ကန္တာရနှံကောင်နှင့်ပတ်သက်၍ မကြာခဏမေးလေ့ရှိသော မေးခွန်းများ (၁)

02/07/2020 17:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကန္တာရနှံကောင်နဲ့ ပတ်သက်ပြီး အမေးများနေတဲ့ မေးခွန်းနဲ့ အဖြေတွေကို အပိုင်းနှစ်ပိုင်းခွဲပြီး ဖော်ပြပေးသွားမှာပါ။ တောင်သူကြီးများလည်း စိတ်ဝင်စားမယ့် သိချင်နေကြမယ့် မေးခွန်းတွေဖြစ်မှာပါ။ ဆက်ဖတ်ကြည့်ပေးပါဦးနော်။

မေး ၁ − ကန္တာရနှံကောင်နဲ့ တွေ့နေကျနှံကောင်တို့က ဘာတွေကွာခြားကြတာလဲ။ 

ဖြေ ၁ − ကန္တာရနှံကောင်တွေဟာ ခုန်ဖို့အတွက် ကြီးမားတဲ့နောက်ခြေထောက်တွေရှိတဲ့ နှံကောင်လို့ အများအားဖြင့်ခေါ်တဲ့ ကြီးမားတဲ့အုပ်စုထဲက အင်းဆက်တစ်ကောင်ဖြစ်ပါတယ်။ ကန္တာရနှံကောင်တွေဟာ အခရီဒီဒေး (Acrididae) လို့ခေါ်တဲ့မျိုးရင်းမှာ ပါဝင်ပါတယ်။  ကန္တာရနှံကောင်နဲ့ တွေ့နေကျနှံကောင်တွေရဲ့ ကွာခြားချက်ကတော့  ကန္တာရနှံကောင်တွေဟာ ၄င်းတို့ရဲ့ အပြုအမူနဲ့ အမူအကျင့်တွေကို ပြောင်းလဲနိုင်စွမ်းရှိကြပြီး ခရီးအဝေးကြီးအထိ ကျူးကျော်ဝင်ရောက်နိုင်ကြပါတယ်။

မေး ၂ − ကန္တာရနှံကောင်ဆိုတာဘာလဲ။  

ဖြေ ၂ − ကန္တာရနှံကောင်ဟာ ၄င်းတို့ရဲ့ အပြုအမူကို ပြောင်းလဲနိုင်စွမ်းရှိပြီး အရွယ်ရောက်ကောင်တွေနဲ့ တောင်ပံမဲ့အကောင်ငယ်တို့ အုပ်စုလိုက်ပျံသန်းနိုင်တဲ့ ဦးမင်တိုနှံကောင် မျိုးစိတ် တစ်ဒါဇင်ခန့်ထဲက တစ်ခုဖြစ်ပါတယ်။ အရွယ်ရောက်ကောင်တွေ အုပ်စုလိုက် ပျံသန်းတဲ့ပုံစံဟာ သိပ်သည်းထူထပ်ပြီး ရွေ့လျားမှုမြန်ဆန်ပါတယ်။ ကန္တာရနှံကောင်ရဲ့ သိပ္ပံနံမည်ကတော့ Schistocerca gregaria (Forskal) ဖြစ်ပါတယ်။

မေး ၃ − ကန္တာရနှံကောင်ကြောင့် ထိခိုက်ခံရတဲ့ နိုင်ငံတွေက ဘယ်နိုင်ငံတွေလဲ။? 

ဖြေ ၃ − ကန္တာရနှံကောင်တက်ကြွမှု ငြိမ်သက်တဲ့ကာလအတွင်းက ကန္တာရနှံကောင်တွေကို အာဖရိကတိုက်ရဲ့ သမခြောက်သွေ့ပိုင်းနဲ့ ကန္တာရ၊ အရှေ့ဖျားဒေသနဲ့ နှစ်စဉ် မိုးရေချိန် (၂၀၀) မီလီမီတာရရှိတဲ့ အနောက်တောင်အာရှတွေမှာပဲ အများအားဖြင့် တွေ့ရပါတယ်။ ဒီဧရိယာဟာ နိုင်ငံပေါင်း (၃၀) ခန့်ပါဝင်ပြီး စတုရန်းကီလိုမီတာ (၁၆) သန်းခန့် ရှိပါတယ်။

