စိုက်ပျိုးရေးတက္ကသိုလ်တွင် ခရက်ဒစ်ယူနစ်စနစ်အသုံးပြုခြင်း၏ အားသာချက်များ

03/06/2024 13:48 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science  (125)  Use of Credit-Systems in Universities

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ  (၁၂၅) တက္ကသိုလ်များတွင် ခရက်ဒစ်စနစ် အသုံးပြုမှု 

စိုက်ပျိုးရေးတက္ကသိုလ်များအပါအဝင် အဆင့်မြင့် ပညာသင်ကြားပေးနေသော တက္ကသိုလ်၊ ကောလိပ် အသီးသီးတွင် ဘွဲ့ရ၊ ကျောင်းပြီးသွားပါက ယနေ့လိုအပ်နေသော လုပ်ငန်းများ၌ အလုပ်အကိုင်ရရှိရေး (Job Market/Employability)၊ ၂၁-ရာစု ခေတ်သစ်နှင့်အညီ အရည်အသွေးမြင့် ပညာရပ်များ သင်ကြားရေး (21st Century Quality Higher Education)၊ သင်ကြားနေသောဘာသာရပ် အသီးသီးသည် အကျိုးပြု ဘာသာရပ်များ ဖြစ်ပေါ်လာရေး (Effective and Efficient Subjects/Courses) ကာ ခေတ်နှင့်အညီ အရေးပါလာပါသည်။ 

ထိုအခါ နိုင်ငံတကာတက္ကသိုလ်အများစုတွင် လက်တွေ့ကျင့်သုံးနေသော သင်ရိုးနာရီအမှတ်ပေးစနစ် (Semester Credit-Hour System) ကို လေ့လာ၍ ဤစနစ်၏ကောင်းမွန်သောအချက်များကို အတုယူနိုင်ပါသည်။ 

ဤစနစ်၏ အားသာချက်များမှာ -

(က) ပြောင်းလွယ်ပြင်လွယ်မှု (Flexibility) ရှိခြင်း 

ကျောင်းသား၊ ကျောင်းသူများအနေနှင့် ကျောင်းနေစဉ် ၄-နှစ် (သို့မဟုတ်) ၅-နှစ် အတွင်း (8-10 Semesters) သူတို့၏ စိတ်ဝင်စားမှု (Their Interest) ၊ သူတို့၏ ဉာဏ်စွမ်းရည် (Their Intelligence and Abilities) စသည်ကိစ္စများ အပေါ်မူတည်၍ ဘာသာရပ်များစွာ ရွေးချယ်နိုင်စွမ်းရှိပါသည်။ မိမိတို့သင်ယူနေသည့် တက္ကသိုလ်ကမူ ဘာသာရပ်ပေါင်းစုံ သင်ကြားနေသော (Comprehensive University) တက္ကသိုလ် တော့ ဖြစ်ရပါမည်။

(ခ) တိုးယူ၊ လျှော့ပေါ့ (Acceleration or Deceleration) နိုင်စွမ်းရှိခြင်း

ကျောင်းသား၊ ကျောင်းသူတစ်ဦးခြင်းအလိုက် မိမိဉာဏ်ရည် အပေါ်မူတည်၍ ဘာသာရပ် များစွာ တိုးမြင့်၊ လျှော့ပေါ့ သင်ယူနိုင်ပါသည်။ ဉာဏ်ကောင်းပါက တက္ကသိုလ်၏ ဘာသာရပ် လိုအပ်ချက်အရ ပြည့်မီသွားလျှင် နှစ်စော ပြီး ဘွဲ့ရရှိ သွားနိုင်ပါသည်။

