Urban forest က ကျွန်မတို့ မြို့ပြ လူနေမှု ဘဝကို ဘယ်လို အကျိုးကျေးဇူးတွေပေးလဲ။

19/01/2018 17:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီမေးခွန်းလေးအတွက်အဖြေကတော့အတော်လေးကိုရေးမကုန်နိုင်ဖြစ်ပါလိမ့်မယ်။ယေဘုယျအနေနဲ့ကတော့……..

မြို့ပြသစ်တောတွေဟာလေထု၊ရေထုညစ်ညမ်းခြင်းတွေကိုလျော့ချပေးပြီးတိရိစ္ဆာန်တွေအတွက်အရိပ်အာဝါသနဲ့နားခိုရာဖန်တီးပေးပါတယ်။မြို့ပြမှာပျောက်ဆုံးခဲ့တာကြာပြီဖြစ်တဲ့သဘာဝတရားအရသာကိုလည်းပြန်လည်ထိတွေ့ခွင့်ရရှိစေမှာဖြစ်ပါတယ်။

မြို့ပြသစ်တောပညာဆိုတာဟာ သိပ္ပံပညာတစ်ရပ်လို့ ဆိုနိုင်သလိုမြို့ပြ ပတ်ဝန်းကျင်မှာရှိတဲ့သစ်တောတွေ၊ သစ်ပင်တွေ၊ သဘာဝဂေဟစနစ် တစ်ခုလုံးကို ပဲ့ကိုင် စီမံပေးတဲ့အနုပညာ တစ်ရပ်လို့လည်း တင်စားနိုင်ပါတယ်။မြို့ပြ သစ်တောတွေက တဆင့်ကျွန်မတို့ လူမှုအဖွဲ့အစည်း အတွက်စိတ်ဓာတ်ပိုင်း ဆိုင်ရာ ခွန်အားတွေ၊လူမှုဘဝပျော်ရွှင် သာယာမှုတွေ၊စီးပွားရေးဆိုင်ရာ တန်ဖိုး တိုးလာခြင်းတွေ၊သုခုမရသဆိုင်ရာ လှပခြင်းတွေ၊သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သဟဇာတဖြစ်မှုတွေရရှိ ခံစားရစေပါတယ်။

အဓိကအချက်(ချက်ကို သုံးသပ်တင်ပြရရင်

၁။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ

(က) မြို့ပြသစ်တောများဟာကျမတို့ရဲ့မြို့တော်ကိုအရိပ်အာဝါသပေးတယ်။

ကျွန်မတို့ ပတ်ဝန်းကျင်မှာ အရိပ်ရပင်တွေအလှပန်းမန်တွေစိုက်ပျိုးထားခြင်းဟာမြို့ပြရဲ့အပူဒဏ်ကိုလျော့ချပေးနိုင်တဲ့အရေးကြီးတဲ့အကျိုးကျေးဇူးတွေပေးပါတယ်။အပင်အငွေ့ပျံခြင်းဖြစ်စဉ်တို့က တဆင့်သစ်ပင်တွေဟာ အပူချိန်ကိုလျော့ချပေးကြပါတယ်။အထူးသဖြင့်နွေရာသီမှာဆိုရင်အရိပ်ကောင်းတဲ့သစ်ပင်တစ်ပင်ဟာ အတော်လေးကို အဖိုးတန်တာပါ။

(ခ) သစ်ပင်တွေဟာမျက်နှာပြင်ရေတိုက်စားမှုနဲ့မြေဆီလွှာအာဟာရများမျောပါခြင်းတွေကိုလျော့ချပေးတယ်။

အပင် အရိပ်ရ မျက်နှာပြင်(tree canopy) နဲ့အပင်အမြစ်များဟာ မျက်နှာပြင်ရေ စီးဆင်းမှုကိုလျော့ချပေးပြီးမြေဆီလွှာ အာဟာရများ ဆုံးရှုံးမှုကို လည်းလျော့နည်းစေပါတယ်။အပင် အရိပ်ရ မျက်နှာပြင်များဟာ သည်းထန်စွာ ရွာသွန်းတဲ့မိုးရေတွေရဲ့ အရှိန်ကိုလျော့နည်းစေပြီး မိုးရေကြီးမှုရဲ့ အကျိုးဆက်တွေကို သက်သာလျော့နည်း သွားစေပါတယ်။အပင်အမြစ်တွေဟာလည်း မျက်နှာပြင် ရေတိုက်စားခြင်းကြောင့်ဆုံးရှုံးသွားနိုင်တဲ့နိုက်ထရိုဂျင်၊ဖော့စဖိတ်နဲ့ အခြား သတ္တုဓာတ်တွေက စုပ်ယူ ကာကွယ်ထားနိုင်ပါတယ်။အမြစ်တွေဟာ မိုးရေကို ထိန်းထားပေးပြီးရေစီးဆင်း တိုက်စားချိန်ကို နှေးသွားစေပါတယ်။

