အိမ်နောက်ဖေး စျေးဆိုင်တည်ပါ

16/01/2018 14:11 PM တွင် HanPhyoAung HanPhyoAung မှ ရေးသား

မြန်မာလူမျိုးတိုင်း ရင်းနှီးကျွမ်းဝင်နေသော စကားတစ်ခုဖြစ်ပါသည်။ လက်ဆင့်ကမ်း သယ်ဆောင် အမွေပေးခဲ့သော ထင်ရှားသည့် မြန်မာ့စကားကြီး (၅) ခွန်းဖြစ်သည့်

“တစ်ရွာ တစ်ကျီ ဆောက်ပါ၊

အိမ်နောက်ဖေး စျေးဆိုင်တည်ပါ၊

ခေါင်းတစ်ရာသားကို စားပါ၊

တစ်နေ့ ပုဆိုးသုံးခါလဲပါ၊

ဦးခေါင်းသုံးလုံးရှိသူထံမှာ သင်ယူပါ” ထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

‘အိမ်နောက်ဖေး စျေးဆိုင်တည်ပါ’ စကား၏ ဆိုလိုရင်းမှာ မိမိတို့ အိမ်ဝန်းခြံမြေအတွင်း မိမိတို့ စားသုံးလိုသည့်အချိန်တွင် လတ်ဆတ်စွာ ခူးဆွတ်စားသုံးနိုင်ရန်အလို့ငှာ ဟင်းသီးဟင်းရွက် သီးပင်စားပင်များကို တပိုင်တနိုင်စိုက်ပျိုးထားကြရန်ဖြစ်ပါသည်။ ခေတ်ကာလမရွေး လိုက်နာကျင့်သုံး ဆောင်ရွက်သင့်သော လက်ဆင့်ကမ်းအဖိုးတန် စကားအမွေတစ်ခုပင်ဖြစ်ပါသည်။

ယနေ့ခေတ် ကာလလို ဓာတုဖျက် ပိုးသတ်ဆေး၊ ဓာတု ဓာတ်မြေသြဇာနှင့် ဗီဇပြုပြင်သီးနှံတို့၏ ဆိုးကျိုးများအား စိုးရိမ်လာနေရသောအချိန်တွင် အိမ်နေမိသားစုတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သင့်လှသောအရာဟု ဆိုကလည်း မှားအံ့ မထင်ပါ။ အမှန်တကယ်တွင် မိသားစုတိုင်း အိမ်နောက်ဖေး စျေးဆိုင် တစ်ခုတည်ရန် (ဝါ) ဟင်းခင်းပဒေသာ စိုက်ခင်းတစ်ခု ဖန်တီး အကောင်အထည်ဖော်ရန် ခက်ခဲလှသော ကိစ္စ မဟုတ်ပါ။ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်းမဟုတ်၍ စိုက်ပျိုးရေးအတတ်ပညာ အသိပညာလည်း များများ စားစား မလိုလှပါ။ ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်ရန်လည်း လိုမည် မဟုတ်ပါ။ မိသားစု တပိုင်တနိုင်လုပ်အားဖြင့် မိမိတို့အားလပ်ချိန်များတွင် ဆောင်ရွက်နိုင်သော ကိစ္စမျှသာဖြစ်ပေသည်။ အိမ်နောက်ဖေး စျေးဆိုင်တည်ခြင်းသည် မိမိ၏ အိမ်ဝန်းခြံမြေအတွင်း စိုက်ပျိုးရန် မြေအလွတ်မရှိလျှင်လည်း ထည့်စရာအိုးများဖြင့်သော်လည်းကောင်း၊ ပျဉ်ချပ်များဖြင့် ဘောင်များ ပြုလုပ်၍ သော်လည်းကောင်း ၎င်းတို့အတွင်း မြေငှားထည့်၍ အလွယ်တကူဆောင်ရွက်နိုင်ပါသည်။

