ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာနေပြီး ရန်ကုန်နှင့် နယ်ပါ အရောင်းအဝယ် သွက်နေကြောင်း ကုန်သည်များနှင့် ပွဲရုံများထံမှ သိရသည်။
လက်ရှိတွင် ကြက်သွန်နီကို ပြည်ပက ဝယ်လိုအားကောင်းနေသည့်အတွက် ဇွန်လအတွင်း၌ လက်ကားဈေး တစ်ပိဿာလျှင် နယ်ဈေးကွက်၌ ကျပ် ၁,၅၀၀ မှ ကျပ် ၁,၈၀၀ အတွင်း မြင့်တက်လာပြီး ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် ကျပ် ၁,၂၀၀ ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။
ဇူလိုင် ၁ ရက်နေ့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်ကားအစီးရေ ၁၀ စီးသာ ဝင်ရောက်မှုရှိပြီး ဆိပ်ဖြူကြက်သွန်မှာ ကျပ် ၃,၀၀၀ မှ ကျပ် ၄,၁၅၀၊ မုံရွာကြက်သွန်မှာ ကျပ် ၃,၀၀၀ မှ ကျပ် ၄,၁၀၀၊ ပခုက္ကူကြက်သွန်မှာ ကျပ် ၃,၂၀၀ မှ ကျပ် ၄,၂၀၀ ဈေးတန်းဖွင့်ထားသည်။ဇွန်လ ပထမပတ် ၂ ရက်နေ့က ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဆိပ်ဖြူကြက်သွန်မှာ ကျပ် ၁,၈၀၀ မှ ကျပ် ၂,၈၀၀ နှင့် မုံရွာကြက်သွန်မှာ ကျပ် ၂,၀၀၀ မှ ကျပ် ၃,၀၀၀ ဈေးသာ ရှိခဲ့သည်။
"ရန်ကုန်မှာက လက်ကား အရောင်းအဝယ်သွက်ပြီး လက်လီတော့ နည်းနည်းအေးပါတယ်။ ဒါပေမဲ့ ဈေးဆက်တက်မှာပါ။ တောင်သူတွေလည်း ခုလိုပြည်ပအဝယ်ရှိနေတုန်းမှာ ချိန်ဆပြီး ရောင်းထားသင့်တယ်လို့ မြင်ပါတယ်" ဟု ရန်ကုန်ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။
ဇွန်လဆန်းကစတင်ကာ မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ကြက်သွန်နီတင်ပို့မှု ရှိလာပြီး ထိုင်းနိုင်ငံ ကလည်း ဝယ်လိုအားကောင်းနေခြင်းကြောင့် ပြည်တွင်းကြက်သွန်ဈေးနှုန်းများ ဆက်တိုက်မြင့် တက်လာခြင်း ဖြစ်သည်။
လက်ရှိတွင် နယ်ကုန်စည်ဒိုင်များဖြစ်သည့် မြင်းခြံ၊ ပခုက္ကူဘက်တွင်လည်း ကြက်သွန်နီက အဝယ် လိုက်နေပြီး ရန်ကုန်ဈေးတန်းနှင့် နယ်ဈေး မကွာခြားသည့် အခြေအနေကြောင့် ရန်ကုန်သို့ ကြက်သွန်နီ တင်ပို့မှုနည်းနေသည်ဟု သိရသည်။
"လာတာက တောင်ဘက်လက် အစလေးတွေမို့ အရွယ်အစားနဲ့ အနေအထားအလိုက် ဈေးနှုန်းအသီးသီး ပြတ်တယ်။ ဗလုံ၊ ကန်ဆင့် အစတွေလာရင်တော့ ၄,၁၀၀ / ၄,၂၀၀ ရောင်းရတယ်။ ပစ္စည်းအရည်အသွေးပေါ်မှာ အခြေခံပြီး ဈေးနှုန်းကွာဟမှု ရှိပါတယ်။ ပြည်ပပို့ကုန် (Export) မှီတဲ့ ကြက်သွန်က ဈေးအမြင့်ဆုံး ရပါတယ်" ဟု မြင်းခြံမြို့မှ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။

မြင်းခြံကုန်စည်ဒိုင်တွင် ဇူလိုင် ၁ ရက်နေ့ ဖြစ်ပေါ်သည့် ဈေးနှုန်းများမှာ ကြက်သွန်အမျိုးအစားအလိုက် ကျပ် ၃,၃၀၀ မှ ကျပ် ၄,၂၀၀ အထိ ဈေးပေါက်ပြီး ပခုက္ကူကုန်စည်ဒိုင်တွင်မူ ကျပ် ၂,၀၀၀ မှ ကျပ် ၄,၀၀၀ အတွင်း ဈေးပေါက်နေကြောင်း သိရသည်။
ဇွန် ၂ ရက်နေ့က မြင်းခြံကုန်စည်ဒိုင်၌ ကျပ် ၁,၅၀၀ မှ ကျပ် ၂,၆၀၀ သာရှိခဲ့ပြီး ပခုက္ကူကုန်စည်ဒိုင်တွင် ကျပ် ၁,၀၀၀ မှ ကျပ် ၂,၃၀၀ အတွင်းသာ ရှိခဲ့သည်ဟု သိရသည်။လက်ရှိ မြင်းခြံကုန်စည်ဒိုင်နှင့် ပခုက္ကူကုန်စည်ဒိုင်များတွင် ဝင်လာသမျှ ကြက်သွန်အားလုံး အရောင်းအဝယ်သွက်ပြီး ပစ္စည်းပြတ် လုနီးပါး ဖြစ်နေကြောင်း သိရသည်။
ကြက်သွန်နီဈေးကွက် ဆက်တိုက်မြင့်တက်လာသောကြောင့် တောင်သူများကလည်း သိုလှောင်ထားသည့် ကြက်သွန်များကို ထုတ်ယူရောင်းချတာမျိုး ရှိလာသလို အချို့ကလည်း ဈေးထပ်တက်နိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့် ဈေးကွက်ကို ဆက်လက်စောင့်ကြည့်နေကြသည်ဟု သိရသည်။
ပြင်ပလက်လီဈေးကွက်တွင်မူ ကြက်သွန်နီ အလုံးသေးတစ်ပိဿာကိုပင် ကျပ် ၃,၅၀၀ အထိ ဈေးရှိလာပြီး အချောအသန့်များမှာမူ ကျပ် ၅,၀၀၀ ကျော်အထိ ရှိလာကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။