ငှက်ပျောသီး အသုံးဝင်ပုံလေးပါ

22/01/2018 16:50 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ငှက်ပျောခွံကို စည်းကမ်းမဲ့စွာ လမ်းမပေါ်ကို လွှင့်ပစ်ထားတာကြောင့် ချော်လဲ ကြသူများ ထိခိုက်အနာတရကြသူများ များလှပါပေသည်။ ငှက်ပျောခွံမှာပါတဲ့ အမျှင်တွေမှာ အချွဲဓာတ်များစွာ ပါနေတဲ့အတွက်ကြောင့် တက်နင်းမိရင် ချော်လဲရ တာ ဖြစ်ပါတယ်။

အမှန်တကယ် တက်နင်းမိသူ အဖို့ကတော့ ဟာသမမြောက်ဘဲ မတော်တဆ အသက်ပင်သေသွားရမယ့် ကိစ္စမို့လို့ ငှက်ပျောခွံကို စိတ်ထင် သလိုမပစ်ဘဲ အကျိုးရှိတဲ့နေရာမှာ သုံးကြည့် ရအောင်ပါ။
• ဖီးကြမ်းလို အခွံထူတဲ့ ငှက်ပျောခွံမှာပါတဲ့ အမျှင်တွေကို ဇွန်းနဲ့ ခြစ်၍ စားလိုက်ပါ။ ဝမ်းမှန်စေပါတယ်။

• ဂျပိုးကိုက်တာ၊ ခြင်ကိုက်တာကြောင့် အရေပြားယားယံတာ၊ နီရဲတာ၊ အဖုပေါက်တာဖြစ်ရင် ငှက်ပျောခွံနဲ့ ပွတ်ပါ။ငှက်ပျောခွံအနံ့ရှိနေရင် ခြင်ပြေးပါတယ်။

• တစ်ခုခုနဲ့ တိုက်မိလို့ အညိုမဲဖြစ်သွားရင် ငှက်ပျောခွံနဲ့ ပွတ်လိုက်ပါ။

• ငှက်ပျောသီး စားပြီးအခွံကို သွားတွေကြားထဲ မိနစ်အတန်ကြာပွတ်ပေးလိုက်ရင် သွားဖြူလာပါလိမ့်မယ်။

• ငှက်ပျောခွံကို အပိုင်းငယ်ပိုင်းပြီး ကြွက်နို့အသားမာပေါ် တင်ပြီး တိတ်နဲ့ကပ်ထားပေးပါ။ ငှက်ပျောခွံနဲ့ ပွတ်ပေးနိုင်ပေမယ့် ကပ်ပေးတာက ပိုကောင်းတဲ့အတွက် ညဘက်မှာ ကပ်ထား နိုင်ရင် ကောင်းပါတယ်။

• လက်နဲ့ ကြမ်းတမ်းစွာ ပွတ်တိုက်နေကြတာမျိုးက မကောင်းဘူးနော၊ ငှက်ပျောခွံနဲ့သာ ပွတ်ပစ်လိုက်ပါ။

• ငှက်ပျောခွံကို မျက်နှာမှာ သေချာစွာ ပွတ်ပေးပါ။ မျက်နှာချောမွေ့လာစေပါလိမ့်မယ်။

• ဝက်ခြံမှာ ပွတ်ပေးလိုက်ပါ။ အချိန်အကြာကြီးဖယ်ထားတဲ့ ငှက်ပျောခွံနဲ့ ပွတ်တာမလုပ်နဲ့နော်၊ သီးသန့်ဖယ်ထားတဲ့ ငှက်ပျောခွံက ဖုန်မှုန့်ကအစ ရောဂါပိုးရှိနေရင် ပိုဆိုးသွားတတ်တယ်။ လောလောဆယ် စားသုံးထားသော ငှက်ပျောသီးအခွံဖြင့် ချက်ချင်းပွတ်ပါ။

• သင့်ခြေလက်ကို ဆူးသေးသေးလေးစူးမိရင် ငှက်ပျောခွံ ကပ်ထားပေးပါ။ အခွံမှာပါတဲ့ အင်ဇိုင်း တစ်မျိုးက ဆူးကိုဖယ်ထုတ်ပေးပါလိမ့်မယ်။

• ယားနာမှအစ အဆစ်ရောင်သူမှာ ဖြစ်လေ့ရှိတဲ့ ပန်းနုရောင် အပွေးထတာကို ငှက်ပျောခွံနဲ့ ခဏခဏ ပွတ်ကြည့်ပါ။ ရက်အနည်းငယ်အကြာမှာ သက်သာလာတာတွေ့ရပါမယ်။

