စပါး-ငါးစိုက်ခင်းမှ အကျိုးအမြတ်ရရှိမှု ကျိုင်းတုံစမ်းသပ်စိုက်ခင်းတွင် အောင်မြင်စွာဆောင်ရွက်ခြင်း

13/05/2021 11:30 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

    MYSAP စီမံကိန်း၏ အကူအညီဖြင့် ၂၀၁၉ ဒီဇင်ဘာလတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုက်ဆီလီခွန်ကျေးရွာတွင် ဦးစိုင်းဆမ်တစ်၏ ပတ်လည်တွင် ရေမြောင်းပါရှိသည့်စပါးခင်းတွင် ငါးရောနှောမွေးမြူနိုင်ရန် မြေတူးစက်ငှာရမ်းပြီးပြုပြင်တူးဖော်ခဲ့ပါသည်။ စပါးစိုက်ခင်း ဝ.၆ ဟက်တာ (၁.၅ ဧက) တွင် ဝ.၃၁ ဟက်တာ (ဝ.၇၇ ဧက) ၌ ငါးမွေးပြီး ဝ.၂၉ ဟက်တာ (ဝ.၇၃ ဧက) ၌ စပါးစိုက်ပျိုးခဲ့ပါသည်။ စိုက်ကွက်ပုံစံကို အောက်တွင်ဖော်ပြထားပါသည်။ 

    MYSAP စီမံကိန်းအနေဖြင့် စပါး-ငါးစိုက်ခင်းတွင် ပုံမှန်အားဖြင့် ငါးမွေးရန်ရေပြင်ကို စိုက်ခင်း၏ ၅-၁၀% သာလျှင် အသုံးပြုရန် အကြံပြုထားသော်လည်း နှစ်များစွာကဆောင်ရွက်လာသည့် ဦးစိုင်းဆမ်တစ်၏ စပါးခင်းကို ပြန်လည်ပြုပြင်ရာတွင် ငါးမွေးရန်ရေနက်မြောင်း ဧရိယာ ၅၁.၃% နှင့် စပါးစိုက် ဧရိယာ ၄၈.၇% ကိုသာလျှင် ခွဲခြားနိုင်ခဲ့ပါသည်။

    စိုက်ပျိုးရက် ၁၂၀ တွင် ရိတ်သိမ်းနိုင်သည့် SR456 ရွှေပြည်အေးစပါးကို နွေရာသီတွင် ရေသွင်းစိုက်ပျိုးပါသည်။ ၂၀၂၀ ဖေဖော်ဝါရီ ၁၈ တွင် (၂.၅-၃.၅) စင်တီမီတာအရွယ် မျိုးမြှင့်တီးလားပီးယား GIFT သားပေါက် ၈၃၀ နှင့် ရွှေဝါငါးကြင်း (၁၀.ဝ-၁၄.ဝ) စင်တီမီတာရှိ ငါးသန်ကြီး ၈၀ ကို စပါး-ငါးစိုက်ခင်းတွင် မွေးမြူရန် MYSAP မှ ပံ့ပိုးခဲ့ပါသည်။ ဆက်လက်၍ မတ်လ ၆ ရက်တွင် GIFT သားပေါက် ၁၄၆၀ ကို ထပ်မံထည့်မွေးခဲ့ပါသည်။ ထို့ကြောင့် စုစုပေါင်း မွေးမြူငါး ကောင်ရေမှာ ၂,၃၇၀ ဖြစ်ပြီး GIFT ၂,၂၉၀ နှင့် ရွှေဝါငါးကြင်း ၈၀ ပါဝင်ပါသည်။