ပိုးသတ်ဆေးကင်းသည့် လတ်ဆတ် စိတ်ချရသော ဟင်းသီးဟင်းရွက်များကို ယနေ့ခေတ်ကာလတွင် စျေးထဲမှ ဝယ်ယူရနိုင်ဖို့ အတော်နည်းသွားပေပြီ။ စျေးထဲမှ လတ်လတ်ဆတ်ဆတ်ဆိုသော ဟင်းသီးဟင်းရွက်များသည် ပို၍ ကြောက်ဖွယ်ပင်။ ၎င်းတို့သည် အပြင်ဘန်း လတ်ဆတ်နေသော်လည်း ၎င်းတို့စိုက်ပျိုးချိန်တွင် သုံးစွဲထားခဲ့သော ဓာတ်မြေသြဇာ၊ ဓာတုဖျက်ပိုးသတ်ဆေးများက စားသုံးသူများအတွက် ကန့်လန့်ကာ နောက်ကွယ်ကရှိနေသော အန္တရာယ်ရန်သူများပင်။

စာသင်ချိန် တစ်ခုတွင် မိမိ၏ ကျေးဇူးရှင် ဆရာကြီးတစ်ဦးဖြစ်သူ ဆရာကြီး ပါမောက္ခ ဦးလှအောင်က “တပည့်တို့ - ဟင်းချက်တဲ့အခါ ဟင်းသီးဟင်းရွက်တွေမှာ ပိုးကောင်များပါလို့/ပိုးထိုးထားတာတွေ့လို့ လွင့်မပစ်ကြနဲ့၊ စားတဲ့အခါ ပိုးပေါက်နေရာကို ဓားနဲ့အသာကွင်းပြီးဖယ်စား၊ အဲဒါ ပိုးသတ်ဆေးမဖျန်းတဲ့ အသီးအရွက်တွေ ပိုပြီး အန္တရာယ်ကင်းတယ်” ဟု ပြောခဲ့ဖူးပါသည်။ သို့သော် ခေတ်ကာလ ခြားနားသွားခဲ့ပါပြီ။

လွန်ခဲ့သောနှစ်အနည်းငယ်က မိမိနှင့် တောင်သူတစ်ဦး စျေးသို့ အသီးအရွက်တွေ သွားဝယ်သောအခါ မိမိက ပိုးပေါက်ပါတဲ့ ခရမ်းသီးများကို မိမိ ဆရာကြီးပြောသလို ပိုးသတ်ဆေးကင်းမှာပဲဟု ယူဆပြီး ရွေးဝယ်နေစဉ် မိမိတောင်သူက-

“ဟာ-ဆရာ၊ ဘာလို့ကောင်းတဲ့အသီးတွေမဝယ်ဘဲ ပိုးပေါက်ပါတဲ့ အသီးတွေ ရွေးနေရတာလဲ”

မိမိက “သြော်- ပိုးပေါက်ပါတော့ ပိုးသတ်ဆေး ဖျန်းမထားတဲ့ အခင်းက ဖြစ်မှာပေါ့ဗျ၊ ဒီတော့ စားတဲ့အခါ ပိုးသတ်ဆေး အန္တရာယ် ကင်းတာပေါ့”

ထိုအခါ မိမိတောင်သူက “ဆရာ- အဲဒါ ပိုးသတ်ဆေးမဖျန်းတာ မဟုတ်ဘူး၊ ဆေးဖျန်းလို့ မနိုင်တော့လို့ကို ပစ်ထားတဲ့အခင်းက ထွက်တဲ့ အသီးတွေ” ဟု ပြောပါသည်။

ထို့ကြောင့် လတ်ဆတ်၍ ပိုးပေါက်ပါသည် ဖြစ်စေ/ ပိုးပေါက် မပါသည် ဖြစ်စေ မိမိကိုယ်တိုင် စိုက်ပျိုးပြီး စားသောက်ရသော သီးနှံပင်လောက် ရောင်းချသော မည့်သည့် သီးနှံမှ ပိုးသတ်ဆေးအန္တရာယ်ရန်က စိတ်မချရတော့ပေ။ မိမိအိမ်၌ စိုက်သော သီးနှံသာလျှင် စားသုံးရန် စိတ်ချရဖွယ် ရှိတော့သည်။