(ဂ) သစ်ပင်တွေဟာလေထုညစ်ညမ်းခြင်းကိုလျော့ချပေးပြီးGHG ထုတ်လွှတ်မှုကိုလျော့နည်းစေပါတယ်။

သစ်ပင်များဟာPhotosynthesis (အလင်းရောင်ဖြင့် အစာချက်ခြင်း) နည်းလမ်းဖြင့်လေထုထဲမှကာဗွန်ဒိုင်အောက်ဆိုဒ်၊နိုက်ထရစ်အောက်ဆိုဒ်၊ဆာလဖာဒိုင်အောက်ဆိုဒ်၊ကာဗွန်မိုနောဆိုဒ်နှင့်အိုဇုန်းဓာတ်တွေကို ဖယ်ရှားပေးပါတယ်။သစ်ပင်များ စိုက်ပျိုးခြင်းဖြင့်အပူချိန်လျော့ချပေးနိုင်တဲ့အတွက်အပူချိန် ထိန်းချုပ်ဖို့  အသုံးပြုရတဲ့စွမ်းအင်ကိုချွေတာရာ ရောက်ပြီး အဲကွန်းတွေကြောင့်ဖြစ်လာတဲ့လေထ ညစ်ညမ်းမှုကို နည်းသွားစေပြီး လေထု အရည်အသွေးကို ကောင်းမွန်အောင်ကူညီရာလည်း ရောက်ပါတယ်။

(ဃ) ဇီဝမျိုးကွဲများကိုနေစရာထောက်ပံ့ပေးပြီး ပိုမို တိုးပွားစေပါတယ်။

‘သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခို’ဆိုတဲ့စကားပုံလေး အတိုင်း သစ်ပင်များဟာ သက်ရှိ တိရိစ္ဆာန်များအတွက်နေစရာထောက်ပံ့ပေးပါတယ်။မြို့ပြတလျှောက်မတူညီတဲ့ မျိုးကွဲသစ်ပင်တွေ စိုက်ပျိုးခြင်းအားဖြင့်ဇီဝမျိုးကွဲများကို အားပေးရာရောက်ပြီး သူတို့အတွက်နေထိုင်စရာလေး ဖန်တီးပေးနိုင်မှာ အသေအချာပါ။

၂။ လူမှု ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ

(က) သစ်ပင်တွေကြောင့်လူမှုအသိုင်းအဝိုင်းကြား ထိတွေ့ ဆက်စပ်မှုကို တိုးလာစေပါတယ်။

သစ်ပင်တွေဝန်းရံထားတဲ့မြက်ခင်းပြင်နေရာကျယ်ကြီးဟာ အခမ်းအနားပွဲတွေ၊ပွဲလမ်းသဘင်တွေ၊ပြိုင်ပွဲတွေကျင်းပဖို့အတွက်နေရာကောင်း ဖြစ်ပါတယ်။နေ့စဉ် ဘဝ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ညနေခင်း လမ်းလျှောက် အပန်းဖြေရင်း မိသားစုပျော်ရွှင်စရာတွေဖန်တီးနိုင်တာ၊သက်ကြီးရွယ်အိုတွေကလေးတွေခြေလက် အညောင်းအညာဆန့်ရင်း ကျန်းမာရေး ပိုကောင်းအောင်ဆောင်ရွက်နိုင်တာတွေ၊အဖွဲ့အစည်းတွေက အခမ်းအနားတွေပါတီတွေ ကျင်းပရင်း ချစ်ခင်ရင်းနှီးမှုပိုတိုးလာစေတာစတဲ့ပြောပြလို့မကုန်နိုင်တဲ့လူမှုဆိုင်ရာကောင်းကျိုးတွေအများကြီးပေးပါတယ်။