ကပ်ဆိုက်တဲ့ကာလအတွင်းမှာ ကန္တာရနှံကောင်တွေဟာ နိုင်ငံပေါင်း (၆၀) အထိ တိုးသွားပြီး စတုရန်းမီတာ (၂၉) သန်းရှိတဲ့ ကျယ်ပြန့်တဲ့ ဧရိယာအထိ ပျံ့နှံသွားပါတယ်။ ဒါဟာ ကမ္ဘာ့မြေမျက်နှာပြင်ရဲ့  ၂၀% ထက်ပိုပါတယ်။ ကပ်ဆိုက်တဲ့ကာလအတွင်း ကန္တာရနှံကောင်ဟာ ကမ္ဘာ့လူဦးရေ ဆယ်ပုံတစ်ပုံရဲ့ စားဝတ်နေရေးကို ထိခိုက်ဖို့ အလားအလာရှိပါတယ်။

မေး ၄ − ကန္တာရနှံကောင်တွေကို ကာလအပိုင်းအခြားပုံမှန်နဲ့ တွေ့ရတာလား။ 

ဖြေ ၄ − ကန္တာရနှံကောင်ကပ်ကာလကို သီးသန့်သတ်မှတ်ထားတဲ့ ဘယ်နှနှစ်မှာ တွေ့ရတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဒါပေမဲ့ ကန္တာရနှံကောင်ကပ်ကာလဟာ ပြတ်တောင်းပြတ်တောင်းနဲ့ ဖွံ့ဖြိုးလာကြပါတယ်။ နှံကောင်ကပ်ကာလဟာ ရှေးအီဂျစ် ဖာရိုဘုရင်ခေတ်ကတည်းကရှိတယ်လို့ အစီရင်ခံစာတွေမှာ တွေ့ရပါတယ်။ ဒီရာစုနှစ်အတွင်းမှာ ကန္တာရနှံကောင်ကပ်ကာလတွေကို ၁၉၂၆ နဲ့ ၁၉၃၄ ခုနှစ်အတွင်း၊ ၁၉၄၀ ခုနှစ်နဲ့ ၁၉၄၈ ခုနှစ်အတွင်း၊ ၁၉၄၉ ခုနှစ်နဲ့ ၁၉၆၃ ခုနှစ်အတွင်း၊ ၁၉၆၇ ခုနှစ်နဲ့ ၁၉၆၉ ခုနှစ်အတွင်း၊ ၁၉၈၆ ခုနှစ်နဲ့ ၁၉၈၉ ခုနှစ်အတွင်းတို့မှာ တွေ့ရှိခဲ့ရပါတယ်။

မေး ၅ − ကန္တာရနှံကောင်ဟာ သက်တမ်းဘယ်လောက်ရှိလဲ။ 

ဖြေ ၅ − ကန္တာရနှံကောင်ရဲ့ သက်တမ်းဟာ အလွန်ကွားခြားနိုင်ပြီး ရာသီဥတုနဲ့ ဂေဟဆိုင်ရာ အခြေအနေတွေအပေါ်မူတည်ပေမဲ့ ၄င်းရဲ့သက်တမ်းဟာ စုစုပေါင်း (၃) လ ကနေ (၅) လ အထိ ရှိပါတယ်။ ၄င်းရဲ့ ဘဝစက်ဝန်းမှာ ဥဘဝ၊ အကောင်ငယ်ဘဝနဲ့ အကောင်ကြီးဘဝဆိုပြီး အဆင့် (၃) ဆင့်ရှိပါတယ်။ ဥကနေ သီတင်းပတ် (၂) ပတ်ခန့် (၁၀ − ၆၅ ရက်) မှာ အကောင်ပေါက်ပါတယ်။ အကောင်ငယ်ဘဝမှာ ရက် ၃၀ − ၄၀ လောက်ရှိပြီး အဆင့် (၅) ဆင့် ကနေ (၆) ဆင့်အထိရှိပြီး အကောင်ကြီးဘဝမှာ ၃ ပတ်ကနေ (၉) လရှိပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ အကောင်ကြီး ဘဝဟာ (၂) လက နေ (၄) လရှိပါတယ်။