သီးနှံများကို မိမိတို့ကိုယ်တိုင် တပိုင်တနိုင်စိုက်၍ လတ်လတ်ဆတ်ဆတ် စားသုံးရခြင်းနှင့် ပတ်သက်၍ အင်္ဂလိပ် ဆိုရိုးစကားတစ်ခုကိုလည်း မှတ်သားဖူး၏။

“Boil the pot before the corn is picked” ပြောင်းဖူးမချိုးခင် ရေနွေးအိုးဆူအောင်တည်ပါဟူ၏။

ဆိုလိုရင်းမှာ ရေနွေးအိုးဆူသောအခါမှပင် မိမိ အိမ်စိုက်ပြောင်းဖူးခင်းမှ အဆင့်သင့် လတ်လတ် ဆတ်ဆတ်ချိုး၍ ထည့်နိုင်ခြင်းပင်။ မိမိအိမ်ခြံဝန်းအတွင်း သီးနှံပင်များ စိုက်ပျိုးထားခြင်းသည် ၎င်းတို့အား ဝယ်ယူ စားသောက်စရိတ်လည်း သက်သာသွားနိုင်သည်။ ဥပမာ - မိမိအိမ်၌ ငရုတ်တစ်ပင် စိုက်ထားရုံဖြင့်ပင် တစ်လလျှင် အနည်းဆုံး မီးဖိုဆောင်စရိတ် တစ်ထောင်ကျပ်ခန့်တော့ သက်သာသွားနိုင်သည်။ ထို့အပြင် မိမိ မိသားစု စားသုံးမှုမှ ပိုလျှံသော အသီးအနှံများကို မိမိ မိတ်ဆွေ အပေါင်းအသင်းများအားလည်း ဝေငှပေးနိုင်သည်။

“ဒါတို့ခြံက ထွက်တဲ့ အသီးအနှံတွေလေ” ဟု ပြောရ/ကြွားရသည်မှာလည်း ဂုဏ်တင့်ဖွယ်ပင်ဖြစ်ပါသည်။  အကယ်၍ ရောင်းချလိုကလည်း  မိသားစုအတွက် အပိုဝင်ငွေပင် ရနိုင်သေး၏။ ထို့အပြင် မိမိအိမ်မှ အလွယ်တကူ ရနေသောကြောင့် ယခင်ကထက် အသီး အရွက်များကို ပိုမို စားသုံးလာနိုင်သော အကျိုးလည်းရပေသည်။ ဟင်းသီး ဟင်းရွက်များသည် မိသားစု ကျန်းမာရေးအတွက် အမှန်တကယ်လိုအပ်သော ပရိုတိန်း၊ ဗီတာမင်နှင့် သတ္တုဓာတ်တို့ကို ထောက်ပံ့ဖြည့်စွမ်းပေးရာ အရင်းအမြစ်များလည်းဖြစ်၍ နေပါသည်။

အိမ်နောက်ဖေး စိုက်ခင်း၌ မိသားစုများ အားလပ်ချိန်တွင် တပျော်တပါး အတူတကွ ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်ခြင်းဖြင့်လည်း မိသားစုဝင်များအတွင်း တစ်ဦးကို တစ်ဦး ရင်းနှီးစည်းလုံးချစ်ကြည်မှုပိုလာခြင်း အကျိုးကျေးဇူးများကိုသာမက စိတ်လက်အပန်းပြေခြင်းကိုပါ တစ်ပါတည်း ခံစားရနိုင်ပေသည်။ ထို့ပြင် အပင်များ စိုက်ပျိုးခြင်းအားဖြင့် ကိုယ်လက် လှုပ်ရှားမှု ပါ ပြုလုပ်ပြီးသားဖြစ်သောကြောင့် လေ့ကျင့်ခန်း အထူး ပြုလုပ်စရာမလိုဘဲ ကျန်းမာရေးအတွက်လည်း အထောက်အပံ့ဖြစ်စေပါသည်။