• ခေါင်းကိုက်နေရင် ငှက်ပျောခွံကို ခေါင်းပေါ်တင်ပြီး ဖိကိုင်ထားပါ။ ခေါင်းကိုက်သက်သာတယ် ပြောတာပဲ။ ဒါပေမယ့် ခေါင်းတော့ ညစ်ပတ်သွားပါလိမ့်မယ်။

• တစ်ချို့နိုင်ငံတွေကတော့ ငှက်ပျောသီးစားပြီးရင် အခွံကိုသူတို့ရဲ့ ရှူးဖိနပ်တွေကို ပွတ်တိုက်ကြ တယ်။ သားရေအိတ်တွေ ပွတ်တိုက်ကြတယ်။ ငွေထည်ပစ္စည်းတွေကိုလည်း ငှက်ပျောခွံနဲ့ ပွတ်ရင် သွားတိုက် ဆေးနဲ့ ပွတ်တာထက်ပင် ပိုကောင်းတယ်လို့ ပြောတယ်။

• နောက်ဆုံးနေအိမ်မှာ စိုက်ပျိုးထားတဲ့ အိမ်းတွင်းအလှစိုက်ပင်လေးတွေရဲ့ အရွက်ကိုပွတ်တိုက်လိုက်ပါ။ အရွက်တွေ ပြောင်လက်သွားစေပါတယ်။

အဲဒါဆိုရင် ငှက်ပျောခွံက အချွဲဓာတ်တွေလည်း ကုန်သလောက် ဖြစ်သွားပြီဆိုတော့ စိတ်ကြိုက်ပစ်လို့ရပြီ ပေါ့။ လမ်းမပေါ်မှာတော့ မဟုတ်ဘူးနော်။ မိမိတို့ အမှိုက်ကျင်းထဲမှာ ပစ်ထည့် လိုက်အနည်းဆုံးတော့တီကောင်စာ ဖြစ်သွားပြီး မြေဆွေးပြန်ရတာပေါ့။ မြေဆွေးထဲမှာ ငှက်ပျောသီးက ပိုတက်ဆီယမ် (K) ကြွယ်ဝဆုံး ဖြစ်ပါလိမ့်မယ်။

ငှက်ပျောပင်စည်မှ ရရှိနိုင်မည့် ကျန်းမာရေး အကျိုးကျေးဇူးများ

ငှက်ပျောပင်စည်ကလည်း ငှက်ပျောသီးကဲ့သို့ ပိုတက်ဆီယမ် (K) နှင့် ဗီတာမင် B6 အထူး ကြွယ်ဝပြီး အမျှင်ဓာတ် အထူးမြင့်မားသည့်အတွက် ကျန်းမာရေး အကျိုးပြုရာမှာ ပါဝင်နေ ပါတယ်။
ငှက်ပျောသီးစားရင် ကျန်းမာရေး အကျိုးရှိတယ်ဆိုတာ လူတိုင်းသိနေပေမယ့် ငှက်ပျောပင်စည်စားရင် ကျန်းမာရေးအကျိုးရှိတယ်ဆိုတာ သိပ်သတိမထားမိကြပါဘူး။ ငှက်ပျော ပင်စည်ကို မုန့်ဟင်ခါးမှာ ထည့်စားတာလောက်သာ သိကြပါတယ်။ အိန္ဒိယအစားအစာထဲမှာ ငှက်ပျောပင်စည် အစိမ်းလိုက်ကို ဒိန်ချဉ်နဲ့ သုတ်စားတာ ဖော်ပြခဲ့ရာမှာ အာယုဗေဒ သဘောအရ အနည်းငယ်ဖန်သော၊ အနည်းငယ် ခါးသက်သော အရသာရှိသည့် ငှက်ပျောပင်စည်သည် ကျန်းမာရေးကို အထူးပင်ကျေးဇူးပြုတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အပူပိုင်းရာသီဥတုနှင့် လိုက်လျောညီထွေနေနိုင်စေရန် လူတို့၏ ခန္ဓာကိုယ် ပူမနေစေဘဲ အေးမြ နေစေဖို့ရာ ငှက်ပျောပင်စည်ကို စားသုံးကြရမယ်လို့ ယုံကြည်သည့်အလျောက် ငှက်ပျောပင်စည် ဒိန်ချဉ်သုတ်ကို စားကြတာဖြစ်ပါတယ်။ ပူပြင်းတဲ့ရာသီမှာ ခန္ဓာကိုယ်အေးမြနေခြင်းဖြင့် ဆီးပူတာ၊ ဆီးနီတာ၊ ညောင်းကျတာမဖြစ်ဘဲ ခန္ဓာကိုယ် အဆိပ်အတောက်ကင်းစင်စေတာဖြစ်လို့ ငှက်ပျောပင်စည်စားကြတာ ဖြစ်တယ်လို့ အာယုဗေဒ ဆေးကျမ်းအလိုအရ ဖော်ပြ ကြပါတယ်။