    ရေသွင်းစိုက်ပျိုးသော နွေစပါးခင်းတွင် မည်သည့်ပိုးသတ်ဆေးကိုမှ အသုံးမပြုခဲ့ပါ။ ၂၀၂၀ မေလတွင် ရိတ်သိမ်းခဲ့ရာ စပါး ၂,၃၂၀ ကီလို (၇၁.၁၇ တင်း) ရရှိခဲ့ပါသည်။ စုစုပေါင်းဝင်ငွေမှာ ၆၉၆,၀၀၀ ကျပ်ဖြစ်ပြီး အရင်းအနှီးမှာ ၁၆၇,၇၅၀ ကျပ် ဖြစ်၍ နွေစပါးမှ အသားတင်အမြတ်ငွေ ၅၂၈,၂၅၀ ကျပ် ရရှိခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် စပါးအထွက်မှာ ၁,၆၈၀ ကီလို (၅၁.၅၃ တင်း) ဖြစ်ပြီး၊ ယခုနှစ် စပါးအထွက်မှာ ယခင်နှစ်ကထက် ၃၈.၁% ပိုမိုပါသည်။

    မိုးစပါးစိုက်ပျိုးရာတွင်လည်း မည်သည့်ပိုးသတ်ဆေးကိုမှ အသုံးမပြုခဲ့ပါ။ ၂၀၂၀ နိုဝင်ဘာတွင် ရိတ်သိမ်းခဲ့ရာ စပါး ၂,၀၈၀ ကီလို (၆၃.၈ တင်း) ရရှိခဲ့ပါသည်။ ဝင်ငွေ စုစုပေါင်း ၅၄၆,၀၀၀ ကျပ် ရရှိပြီး အရင်းအနှီးမှာ ၁၀၀,၂၅၀ ကျပ် ဖြစ်၍ မိုးစပါးမှ အသားတင်အမြတ်မှာ ၄၄၅,၇၅၀ ကျပ် ရရှိခဲ့ပါသည်။ 

    MYSAP စီမံကိန်းမှ သင်ပြသည့်အတိုင်း စပါး-ငါး စိုက်ခင်းကို စနစ်တကျ သေချာစွာပြင်ဆင်ပြီး GIFT တီလားပီးယားနှင့် ရွှေဝါငါကြင်းသားပေါက်များကိုလည်း စပါးခင်းတွင် မွေးမြူခဲ့ကြောင်း၊ ရေသွင်းစိုက်ပျိုးသော နွေစပါးနှင့် မိုးစပါး နှစ်သီးစားစိုက်ပျိုးခြင်းမှ စုစုပေါင်းစပါးအထွက်မှာ ပုံမှန်ထက် ၃၂ % ပိုမိုရရှိခဲ့ကြောင်း ဦးစိုင်းဆမ်တစ်က ရှင်းပြပါသည်။ 

    မွေးမြူထားသော ငါးအချို့ကို ၂၀၂၀ နိုဝင်ဘာတွင် ထုတ်ဖော်ဖမ်းယူခဲ့ရာ ပျမ်းမျှအားဖြင့် တီလားပီးယားတစ်ကောင်လျှင် ၂၇၁ ဂရမ် (၁၇ ကျပ်သား)၊ ရွှေဝါငါးကြင်းတစ်ကောင်လျှင် ၁,၃၅၈ ဂရမ် (၈၅ ကျပ်သား) အထိ ကြီးထွားသည်ကို တွေ့မြင်ရသဖြင့် ဦးစိုင်းဆမ်တစ်အနေဖြင့် အလွန်ကျေနပ်ဝမ်းမြောက်ခဲ့ရပါသည်။ မွေးမြူထားသော ငါးအားလုံးကို ၂၀၂၁ ဖော်ဝါရီ ၂၁-၂၃ တွင် ထုတ်ဖော်ဖမ်းယူခဲ့ပြီးဖြစ်ပါသည်။

    ငါးသားပေါက်ဝယ်ယူခြင်းနှင့် ငါးအစာအတွက် ဦးစိုင်းဆမ်တစ် ကုန်ကျသော ရင်းနှီးငွေစုစုပေါင်းမှာ ၅၄၇,၈၀၃ ကျပ် ဖြစ်ပါသည်။ ငါးရောင်းချခြင်း၊ မိတ်ဆွေများကို ဟင်းစားပေးခြင်းနှင့် မိသားစုစားသုံးသော တန်ဘိုးစုစုပေါင်းမှာ ကျပ်ငွေ ၁,၈၈၃,၂၅၀ ဖြစ်ပါသည်။ ထို့ကြောင့် ငွေသားဖြင့်တွက်ပါက အမြတ်ငွေမှာ ၁,၃၃၅,၄၄၇ ကျပ် ဖြစ်ပါသည်။ 