အိမ်နောက်ဖေး စျေးဆိုင်တည်ရင်း မိသားစုဝင် အချင်းချင်း တစ်ဦးကို တစ်ဦး စိတ်လွတ်ကိုယ်လွတ် စကားပြောခွင့်ရခြင်းသည် ယနေ့လို ဇိမ်ခံစရာများ များပြားလာသော ကာလမျိုးတွင် အဖိုး မဖြတ်နိုင်သော မိသားစု ကမ္ဘာလေးလည်း ဖြစ်နိုင်ပေသည်။

အိမ်နောက်ဖေး စျေးဆိုင်တည်ခြင်းမှ အဖိုးမဖြတ်နိုင်သော အကြီးမားဆုံးရလဒ်မှာ မိမိစိုက်ပျိုးထားသော အသီးအပင်များအပေါ် ဂုဏ်ယူ၍ စိတ်ကျေနပ်မှုရခြင်းနှင့် မိမိကိုယ်တိုင် စိုက်ပျိုးထားသောသီးနှံကို လတ်လတ်ဆတ်ဆတ် ခူးဆွတ်စားသုံးရခြင်းသည် မည်သည့်အရာနှင့် မတူသော ပီတိ တို့ပင်ဖြစ်ပါသည်။

ထိုသို့ကောင်းခြင်းများဖြင့် ပြည့်စုံနေသော အိမ်နောက်ဖေး စျေးဆိုင်တည်ခြင်းကို ဆင်းရဲချမ်းသားမရွေး မိသားစုတိုင်း ပြုမှုဆောင်ရွက်မည်ဆိုက အလွယ်တကူပင် လုပ်ဆောင်၍ ရပါသည်။ မိမိဝန်းခြံမြေကျယ်လျှင် သီးနှံပင်မျိုးစုံကို တစ်နှစ်ပတ်လုံး သူ့ရာသီအလိုက် ထွက်ရှိအောင် စိုက်ပျိုးထားနိုင်ပါသည်။ ရေနှင့် မြေနေရာရမည်ဆိုလျှင် လတ်ဆတ်သော အသီးအရွက်များကို တစ်နှစ်ပတ်လုံး စားသုံးနိုင်မည် ဖြစ်ပါသည်။

အိမ်နောက်ဖေး စျေးဆိုင်တည်ခြင်းကို အဆင်ပြေသလို အကောင်ထည်ဖော်ဆောင်ရွက်နိုင်သော်လည်း စနစ်တကျပုံစံချ၍ အကောင်အထည်ဖော်မည်ဆိုပါက မြေနေရာ ကျဉ်းကျဉ်းမှာပင် သူ့ရာသီအလိုက် အလှည့်ကျပုံစံချ၍ စိုက်ပျိုးသွားလို့ ရပါသည်။ တချို့ဟင်းသီးဟင်းရွက်ပင်များက စိုက်ပြီး တစ်လခန့်နေလျှင်ပင် ခူးဆွတ် စားသုံးနိုင်ပါသည် (ဥပမာ- ကန်စွန်းရွက်၊ ဟင်းနုနွယ်ရွက်)။ တချို့ ဟင်းသီးဟင်းရွက်ပင်များက တစ်ကြိမ် စိုက်ထားရုံဖြင့် နှစ်ရှည်လများ ခူးဆွတ်စားသုံးနိုင်၏ (ဥပမာ - ဒန့်သလွန်၊ ဆူးပုတ်၊ ကင်းပွန်ချဉ်)။ ရာသီပေါ် ဟင်းသီးဟင်းရွက်များကို ရက်ခြား ပျိုးထောင်၍ ဖြစ်စေ၊ တိုက်ရိုက်အစေ့ချ၍ ဖြစ်စေ စိုက်ပျိုးခြင်းဖြင့် သီးနှံတစ်မျိုးတုံးသောအခါ တစ်မျိုးမှာ ပေါ်နေပြီဖြစ်သည်။ သီးနှံပင် စုံအောင် စိုက်ထားနိုင်လေ ကောင်းလေပင်ဖြစ်သည်။