ယခုအခါမှာ ငှက်ပျောပင်စည်ဒိန်ချဉ်သုတ်အပြင် ငှက်ပျောပင်စည်ဖျော်ရည် သောက်သုံးမှုက လူတိုင်းပါးစပ်ဖျား မှာ အလွန်ကို နာမည်ကြီးနေပြီး အင်တာနက်စာမျက်နှာပေါ်မှာ အထူးပင်ပျံ့နှံ့နေသဖြင့် ကျန်းမာရေးအကျိုးရှိပုံကို ဖော်ပြ ပါတယ်။

၁။ ငှက်ပျောပင်စည်ဖျော်ရည်ကို တစ်ပတ်လျှင် တစ်ကြိမ်သောက်သုံးခြင်းဖြင့် ကျောက်ကပ်ကျောက်တည်ခြင်း မဖြစ်ပွားပါဘူး။ ငှက်ပျောပင်စည်က ဆီးနှင့်ပတ်သက်သော ရောဂါကို တွန်းလှန်နိုင်သော သတ္တိရှိပြီး ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း တစ်လျှောက် ကျောက်ရှိနေပါက ကျောက်၏အရွယ်အစားကို သေးငယ်သွားစေကာအပြင်သို့ စွန့်ထွက် သွားစေပါတယ်။ ယခုအခါမှာ သဲခြေကျောက်တည်သမားများကို တစ်ပတ်တစ်ခါ ငှက်ပျောပင်စည် စားသုံးစေခြင်းကို ဆရာဝန်များကပင် ထောက်ခံချက်ပေးနေတယ်လို့ ဆိုပါတယ်။

၂။ အမျှင်များဖြင့် ပြည့်ဝနေသော ငှက်ပျောပင်စည်ကို တစ်ပတ်လျှင်တစ်ခွက် သောက်သုံးပေးခြင်းဖြင့် ရေရှည် မှာ ကိုယ်ရေစစ်သွားနိုင်ပါတယ်။ ကိုယ်အလေးချိန်လျှော့မည့် အစီအစဉ်ထဲမှာ ငှက်ပျောပင်စည်ကိုလည်း ထည့်သွင်းဆွဲ ထားသင့်ပါတယ်။

၃။ ဝမ်းချုပ်လွန်းနေသူများအဖို့ ငှက်ပျောပင်စည်ဖျော်ရည်ကို သောက်သုံးမယ်ဆိုရင် ဥပမာ ဖျော်ရည်စက်ဖြင့် ကြိတ်ချေပြီး အဖတ်များကို လုံးဝအစစ်ချတော့ဘဲ အားလုံးကို သောက်ချလိုက်ပါ။
၄။ သင့်ရဲ့အစာအိမ်က အချဉ်ဓာတ်မြင့်မားနေတယ်ဆိုရင် ငှက်ပျောပင်စည်ဖျော်ရည်တစ်ခွက်ကို အစာအိမ်မှာ အစာမရှိချိန် မနက်စောစော သောက်ပေးပါ။

၅။ ငှက်ပျောသီးမှည့်သည် အချိုစာဖြစ်သည့်အားလျော်စွာ ဆီးချိုသမားများ စားသုံးရန် ချင့်ချိန်နေရပေမယ့် ကြိတ်ချေပြီးအဖတ်များ လုံးဝစစ်ထုတ်မထားတဲ့ ငှက်ပျောပင်စည်ဖျော်ရည်တစ်ခွက်ကို သောက်သုံးခြင်းဖြင့် ဟီမိုဂလိုဘင်နှင့် အင်ဆူလင် ထုတ်လုပ်မှု ပိုမိုတိုးတက်စေပြီး သွေးတွင်းသကြားဓာတ် လျှင်မြန်စွာ တက်မလာအောင် ထိန်းပေး ပါတယ်။