(ဂ) ဘာသာရပ်များသင်ယူမှု ဆက်လက်မှတ်တမ်းတင် (Transferability) နိုင်စွမ်းရှိခြင်း

တက္ကသိုလ်တစ်ကျောင်းမှ တစ်ကျောင်းသို့ ပြောင်းရွေ့ရာတွင် သင်ယူလေ့လာခဲ့သောဘာသာရပ်၊ ခရက်ဒစ်သင်ရိုး နာရီများ ကို လက်ဆင့်ကမ်း သယ်ယူနိုင်စွမ်းရှိပါသည်။ ဤ အချက်မှာ အခု မြန်မာနိုင်ငံ ပုဂ္ဂလိကတက္ကသိုလ်အချို့မှ အမေရိကန်၊ အင်္ဂလန်စသည် နိုင်ငံများ၏ တက္ကသိုလ်များသို့ ပြောင်းရွှေ့သင်ယူရာတွင် မြန်မာနိုင်ငံမှ မိမိသင်ယူ ထားပြီးသော ဘာသာရပ်များကို နိုင်ငံရပ်ခြား တက္ကသိုလ်များက အသိအမှတ်ပြု၊ လက်ခံပေးခြင်းဖြင့် အချိန်ကုန်၊ ငွေကုန်ကျမှုကို များစွာလျှော့ချပေးနိုင်ပါသည်။ 

(ဃ) မိမိကြိုတင်သင်ယူခဲ့မှုများကို (Recognition of Prior Learning) အသိ အမှတ်ပြုပေးခြင်း

ဤစနစ်က ယခင်မိမိသင်ယူခဲ့ဘူးသောသော ဘာသာရပ်များ၊ သင်ခန်းစာများကို အသိအမှတ်ပြုပေးပါသည်။ ဥပမာ - အဆင့်မြင့်တတ်ကျွမ်းမှုစစ်ဆေးခြင်း (Advanced Placement Course - AP)၊ နိုင်ငံတကာဘွဲ့ကြိုဘာသာရပ်များ (International Baccalaureate Courses - IB)၊ အထက်တန်းကျောင်းတွင် ကောလိပ်အဆင့်ရှိ ဘာသာရပ်များ သင်ယူပြီးခဲ့ခြင်း (College-Level Courses taken during High School) စသည်တို့ဖြစ်ပါသည်။

(င) ဘွဲ့ရရှိရန်လိုအပ်ချက်များ (Graduation Requirements)

ဤစနစ်က ကျောင်းသား၊ ကျောင်းသူများ အတွက် လမ်းညွန်ပေးပြီး သူကိုတိုင် သင်ယူရမည့် အဓိကဘာသာ (Major Courses)၊ သာမာန်ဘာသာ (Minor Courses)၊ အထွေထွေပညာရေး (General Education)၊ စိတ်ကြိုက်ဘာသာတွဲများ (Elective Courses) ကို ဖြည့်စည်း ဆောင်ရွက်ပေးနိုင်ပါသည်။

(စ) တစ်ဦးခြင်း ရည်မှန်းထားသော ပညာရေးလမ်းကြောင်း (Individualized Learning Paths) 

ကျောင်းသား၊ ကျောင်းသူများသည် လွတ်လပ်စွာ မိမိဝါသနာပါရာ ပညာရေးလမ်းကြောင်းကို သတ်မှတ်ပြဌာန်းချက်ဘောင်အတွင်းမှ ရွေးချယ်နိုင်ခြင်းကြောင့် ဘာသာရပ်စုံလင်စွာ (Diverse Academic Disciplines) လေ့လာနိုင်ပြီး များပြားလှသော အထူးပြုဘာသာခွဲများ (Interdisciplinary Areas of Study) အတွင်း စိတ်ကြိုက်ရွေးချယ် နိုင်ပါသည်။ 