(ခ) သစ်ပင်တွေကြောင့် ကလေးသူငယ်များကို သဘာဝနှင့် ထိတွေ့ခံစားခွင့် ရစေပါတယ်။

ကလေးတွေဟာ အိမ်ထဲမှာပဲ ကွန်ပျူတာ ဂိမ်းဆော့ရင်းဖေ့ဘုတ်ကြည့်ခြင်းတို့နဲ့အချိန်မကုန်စေပဲပြင်ပ ကိုယ်လက် လှုပ်ရှားမှုအားကစားလုပ်ပေးဖို့ လိုအပ်ပါတယ်။စိမ်းလန်း စိုပြေတဲ့နေရာများမှာ ကိုယ်လက် လှုပ်ရှားမှုလုပ်ပေးခြင်းဖြင့်စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးရောဂါဘယတွေကင်းဝေးစေမှာဖြစ်ပါတယ်။သစ်ပင်တွေနဲ့ရင်းနှီးခြင်းအားဖြင့်ကလေးတွေဟာ သဘာဝတရားနဲ့ရင်းနှီးခွင့်ရစေပြီး စိတ်ပိုင်းဆိုင်ရာ ပိုမို အားကောင်းလာစေပါတယ်။ဖန်တီးနိုင်စွမ်းလည်းမြင့်မားလာပြီး စွန့်စွန့်စားစားကြိုးစားလေ့လာတတ်တဲ့အလေ့အကျင့်တွေရှိလာစေပါတယ်။

(ဂ) သစ်ပင်တွေဟာ ကျန်းမာရေးကောင်းစေရန် အထောက်အကူပေးနိုင်ပါတယ်။

သစ်ပင်များရှိခြင်းကြောင့်အပူချိန်ကိုလျော့ချနိုင်ပြီး အပူကြောင့်ဖြစ်တဲ့ရောဂါတွေကို သက်သာစေပါတယ်။ဥပမာ- အရေပြား ကင်ဆာသမားများဟာ သစ်ပင်တွေကြောင့်နေရောင်နဲ့တိုက်ရိုက်မထိတွေ့ရတော့ပဲUV အလင်းတန်းများကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။သစ်ပင်တွေကတဆင့်ကျရောက်တဲ့UV ပမာဏဟာနေရောင် တိုက်ရိုက်ကျတဲ့UV ပမာဏထက်ရ၅% လျော့ချထားပေးလို့သစ်ပင်တွေဟာ ကျွန်မတို့တွေအတွက်အကာအကွယ်ကောင်းတွေဖြစ်ပါတယ်။လေ့လာတွေ့ရှိချက်တွေအရိပ်ရ သစ်ပင်များကြောင့်စိတ်ပိုင်းဆိုင်ရာ အပန်းဖြေမှုအလွန်ရစေပါတယ်။ပင်ပန်းနွမ်းနယ်စွာနဲ့ညနေရုံးပြန်ချိန်တွေမှာစိမ်းစိုလှပတဲ့နေရာလေးမှာခဏထိုင်အနားယူရင်းနောက်တနေ့တာအတွက်စိတ်ကူးအကြံဉာဏ်ကောင်းများရရှိနိုင်သလိုစိတ်ပိုင်းဆိုင်ရာခွန်အားကိုတိုးစေပါတယ်။

၃။ စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများ

(က) သစ်ပင်များ စိုက်ပျိုးခြင်းဖြင့်အသုံးစရိတ်များကိုလျော့ချပေးနိုင်ပါတယ်။

သစ်ပင်တွေစိုက်ပျိုးခြင်းရဲ့ကောင်းကျိုးတွေမှာ ကျွန်မတို့ရဲ့ နေ့စဉ် အသုံးစရိတ်ကိုလျော့ချပေးနိုင်တဲ့ တစ်ချက်လည်း ပါဝင်ပါတယ်။သစ်ပင်တွေဟာ အပူချိန်ကိုလျော့ချပေးနိုင်တာကြောင့်အပူချိန် ထိန်းညှိပေးတဲ့စွမ်းအင် ကုန်ကျစရိတ်ကို သက်သာစေပါတယ်။အထူးသဖြင့်မြို့ပြတွေရဲ့နွေရာသီမှာ အဲကွန်းတွေ အချိန်ပြည့် ဖွင့်ရခြင်းကြောင့် ကုန်ကျမယ့် မီတာခ ကုန်ကျစရိတ်ကို သစ်ပင်တွေ ရှိနေခြင်းကြောင့်သက်သာစေပါတယ်။အပင်တွေရဲ့အရိပ်ရရှိမှုဧရိယာ၁၀% လောက်တိုးနိုင်ရင်ပဲနေအိမ်တစ်အိမ်အတွက်စွမ်းအင် ကုန်ကျစရိတ်ဒေါ်လာ၅၀ကနေ၉၀ထိလျော့ချစေနိုင်တယ်လို့စစ်တမ်းတစ်ရပ်က ဆိုထားပါတယ်။