အိမ်နောက်ဖေး စျေးဆိုင်တစ်ခု မတည်မီ စိုက်မည့် သီးနှံပင်များကို မိသားစု တစ်ဦးချင်းစီ၏ ကြိုက်နှစ်သက်မှု၊ ရေမြေရာသီဥတု၊ အခြား သီးနှံပင်များနှင့် ရော၍ စိုက်ပျိုးနိုင်မှုတို့ကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ မိမိ အိမ်နောက်ဖေး စျေးဆိုင်တည်မည့်မြေသည် လောင်းရိပ်မမိသောနေရာ၊ မြေစေးပြီး ကျောက်စရစ်ခဲ များသောနေရာမဟုတ်လျှင် ရပါပြီ။ ရေစီးရေလာကောင်းပြီး ရေသွင်းရေထုတ်လွယ်ကူသောနေရာဖြစ်လျှင် ပို၍ ကောင်းပါသည်။ မြေမကောင်းလျှင်၊ စိုက်ပျိုးရန် မြေနေရာမရှိလျှင်လည်း မြေငှားထည့်၍ စိုက်ပျိုးနိုင်ပါသည်။

မိမိ ရွေးချယ်ပြီးနေရာတွင် ပုံစံထုတ်၍ မြေများ၊ စိုက်ဘောင်များ၊ စင်များ (ဘူး၊ ဖရုံ၊ သခွားကဲ့သို့သော နွယ်တက်ပင်များ အတွက်) ကို ပြင်ဆင်ရပါမည်။ ဥပမာ - ရွေးချယ်ထားသော မြေနေရာအား စိုက်ဘောင် ၄ ဘောင်ဖော်မည်ဆိုပါစို့။ စိုက်ဘောင်၏ အကျယ်ကို ၃ ပေထားကာ အရှည်ကို နေရာပေါ်မူတည်ပြီး အဆင်ပြေသလိုထားနိုင်ပါသည်။ စိုက်ဘောင် တစ်ဘောင်နှင့် တစ်ဘောင်ကြားတွင် အပင်အား စိုက်ပျိုးပြုစုမှု လွယ်ကူစေရန် လူသွားလမ်း ၁ ပေခန့် အကွာအဝေးထားကာ ပြင်ဆင်သင့်ပါသည်။  ၎င်းစိုက်ဘောင်များအား မြေဆွပေါင်းရှင်းပြီး နွားချေး၊ မြေဆွေးတို့ထည့်ကာ သီးနှံမစိုက်မီ ၁ လခန့်နှပ်ထားရပါမည်။ စိုက်ဘောင်သည် မိုးရာသီတွင် မြင့်မြင့်ပြင်သင့်ပြီး ဆောင်းနှင့်နွေတို့တွင် စိုက်ဘောင်ကို ချိုင့်၍ဖြစ်စေ/ ပြင်ညီဖြစ်စေ ပြင်နိုင်ပါသည်။ ထို့နောက် အပင်အမျိုးအစားပေါ်မူတည်ပြီး တိုက်ရိုက်အစေ့ချ၍ ဖြစ်စေ၊ ပျိုးထောင်၍ ဖြစ်စေ၊ အပင်၏ အစိတ်အပိုင်းများမှ ပင်ပိုင်းဆိုင်ရာနည်းအတိုင်း မျိုးပွားရယူ၍ ဖြစ်စေ (ဥပမာ - ကိုင်းဖြတ်ထိုးခြင်း) စိုက်ပျိုးနိုင်ပါသည်။ အပင်များ စိုက်ပျိုးပြီးသောအခါ ၎င်းတို့အား ရေလောင်း၊ ပေါင်းသင်၊ မြေဆွ၊ ဖျက်ပိုးများတွေ့က ကောက်ယူ ဖယ်ရှားပစ်ခြင်းတို့ကို အဆင်ပြေသလို ဆောင်ရွက်နိုင်ပါသည်။ နွယ်တက် အပင်များဖြစ်က စင်တင်ပေးရန်၊ တိုင်ထောင်ပေးရန် လိုအပ်ပါသည်။