ဥပမာ အနေနှင့် ပြောရလျှင် ၁၉၈၇ ခု ကျွန်တော် ဩစတေလျနိုင်ငံ ကွင်းစလန်တက္ကသိုလ် (The University of Queensland - UQ, Australia) တွင် မဟာ စိုက်ပျိုးရေးသိပ္ပံ သင်တန်းတက်ရောက်နေစဉ်က  ရူပဗေဒ အထူးပြု ဘာသာ (Physics Major) သင်ကြားနေသော ကျောင်းသားတစ်ဦးမှ သာမန်ဘာသာ (Minor Subject) တစ်ဘာသာအဖြစ် သမိုင်းကို တွဲဖက်ယူပါသည်။ သူ့ကို မေးကြည့်ရာ ရူပဗေဒ ဘာသာ၏ သမိုင်းကြောင်း (History of Physics) ကို သုတေသနပြုလေ့လာလို၍ ဟုပြောပါသည်။ ကွင်းစလန်တက္ကသိုလ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ လောက် ကတည်းက ဤစနစ် (Semester-Credit Hours System) ကို အသုံးပြုနေပါပြီ။ ကျွန်တော်တို့ နိုင်ငံရှိတက္ကသိုလ် များတွင်တော့ ယနေ့ အချိန်အထိ သိပ္ပံနှင့် ဝိဇ္ဇာဘာသာများ တွဲဖက်ယူ၍ မရသေးဟု ထင်ပါသည်။ 

ကျွန်တော်သည်ပင် စိုက်ပျိုးရေး အထူးပြု ဘာသာရပ်များအပြင် ရုက္ခဗေဒဌာနမှ အပင်ဇီဝကမ္မဗေဒ (Plant Physiology) နှင့် ဆက်စပ်သောဘာသာရပ်များ၊ စာရင်းအင်းပညာရှင်များ သင်ကြားပေး သော ဇီဝဆိုင်ရာစာရင်းအင်းပညာ (Biometrics) တို့ကို ကြီးကြပ်ဆရာနှင့်တိုင်ပင်၍ ကျွန်တော် ကြိုက်နှစ်သက်ရာ ဘာသာရပ်များကို တွဲဖက် သင်ယူခဲ့ရပါသည်။ ဆရာကြီး ဦးညွန့်ရွှေကလည်း မြေဆီလွှာသိပ္ပံ ပညာ (Soil Science) အတွက် လိုအပ်သော သာမာန်ဘာသာ ဘူမိဗေဒ (Geology) ကို ဘူမိဗေဒ ဌာနတွင် သွားရောက်သင်ကြားနိုင်သော အခွင့် အရေးများ အားသာချက်ရှိပါသည်၊

ယခု ၂၁ ရာစုနှစ် အတွက် လိုအပ်လျက်ရှိနေသော အဖွဲ့လိုက်စုပေါင်း ဆောင်ရွက်နိုင်မှုစွမ်းရည် (Teamwork/Collaboration Skill)၊ အတွေးအခေါ်/ ပြဿနာ ဖြေရှင်း နိုင်မှု စွမ်းရည် (Critical Thinking/Problem Solving Skill)၊ တင်ပြနိုင်စွမ်းရည် (Presentation/Oral Communication Skill) သတင်းအချက်အလက်နှင့် နည်းပညာစွမ်းရည် (ICT – Information and Communication Technology Skill)၊ ခေါင်းဆောင်နိုင်မှုစွမ်းရည် (Leadership Skill)၊ တီထွင်နိုင်စွမ်းရည် (Creativity/Innovation Skill)၊ ရာသက်ပန်သင်ယူနိုင်မှု (Lifelong Learning Skill)၊ သတင်းအချက်အလက်လေ့လာရေးပညာ (Journalism/Report Writing Skill)၊ ကိုယ်ကျင့် တရား/လူမှုဘဝ တာဝန် ယူနိုင်မှု စွမ်း ရည် (Professionalism/Ethics/Social Responsibility Skill)  စသည်တို့ကို နိုင်ငံတကာတက္ကသိုလ်များကဲ့သို့ စိတ်ကြိုက် ဘာသာတွဲ အဖြစ် တက္ကသိုလ်များတွင် ဤစနစ်ပုံစံ ကျင့်သုံးပေးနိုင်ပါက အနာဂတ် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ အတွေး အခေါ် ရင့်ကျက်လာပြီး ဘာသာရပ်၊ နယ်ပယ် အသီးသီးတွင် ခေါ်ဆောင်ကောင်းများ ပေါ်ထွက်လာနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်