နောက်ထပ် ကုန်ကျစရိတ် လျော့ချပေးနိုင်တာကတော့အပေါ်ပိုင်းမှာ ဆွေးနွေးခဲ့တဲ့ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေအကြောင်းဖြစ်ပါတယ်။သစ်ပင်တွေ ရှိနေခြင်းကြောင့်လူတွေဟာ နေအိမ်ပြင်ပမှာ အားကစား လုပ်ခြင်း၊မိသားစုနဲ့ပျော်ရွှင်ချိန်တွေပိုမို ရနိုင်ခြင်း၊အုပ်စုလိုက်လေ့ကျင့်ခန်းတွေပိုမို လုပ်လာနိုင်ခြင်းတို့ကြောင့်စိတ်ချမ်းသာ ကိုယ်ကျန်းမာလာကြပြီး နာမကျန်းခြင်းကြောင့်ကုန်ကျရမယ့်မိသားစု ကျန်းမာရေး အသုံးစရိတ်ကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။လူသားတစ်ဦးချင်းစီ၊မိသားစုတစ်စုချင်းစီဟာ ကျန်းမာပျော်ရွှင်နေခြင်းဖြင့်နာမကျန်းမှုကြောင့်ကုန်ကျစရိတ်ကိုနိုင်ငံတော် အတိုင်းအတာအနေဖြင့်ပါလျော့ချနိုင်ပြီး သွယ်ဝိုက် အကျိုးဆက်အနေနဲ့မှုခင်းကျဆင်းခြင်း၊လုံခြုံဘေးကင်းခြင်းတွေကိုပါတနိုင်ငံလုံး အတိုင်းအတာဖြင့်အကျိုးကျေးဇူးရရှိစေမှာဖြစ်ပါတယ်။

(ခ) သစ်ပင်များကြောင့် ပိုင္ဆိုင္မႈ တန္ဖိုးမြှင့်လာစေခြင်း နှင့်စျေးကွက် တန်ဖိုးတိုးလာခြင်းတို့ ရရှိစေပါတယ်။

ပုံစံတူ တန်ဖိုးတူ အိမ်နှစ်လုံးပဲ ဆိုပါစို့။ဘာသစ်ပင်ပန်းမန်မှမရှိတဲ့လွင်တီးခေါင်မှာရှိနေတဲ့အိမ်တန်ဖိုးနဲ့အဲ့ဒီအိမ်လေးပဲ သစ်ပင်ပန်းမန်တွေနဲ့နေချင်စဖွယ်ဖြစ်နေမယ်၊စိမ်းလန်း စိုပြေနေမယ်၊လမ်းတလျှောက်လည်းကျေးငှက် သာရကာသံလေးတွေတညံညံနဲ့အရိပ်ရပင်တွေနဲ့အဲ့လိုပတ်ဝန်းကျင်မှာ ရှိနေမယ်ဆိုရင်စာဖတ်သူအနေနဲ့ဘယ်လိုအိမ်မျိုးကို ရွေးချယ် ဝယ်ယူမလဲ။

အဖြေကတော့ရှင်းပါတယ်။

ကျွန်မတို့တွေ အားလုံးရဲ့ရွေးချယ်မှုကမြက်ခင်းစိမ်းနဲ့အိမ်ကလေးပဲဖြစ်မှာပါ။ဒါကြောင့်လူတွေရဲ့စိတ်ကူး လိုအပ်ချက်တွေကိုသိတဲ့အိမ်ယာdevelopers စီးပွားရေး လုပ်ငန်းရှင်တွေက အဲ့လိုအချက်တွေကို ကောင်းကောင်းသိလို့သစ်ပင် ပန်းမန်တွေနဲ့စိမ်းလန်း စိုပြေနေတဲ့ဥယျာဉ် အိမ်ယာတွေဖန်တီးတယ်၊တန်ဖိုး အဆပေါင်းများစွာမြှင့်ပြီးရောင်းချကြတယ်။ဥပမာအဖြစ်မြန်မာပြည်မှာ အခိုင်မာဆုံး အမျှော်မြင်အရှိဆုံးSPA ကုမ္ပဏီဟာ အခြေခံ မြေစျေးတန်ဖိုး ဘယ်လောက်မှမကုန်ကျတဲ့လှိုင်သာယာနဲ့သန်လျင်တို့မှာ မြေယာ အကွက်ချပြီး သစ်ပင်ပန်းမန်အကောင်းစားတွေစိုက်၊ အလှဆုံး ပြင်ဆင်ပြီး ပန်းလှိုင် အိမ်ယာ စီမံကိန်းနဲ့ကြယ်စင်မြို့တော်စီမံကိန်းတို့ကို အကောင်အထည် ဖော်ရောင်းချတာ ဒေါ်လာ သိန်းသန်းပေါင်း များစွာ အကျိုးအမြတ် ရကြပါတယ်။ ဘယ်လောက်တောင်အောင်မြင်လိုက်သလဲဆိုတာ မျက်မြင်ပါပဲ။