အိမ်နောက်ဖေး စျေးဆိုင်တည်ရာတွင် နှစ်ရှည်အဖြစ် စိုက်ပျိုးထားသင့်သော ဟင်းသီးဟင်းရွက်များမှာ - မန်ကျည်း၊ ကင်ပွန်းချဉ်၊ ဆူးပုတ်၊ ဒန့်သလွန်၊ ပြည်ပန်းညို စသည်တို့ဖြစ်ပြီး

ရာသီအလိုက် စိုက်ပျိုးသင့်သော ဟင်းသီးဟင်းရွက်သီးနှံများမှာ ဟင်းနုနွယ်၊ ရုံးပတီ၊ ချဉ်ပေါင်၊ ဗူး၊ ဖရုံ၊ သခွား၊ ခဝဲ၊ ကင်းပုံ၊ ကျောက်ဖရုံ၊ ခရမ်း၊ ခရမ်းချဉ်၊ ကြက်သွန်၊ ငရုတ်၊ ကိုင်းလန်၊ ဆလပ်၊ မုံညှင်းမုံလာ၊ ပန်းမုန်လာ၊ ဂေါ်ဖီ၊ ပဲများ စသည်တို့ဖြစ်ပါသည်။

ရာသီအလိုက်စိုက်ပျိုးမည့် သီးနှံပင်များကို စာရင်းပြုစုထားနိုင်လျှင် ပိုကောင်းပါသည်။ မျိုးရင်းတူ အသီးအရွက်အပင်များအား မြေတနေရာတည်းတွင် (၂) နှစ် ဆက်တိုက် မစိုက်သင့်ပေ (ဥပမာ - ခရမ်း၊ ခရမ်းချဉ်၊ ငရုတ်/ ဗူး၊ ဖရုံ၊ သခွား/ ပဲများ စသည်)။

မိတ်ဆွေ - စိတ်ကူး ပုံဖော်ကြည့်ပါ..............

ရာသီအလိုက် သီးနှံအစုံဖြင့် ဝေဝေဆာဆာရှိနေသော အိမ်နောက်ဖေး စျေးဆိုင်ကြီးတစ်ခုအား ပိုင်ဆိုင်ထားသော မိသားစုတစ်စုသည် အဘယ်မျှသော ကြည်နူးပီတိများဖြင့် ပြည့်လျှမ်းနေမည်မှာ ဆိုဖွယ်ရှိမည် မထင်ပါ။ ထို့ကြောင့် “စိုက်၍ စားပါ အရသာ တူတာမရွိ ျမတ္ပီတိ” ဖြစ်မှာ သေချာသော အိမ်နောက်ဖေး စျေးဆိုင်တည်ခြင်းအမူကို မိသားစုတိုင်း ယခုပင်လျှင် ပြုကြပါစို့ ……..။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

(ကျနော် လွန်ခဲ့သော ၄-၅ နှစ်ခန့်က ရေးခဲ့တဲ့ ဆောင်းပါးလိုလို၊ အက်ဆေးလိုလို စာမူလေးတစ်ခုပါ။ ဒို့ကျေးရွာဂျာနယ်မှာ ဖော်ပြခံရပြီးပြီလို့ ထင်ပါတယ်။)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်