မေး ၆ − ကန္တာနှံကောင်အမဟာ ဥဘယ်နှဥ အုသလဲ။ 

ဖြေ ၆ − ကန္တာရနှံကောင်အမတွေဟာ အဓိကအားဖြင့် မြေမျက်နှာပြင် ၁၀ − ၁၅ စင်တီမီတာ အနက်ရှိ သဲဆန်တဲ့မြေမှာ ဥအိမ်နဲ့အုပါတယ်။ အထီးတည်းနေတဲ့ နှံကောင်အမကတော့ ဥအိမ်ထဲမှာ ၉၅ − ၁၅၈ ဥအုပြီး အုပ်စုလိုက်နေတဲ့ နှံကောင်မျိုးကတော့ ဥ (၈၀) အောက်သာ အုပါတယ်။ အမတွေဟာ ၆ − ၁၁ ရက်ခြားဖြင့် ၄င်းတို့ရဲ့ သက်တမ်းတစ်လျှောက် အနည်းဆုံး (၃) ကြိမ်ဥအုပါတယ်။ တစ်စတုရန်းမီတာမှာ ဥအိမ် (၁,၀၀၀) အထိ တွေ့ရပါတယ်။

မေး ၇ − ကန္တာရနှံကောင်တွေဟာ ဘယ်လောက်ဝေးဝေးနဲ့ ဘယ်လောက်မြန်မြန် ကျူးကျော်ဝင်ရောက်နိုင်သလဲ။ 

ဖြေ ၇ − ကန္တာရနှံကောင်တွေဟာ လေအပေါ်မူတည်ပြီး လေနဲ့အတူ တစ်နာရီကို ၁၆ ကီလိုမီတာကနေ (၁၉) ကီလိုမီတာနှုန်းအထိနဲ့ ပျံသန်းလေ့ရှိပါတယ်။ အုပ်စုလိုက်ပျံသန်းတဲ့ အကောင်ကြီးတွေဟာ တစ်ရက်ကို (၅) ကီလိုမီတာကနေ (၁၃၀) ကီလိုမီတာခန့်အထိ ပျံသန်းနိုင်ကြပါတယ်။ ဒီနှံကောင်တွေဟာ လေထဲမှာ အချိန်အကြာကြီး နေနိုင်ကြပါတယ်။ ဥပမာအနေနဲ့ ဒီနှံကောင်တွေဟာ အကွာအဝေး (၃၀၀) ကီလိုမီတာရှိတဲ့ ပင်လယ်နီကို ပုံမှန် ဖြတ်သန်းကြပါတယ်။ ဟိုးအရင်ကတော့ ဒီနှံကောင်ကြီးတွေ အုပ်စုလိုက် ခရီးအဝေးကြီး ပျံသန်းနေတာကို မျက်စိပသာဒဖြစ်ဖွယ်တွေ့ခဲ့ပါတယ်။ ဥပမာအနေနဲ့ ၁၉၅၄ ခုနှစ်က အနောက်မြောက် အာဖရိကကနေ ဗြိတိသျှကျွန်းငယ်များအထိနဲ့ ၁၉၈၈ ခုနှစ်က အကွာအဝေး ကီလိုမီတာ (၅,၀၀၀) ရှိတဲ့ အနောက်အာဖရိကကနေ ကာရစ်ဘီယန်အထိ (၁၀) ရက်တည်းနဲ့ အုပ်စုလိုက် ပျံသန်းကြပါတယ်။ အထီးတည်းနေတဲ့ ကန္တာရနှံကောင်တွေဟာ အများအားဖြင့် ညဖက်မှာ ပျံသန်းကြပြီး အုပ်စုလိုက်နေတဲ့ နှံကောင်တွေကတော့ နေ့ခင်းဖက်မှာ ပျံသန်း ကြပါတယ်။ 

မေး ၈ − အုပ်စုလိုက်ပျံသန်းနေတဲ့ နှံကောင်အုပ်ဟာ ဘယ်လောက်ကြီးပြီး အုပ်စုတစ်ခုမှာ ကန္တာရနှံကောင် ဘယ်နှကောင်ပါသလဲ။ 

ဖြေ ၈ − အုပ်စုလိုက်ပျံတဲ့ ကန္တာရနှံကောင်ကြီးတွေရဲ့ အရွယ်အစားဟာ တစ်စတုရန်းကီလိုမီတာကနေ ကီလိုမီတာပေါင်း ရာချီပြီးရှိပါတယ်။ အုပ်စုလိုက်ပျံတဲ့ နှံကောင်ကြီးအရေအတွက်ဟာ တစ်စတုရန်းမီတာမှာ အနည်းဆုံး အကောင်ရေ သန်း (၄၀) ရှိနိုင်ပါတယ်။