၆။ ဆီးလမ်းကြောင်းတစ်လျှောက် ပိုးဝင်တတ်သည့် ရောဂါ ဥပမာ အဖြူဆင်းတာများရင် ကုတ်ဖဲ့မိသည်မှ ပိုဝင်တတ်ပါတယ်။ အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ်တော့ ငှက်ပျောပင်စည် ဖျော်ရည်တစ်ခွက် သောက်ပေးပါ။

ဒီနည်းလမ်းကို လူအတော်များများ မသိတာလည်းပါတယ်။ ငှက်ပျောပင်စည်ကို ရက်ကြာကြာထိန်းသိမ်းရတာ လည်း မလွယ်တဲ့အတွက် မိမိတို့ အစားအသောက် အမယ်ထဲမှာ ထည့်သွင်းလေ့မရှိကြတာ အမှန်ပါ။ နေအိမ်ခြံဝင်းမှာ စိုက်ထားသူအဖို့ကတော့ (၃-၄) လသားရှိတဲ့ ငှက်ပျောပင်စည်ကို အပေါ်ပိုင်းသုံးပုံတစ်ပုံ ဖြတ်ကာ အသုံးပြုပြီး ကျန်တဲ့ ထိပ်ပိုင်းကို ပလပ်စတစ်အိတ်လေးတစ်ခု စွတ်လိုက်ရင် ဖြစ်ပါတယ်။ နောက်ပိုင်း လိုသလောက် (၆) လက်မဖြစ်စေဖြတ် ပြီး သုံးလို့ရပါတယ်။

မြို့ပေါ် ငှက်ပျောမစိုက်ထားနိုင်သူကတော့ ငှက်ပျောပင်စည်ကို ဝယ်ယူပြီး အရင့်ဖတ်များကို အပြီးဖယ် ထုတ်ကာ အနုဖတ် (၆) လက်မပိုင်းလေးတွေကို ဖြတ်တောက်ပြီး ရေ (၄-၅) ခွက်ထည့်ထားတဲ့ ဇလုံထဲမှာ နို့ထောပတ် အနည်းငယ်နှင့် ဆား အနည်းငယ် ထည့်ဖျော်ပြီး စိမ်ထားလိုက်ရင် အရောင်မပျက်ဘဲ အကြာကြီး အသုံးပြုနိုင်ပါတယ်။

သို့သော် အကယ်၍ ငှက်ပျောပင်စည် အစိမ်းစားရန် အစောပိုင်းတုန်းက ဖော်ပြခဲ့သလို ပဲပင်ပေါက်၊ ပဲပြား အစပ်အဟပ်အစုံနဲ့ စားသုံးတာမျိုးမဟုတ်ဘဲ ကြိတ်ဖျော်သောက်မည်ဆိုလျှင် အရသာအနည်းငယ် ခါးသက်နေမည် ဖြစ်သောကြောင့် နည်းလမ်းမျိုးစုံဖြင့် အဝင်ကောင်းအောင်လုပ်ရပါမယ်။

- ငှက်ပျောပင်စည်၊ နွားနို့ထောပတ် အနည်းငယ်၊ သကြား လက်ဖက်ရည်တစ်ဇွန်းနှင့် သစ်ကျပိုးမှုန့် အနည်း ငယ် ဖျော်စက်မှာ ရောကြိတ်ပြီး သောက်ပါ။

- ငှက်ပျောပင်စည်၊ သကြားသင့်တော်ရုံ၊ သံပုရာတစ်ခြမ်း၊ ရေ ထည့်ပြီး ဖျော်စက်မှာ ထည့်ဖျော် သောက်ပါ။

- ငှက်ပျောပင်စည်၊ ပန်းသီး၊ သကြား လိုသလောက် ဖျော်သောက်ပါ။

- ငှက်ပျောပင်စည်၊ ဒိန်ချဉ်၊ သကြား၊ သရက်သီးမှည့် ဖျော်သောက်ပါ။

- ငှက်ပျောပင်စည်၊ သခွား၊ ပူဒီနာရွက် အနည်းငယ်၊ သကြား ဖျော်သောက်ပါ။

- ငှက်ပျောပင်စည်၊ ကျောက်ဖရုံသီး၊ သကြား အနည်းငယ် ဖျော်စက်မှာ ရောကြိတ်ပြီး သောက်ပါ။

