်ကြားပေးခြင်းဖြစ်ပါသည်။
Landscape Horticulture နှင့် Landscape Architecture ကွာခြားချက်
ဘာသာရပ် အဓိကအာရုံစိုက်မှု
Landscape Horticulture ပန်းပင်များ၊ အပင်စိုက်ပျိုးထုတ်လုပ်ခြင်း (Plant Growing and Production) နှင့် မြေယာ အလှပြုပြင်မှုစီမံခန့်ခွဲခြင်း (Landscape Management)
Landscape Architecture မြို့ပြဒီဇိုင်း၊ ဗိသုကာပညာ (Architecture) နှင့် မြို့ပြအကြီးစားစီမံကိန်း (large-scale planning)
စာရေးသူ၏အတွေး
မြန်မာနိုင်ငံတွင် သူဌေးကြီးတွေ သိန်းသောင်းချီအကုန်အကျခံပြီး ဘုရားတည်၊ ကျောင်း ဆောက်နေတာ တွေ့မြင်နေရတာကို သာဓုခေါ်ပါသည်။ ထိုအထဲမှ ရာခိုင်နှုန်းနည်းနည်းလောက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက် အထောက်အကူပြုသော ဘာသာရပ်၊ ပညာ ရပ်များ နှင့်ဆိုင်သော ပညာရေးနှင့် သုတေသနဘက် ပညာတော်သင်ဆုများပေးလျှင် ကောင်းလေမလားဟူ၍ စာရေးသူ အတွေးနယ်ချဲ့နေမိပါသည်၊
တိုင်းပြည်အတွက် တကယ်လိုအပ်သော ဘာသာရပ်များမှ ဥပမာ - ပညာတော်သော ကျောင်းသား၊ ကျောင်းသူများကို ပညာရေးအတွက် အသုံးပြုရန် လက်တော့ကွန်ပြူတာ များ Laptop Computers (တစ်လုံး ၁၅-၂၀ သိန်းခန့်ရှိမည် ထင်ပါသည်) နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်ဘာသာရပ်များ (Subjects directly related to Economic Development for Myanmar) အလိုက် ၁၀-လုံးစီ ပစ္စည်းဝယ် ပေးကုသိုလ် ပြုတာမျိုး၊ တက္ကသိုလ် စာကြည့်တိုက်များတွင် စာပေ၊ စာအုပ် စာတမ်း (Literature) များရှာဖွေရန် စားပွဲတင်ကွန်ပြူတာများ (Desk-top Computers) နှင့် ဝိုင်ဖိုင်အင်တာနက် (Wifi Internet Access) ရရှိမှု ဝယ်ယူလှူဒါန်းပေးတာမျိုး၊ စသည်တို့ပါ ဖြစ်နိုင်တယ် မဟုတ်ပါလား?
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။