မေး ၉ − ကန္တာရနှံကောင်အပြင်ဖက်အရေခွံမှာ အမျှင်ဘယ်နှရာခိုင်နှုန်းပါသလဲ။ 

ဖြေ ၉ − အမျှင်ဟာ ကန္တာရနှံကောင်အရေခွံရဲ့ အရေးအကြီးဆုံး ပါဝင်ပစ္စည်းဖြစ်ပါတယ်။ အမျှင်ထုတ်လုပ်ခြင်းဟာ ဆက်တိုက်ဖြစ်တဲ့ ဖြစ်စဉ်ဖြစ်ကာ ကန္တာရနှံကောင်သက်တမ်းတစ်လျှောက် အကောင်ငယ်အဆင့်မှာ ၁.၇% ကနေ ၂.၂%၊ (၂) လသားအရွယ် အရွယ်ရောက်နှံကောင်မှာ ၄% ပါဝင် ပါတယ်။

မေး ၁၀ − ကန္တာရနှံကောင်ဟာ အစာဘယ်လောက်များများစားနိုင်လဲ။ 

ဖြေ ၁၀ − ကန္တာရနှံကောင်တစ်ကောင်ဟာ အကြမ်းအားဖြင့် တစ်ရက်ကို သူ့ကိုယ်ခန္ဓာရဲ့ လတ်ဆတ်တဲ့ အလေးချိန်ရှိတဲ့ (၂) ဂရမ်လောက် စားနိုင်ပါတယ်။ အုပ်စုလိုက်ပျံသန်းတဲ့ နှံကောင်အုပ် တစ်စတုရန်းမီတာမှာ နှံကောင်သန်း (၄၀) လောက်ပါပြီး ၄င်းတို့ဟာ လူဦးရေ (၃၅,၀၀၀) ခန့် စားနိုင်တဲ့ အစာပမာဏကို စားကြပါတယ်။ ဒါဟာ အမေရိကန်စိုက်ပျိုးရေးဦးစီးဌာနရဲ့ အဆိုအရ လူတစ်ယောက် တစ်ရက်ကိုစားတဲ့ ပျမ်းမျှအစာအလေးချိန်အပေါ်အခြေခံပါတယ်။ 

ပဲရစ်မြို့လောက်ရှိတဲ့ နှံကောင်အုပ်ဟာ ပြင်သစ်လူဦးရေတစ်ဝက်လောက်ရဲ့ တစ်ရက်စာ အစာပမာဏကို စားနိုင်ပါတယ်။

မေး ၁၁ − ကန္တာရနှံကောင်နဲ့ ဂေဟဗေဒအကြား ဆက်နွယ်မှုက ဘာလဲ။ 

ဖြေ ၁၁ − မျိုးပွားဖို့အတွက် အခြေအနေပေးပါက ကန္တာရနှံကောင်ဦးရေဟာ တိုးလာပြီး အခြေအနေမပေးပါက သဘာဝအားဖြင့် သေတာနဲ့ပဲဖြစ်ဖြစ်၊ ကျူးကျော်ဝင်ရောက်ခြင်းအားဖြင့် အကောင်ဦးရေ လျော့နည်းသွားပါတယ်။ ကန္တာရနှံကောင်အတွက် သားပေါက်ဖို့ အခြေအနေပေးတဲ့ အခြေအနေတွေ ကတော့ (၁) မြေမျက်နှာပြင်အောက် ၁၀ − ၁၅ စင်တီမီတာရှိတဲ့ စိုစွတ်တဲ့ သဲဆန်မြေ သို့မဟုတ် မြေစေး၊ (၂) ဥအုဖို့အတွက် ဧရိယာအလွတ်များနဲ့ (၃) နှံကောင်ငယ်ဖွံ့ဖြိုးကြီးထွားဖို့အတွက် အစိမ်းရောင်အပင်များတို့ ဖြစ်ကြပါတယ်။ တစ်ခါတစ်ရံမှာ သဲကန္တာရထဲမှာ အခြေအနေပေးတဲ့ အခြေအနေတွေရှိပေမဲ့ ကန္တာရနှံကောင်တွေ ရှိမနေကြပါဘူး။ ဒါ့ကြောင့် စိုစွတ်တဲ့ မြေကြီးနဲ့ အစိမ်းရောင် အပင်တွေရှိတာဟာ အဲဒီဝန်းကျင်မှာ အလိုအလျောက် ကန္တာရနှံကောင်တွေ ရှိနေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။

ကိုးကားချက်။ http://www.fao.org/ag/locusts/en/info/info/faq/index.html

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန် 

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်