သစ်ပင် ပန်းမန်တွေကြောင့်အဆောက်အဦး တန်ဖိုးတွေတက်လာပြီး စျေးကွက် အလားအလာအလွန်ကို ကောင်းလာစေပါတယ်။မြို့ပြအနေနဲ့ ကြည့်ရင်လည်း စင်ကာပူလို လက်တစ်ဆုပ်စာရှိတဲ့နိုင်ငံလေးဟာ သစ်ပင် ပန်းမန်တွေနဲ့တန်ဆာ ဆင်ထားပြီး ခရီးသွားတွေကို စွဲဆောင်နေတာ အာရှမှာ မျက်မြင်ပဲ ဖြစ်ပါတယ်။လေ့လာမှုစစ်တမ်းအရသစ်ပင်တွေမရှိတဲ့နေရာက ပိုင်ဆိုင်မှု တန်ဖိုးထက်သစ်ပင် ပန်းမန်တွေကြောင့်ပိုင်ဆိုင်မှု တန်ဖိုး၃၀% တက်သွားစေတယ်လို့ဆိုထားပါတယ်။

အထက်မှာဆွေးနွေးခဲ့တဲ့အချက်တွေကိုအနှစ်ချုပ်

မြို့ပြ သစ်တောများ ရှိခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးတွေကို အချက်အလက်များတွေအနေနဲ့ပြောရရင် 

  • ဇီဝ မျိုးစုံ၊မျိုးကွဲများ အတွက်နေစရာနေရာထောက်ပံ့ပေးပြီး ဇီဝမျိုးကွဲများကို တိုးပွားလာစေခြင်း
  •  ဇီဝ မျိုးကွဲများနှင့်လူမှုအဖွဲ့အစည်း အတွက်အရိပ်အာဝါသနှင့်အေးမြမှုပေးနိုင်ခြင်း
  •  လေထုညစ်ညမ်းမှုကို လျော့ချပေးခြင်း
  • မျက်နှာပြင်ရေတိုက်စားမှုအရှိန်နှင့်မြေဆီလွှာ အာဟာရဓာတ်များ စီးဆင်းမျောပါခြင်းကို လျော့ချပေးခြင်း
  •  နေရောင်နှင့် တိုက်ရိုက်ထိတွေ့မှုလျော့ချပေးခြင်း
  • မိမိနေထိုင်ရာနေရာနှင့်မြို့ကိုချစ်ခင်မြတ်နိုးစိတ်တိုးလာစေခြင်း
  • လူမှုအသိုင်းအဝိုင်းကြားထိတွေ့ဆက်စပ်မှုကိုတိုးလာစေခြင်း
  • ကလေးသူငယ်များကိုသဘာဝတရားနှင့်ထိတွေ့ခံစားခွင့်ရစေခြင်း
  •  အိမ်ပြင်ပလုပ်ဆောင်မှုများကိုအားပေးတိုက်တွန်းစေခြင်း
  • အပူကြောင့်ဖြစ်သောရောဂါဘယများကိုလျော့နည်းစေခြင်း
  • စိတ်ပိုင်းဆိုင်ရာကျန်းမာမှုသုခတိုးလာစေခြင်း
  •  စွမ်းအင်ချွေတာရေးအတွက်အထောက်အပံ့ဖြစ်ခြင်း
  • ပိုင်ဆိုင်မှုတန်ဖိုးများတိုးမြှင့်လာခြင်း
  • ကျန်းမာရေးစရိတ်သက်သာရေးအတွက်အကူအညီပြုခြင်း
  • အခြေခံ အဆောက်အဦး ပျက်ဆီး ဆုံးရှုံးမှုကုန်ကျစရိတ်ကို သက်သာစေခြင်း
  • ကာဗွန်လျော့ချရေး လုပ်ငန်းများ အတွက်အထောက်အပံ့ဖြစ်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ပြောမကုန်အောင်ရစေမှာဖြစ်ပါတယ်။

ကဲတာ့ကာ…..ကျွန်မတို့တွေဘာလုပ်ကြမလဲ။ ဒီနေ့ပဲ အိမ်မှာ စိုက်ထားတဲ့သစ်ပင်လေးကိုရေလောင်းကြစို့လား။               ။

စိမ်းလန်းစေသော မေတ္တာမွန်ဖြင့်

ယူခိဝေ

ကိုးကား- urban_forest_strategy,making a great city greener,2012-2032/Streetscape elements guideline


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်