    ငါးမွေးမြူသည့်အချိန် တစ်နှစ်ပြည့်သောအခါ ပျမ်းမျှအားဖြင့် GIFT တီလားပီးယားသည် ၃၁၀ ဂရမ် (၁၉.၄ ကျပ်သား)၊ ရွှေဝါငါးကြင်းသည် ၁,၃၇၁ ဂရမ် (၈၅.၇ ကျပ်သား) အထိ ကြီးထွားပါသည်။ တစ်နှစ်အတွင်း ရှင်သန်နှုန်းအနေဖြင့် GIFT တီလားပီးယားမှာ ၇၇%၊ ရွှေဝါငါးကြင်းမှာ ၇၉% ရှိပါသည်။

    MYSAP စီမံကိန်း၏အကူအညီဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုက်ဆီလီခွန်ကျေးရွာ ဦးစိုင်းဆမ်တစ်၏ ဝ.၆ ဟက်တာ (၁.၅ ဧက) စပါး-ငါး ရှေ့ပြေးစမ်းသပ်စိုက်ခင်းမှ တစ်နှစ်အတွင်း စပါး ၄,၄၀၀ ကီလို (၁၃၅ တင်း) ရရှိပါသည်။ ရေသွင်းစိုက်နွေစပါး SR456 ၂,၃၂၀ ကီလို (၇၁.၁၇ တင်း) နှင့် မိုးစပါး RO428 ၂,၀၈၀ ကီလို (၆၃.၈ တင်း) ဖြစ်ပါသည်။ စပါးစိုက်ရာတွင် မည်သည့်ပိုးသတ်ဆေးကိုမှ အသုံးပြုခဲ့ခြင်းမရှိသဖြင့် သဘာဝပတ်ဝန်းကျင်ကို အကျိုးဖြစ်ထွန်းစေပြီး ငါး ၆၈၉.၅ ကီလို (၄၂၃ ပိဿာ) ကိုလည်း ပူးတွဲထုတ်လုပ်နိုင်ခဲ့ပါသည်။ တီလားပီးယား ၅၄၆ ကီလို (၃၃၅ ပိဿာ)၊ ရွှေဝါငါးကြင်း ၈၆.၅ ကီလို (၅၃ ပိဿာ) နှင့် ငါးရံ့ ငါးခူ နှင့် တိုင်းရင်းငါးငယ်များ ၅၇ ကီလို (၃၅ ပိဿာ) ဖြစ်ပါသည်။

    ထုတ်လုပ်မှုကာလ တစ်နှစ်အတွင်း နွေစပါးနှင့် မိုးစပါး နှစ်သီးစိုက်ပျိုးခြင်း၊ GIFT တီလားပီးယားနှင့် ရွှေဝါငါးကြင်း တစ်ကြိမ်မွေးမြူခြင်းမှ စုစုပေါင်း အသားတင်အမြတ်ငွေ ကျပ် ၂,၃၀၉,၄၄၇ (USD ၁,၆၄၉.၆၀၅) ရရှိခဲ့ပါသည်။ စပါးနှစ်သီး စိုက်ပျိုးခြင်းမှ အသားတင်အမြတ်ငွေ ၄၂.၂% ရရှိခဲ့ရာ (ရေသွင်းစိုက် နွေစပါးမှ ၂၂.၉% နှင့် မိုးစပါး မှ ၁၉.၃% ဖြစ်ပါသည်)။ စုစုပေါင်း အသားတင်အမြတ်ငွေ၏ ၅၇.၈% မှာ ငါးတစ်ကြိမ်မွေးမြူခြင်းမှ ရရှိပါသည်။

ကျေးဇူးတင်လွှာ

မူရင်းစာစောင် Success Story: Pilot rice-fish plot in Kengtung proves Profitable ကို မြန်မာဘာသာပြန်ဆိုပေးသော ဒေါက်တာ ခင်မောင်စိုး (WorldFish Myanmar) အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

ယခုဆောင်းပါးကို MYSAP Inland မှ ပူးပေါင်းပါဝင်ပံ့ပိုးထားပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်