ဆီးချိုဖြစ်နေသူများ၊ ကျောက်ကပ်ကျောက်တည်နေသူများ၊ အစာအိမ်အနာဖြစ်နေသူများ၊ အစာအိမ်အချဉ်ပေါက် နေသူများ ငှက်ပျောပင်စည်ဖျော်ရည်ကို ဆေးအဖြစ်သောက်သုံးမယ်ဆိုရင်တော့ (၁၅၀) ဂရမ် (၉) ကျပ်သား မျှရှိတဲ့ ပင်စည်အပိုင်းကိုအမျှင်သေချာစွာဖယ်ထုတ်ပြီး ကြိတ်ချေကာ အရည် (၂၅) မီလီလီတာ ဟင်းစားဇွန်း သုံးဇွန်းနီးပါးကို မည်သည့်အရောအနှောမှ မပါဝင်စေဘဲ ရက် (၂၀) တိတိ သောက်ပေးနိုင်တယ်။ ဆေးဖြစ်တဲ့အတွက် အရသာတော့ ကောင်းမှာမဟုတ်ပါဘူး။ သောက်ပြီး သကြားနည်းနည်းစားလိုက်ပေါ့။ ဆီးချိုသမားကတော့ သကြားစားလို့ရမှာ မဟုတ်ဘူးပေါ့။

ဒီနေရာမှာ ငှက်ပျောပင်စည်ဖျော်ရည် သောက်သုံး၍ သော်လည်းကောင်း၊ အခြားသော သံမနိုင်ကျောက်မ နိုင်၊ ကျောက်ကွဲရွက်၊ အကြောတစ်ထောင်ရွက်များမှအစ ဆီးကျောက်တွေကို စွန့်ထုတ်စေနိုင်သော နည်းလမ်းတွေ မြောက်မြားစွာ ရှိနေပေမယ့်လည်း ကျောက်ကပ်နှင့် ဆီးပြွန်တစ်လျှောက်မှာ ဖြစ်တည်နေသော ကျောက် အရွယ်အစား ကြီးလွန်းတာနှင့် ဖြစ်ပွားသည့်နေရာပေါ်မှာ မူတည်ပြီး တစ်ခါတစ်ရံမှာ လူကို ဒုက္ခပေး နိုင်သည့် အတွက် ဆီးကျောက်ရှိနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ သောက်စေချင်ပါတယ်။

အဲဒါကြောင့် အထူးမှတ်မိ သိရှိထားရမှာကတော့ ခန္ဓာကိုယ်မှာ ကျောက်တည်ခြင်း ရောဂါကြောင့် ဆီးကျောက် ပျော်ဆေးသောက်သည်ဖြစ်စေ၊ အသံလှိုင်းဖြင့် ကျောက်ချေ၍ ဖြစ်စေ၊ ခွဲစိတ်ပြီးကျောက်ထုတ်ယူ၍ ဖြစ်စေ ကျောက် ထွက်သွားပြီးသော်လည်း နောက်ထပ်တစ်ကြိမ် ပြန်ဖြစ်နိုင်တယ်ဆိုတာကို သတိရနေဖို့ပါပဲ။

ငှက်ပျောပင်စည်ကို အစိမ်းသုတ်ခြင်း၊ ဖျော်ရည်သောက်သုံးခြင်း၊ ချက်ပြုတ်စားသောက်ခြင်းအတွက် မည်သည့်ဆိုးကျိုးကိုမျှ မပေးသော သဘာဝအစားအစာသာ ဖြစ်သောကြောင့် အာဟာရအတွက်ဖြစ်စေ၊ ဖော်ပြပါ ကျောက်တည်ခြင်း ထပ်မံမဖြစ်ပွားနိုင်စေဖို့ ဖြစ်စေ ကျန်းမာရေးအကျိုးရရှိစေဖို့ နည်းလမ်းကောင်းများသာ ဖြစ်သည့်အပြင် “ဆင်းရဲလို့ ငှက်ပျောအူ စားရတယ်” ဆိုသည့် အတွေးများကို ပယ်ဖျောက်လျက် ငှက်ပျောအူစားလို့ ကျန်းမာရေးကောင်းစေတယ်ဆိုတဲ့ အတွေးကို တွေးကာ လူတိုင်းကိုယ်စီ ကျန်းမာရေးအတွက် အသုံးပြုကြပါဟု ဆန္ဒပြုပါတယ်။

ကိုးကား-ငှက်ပျောစီးပွားဖြစ် စိုက်ပျိုးရေး၊ အာဟာရဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်