၂၀၂၄ နွေရာသီ မနှစ်ကထက် ၁.၅ - ၂ ဒီဂရီ ပိုပူမည်..

05/12/2023 17:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

ပထမဦးစွာ - ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေထဲမှာ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေထပ်ဖြစ်လာမှာကို မတွေ့ရတော့ပါဘူးဆိုတာ အရင်ပြောထားပါမယ်။ ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်းမှာ မုန်တိုင်း(BOB-10 2022)ဖြစ်ခဲ့ဖူးတာရှိပေမဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာပဲ ကုန်းတွင်းကိုဝင်သွားပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်း ပင်လယ်ပြင်အပူချိန်များစတင်ကျဆင်းလာတာကြောင့် မုန်တိုင်းဖြစ်ရန်ခက်ခဲသလို ဖြစ်ရင်လဲ မြောက်ဘက်ကို တက်မလာနိုင်တော့ပါ။

လာနီညာနှင့် အယ်လ်နီညိုနှစ်အတွင်း မေလ နှင့် ဒီဇင်ဘာလများတွင် မုန်တိုင်းဖြစ်ခဲ့သည့်အခြေအနေ

၂၀၂၂ ခုနှစ်တုန်းက အာစန်နီ နဲ့ မန်ဒိုရပ်စ် ဆိုင်ကလုန်းမုန်တိုင်းတွေက မေလနဲ့ ဒီဇင်ဘာလအတွင်းမှာဖြစ်ခဲ့တာကြောင့် ဒီနှစ် ၂၀၂၃ ခုနှစ် ဆိုင်ကလုန်း မိုခါနဲ့ မိကျောင်းဝင်ချိန် (မေ/ဒီဇင်ဘာ - အချိန်တူကာလအတွင်း)မှာဖြစ်ခဲ့တာလို့ ပြောနိုင်ပါတယ်။

အာစန်နီနဲ့ မန်ဒိုရပ်စ် မုန်တိုင်းကြီးတွေဖြစ်ချိန်မှာတော့ ၂၀၂၂ - လာနီညာနှစ်၊ ကုန်သည်လေစီးကြောင်းအားကောင်းနေချိန်ဖြစ်လို့ အနောက်ဘက်(အိန္ဒိယကမ်းခြေဘက်)ကိုပဲ သွားကြတယ်။ ၂၀၂၃ အယ်လ်နီညိုနှစ်မှာတော့ အယ်လ်နီညိုကြောင့် ကုန်သည်လေစီးကြောင်းအားနည်းနေပြီး ဆိုင်ကလုန်းမိုခါက မြန်မာပြည်(အရှေ့ဘက်ကိုရွေ့) ဆိုင်ကလုန်း ဟာမွန်း၊ မစ်ဒီလီတို့က ဘင်္ဂလားဒေ့ရှ်ကမ်းခြေ(အရှေ့မြောက်ဘက်ကိုရွေ့)ခဲ့ကာ၊ ဒီဇင်ဘာလအတွင်း ဆောင်းမုတ်သုံ(အရှေ့မြောက်မုတ်သုံလေ)အားကောင်းချိန်မှာဖြစ်တဲ့ "ဆိုင်ကလုန်းမုန်တိုင်းမိကျောင်း"ကတော့ အိန္ဒိယ တမီလ်နာဒူးနဲ့ အန်ဒရာပရာဒက်ရှ်ကမ်းခြေ(အနောက်မြောက်ဘက်)ကိုရွေ့ပြီး အခုစာရေးချိန်(ဒီဇင်ဘာ ၅ ရက် နံနက် ၁၁ နာရီ)မှာ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နေဆဲဖြစ်ပါတယ်။

အယ်လ်နီညိုနှစ်အတွင်း မိုးရာသီအစမှကုန်ကာနီးအချိန်အထိ မုန်တိုင်းတွေအဖြစ်များပြီး အရှေ့ဘက်နဲ့ အရှေ့မြောက်ဘက်ကိုရွေ့ကြောင်း၊ ဆောင်းမုတ်သုံအားကောင်းချိန် နိုဝင်ဘာလကုန် ဒီဇင်ဘာလအတွင်းဖြစ်တတ်တဲ့မုန်တိုင်းတွေက အနောက်-အနောက်မြောက်ဘက်တွေကိုရွေ့လျားတတ်ကြောင်းမှတ်သားရပါတယ်။ 

Wikipedia မှတ်တမ်းမှာတော့ ၂၀၂၃ ခုနှစ်မုန်တိုင်းရာသီအတွင်း အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း အာရေဗျပင်လယ်၊ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တွေမှာ မုန်တိုင်းဖြစ်တာ ၈ ကြိမ်ရှိနေပြီး ဘင်္ဂလားပင်လယ်အော်ရဲ့ ၂၀၂၃ ခုနှစ်ရဲ့နောက်ဆုံးဆိုင်ကလုန်းမုန်တိုင်းကတော့ အိန္ဒိယဘက်ကို ဝင်ရောက်တိုက်ခတ်နေဆဲဖြစ်ကာ ထိခိုက်ဆုံးရှုံးမှု မှတ်တမ်းတော့ မရသေးပါဘူး။

ဆက်လက်ရင်ရဦးမဲ့ အစွန်းရောက်ရာသီဥတုပြောင်းလဲခြင်းများ

ကျနော်တို့ ဆက်ပြီးရင်ဆိုင်ရဦးမဲ့ အစွန်းရောက်ရာသီဥတုပြောင်းလဲခြင်းများကို လေ့လာကြည့်တဲ့အခါ - ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မေလ အထိ ရှိနေမဲ့ အယ်လ်နီညိုရဲ့ သက်ရောက်မှုကို ဘယ်လောက်အတိုင်းအတာအထိရင်ဆိုင်ရဦးမလဲမသိသေးပါ။ အယ်လ်နီညိုအပြင် အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်တဲ့ IOD positive အခြေအနေကလဲ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ မှာမှ ပုံမှန်(NEUTRAL)ပြန်ဖြစ်မယ်လို့ ပညာရှင်များရဲ့ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

နိဂုံးချုပ်အနေနဲ့ မိုးလေဝသပညာရှင် ဆရာကြီး ဒေါက်တာဦးထွန်းလွင်ကတော့ ဒီလိုသတိပေးထားခဲ့ပါတယ် ...

  • အယ်လ်နီညိုဖြစ်ခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံမှာကြုံတွေ့ခဲ့ကြရတဲ့ ရာသီဥတုပြောင်းလဲမှု တွေကိုလေ့လာဆန်းစစ်ကြည့်တဲ့အခါ ထူးခြားမှုတွေရှိခဲ့တာကိုတွေ့ရပါတယ်။ အားကောင်းတဲ့အယ်လ်နီညိုသာဖြစ်ခဲ့ရင် မုတ်သုံလေ ရာသီဥတုမှာ တော်တော်သိသိသာသာအပြောင်းအလဲတွေရှိခဲ့တာကိုတွေ့ကြရပါတယ်။ 
  •  မုတ်သုံ အဝင်မှာနောက်ကျတာတို့၊ အထွက်မှာစောတာတို့၊ မုတ်သုံအင်အားနည်းတာတို့၊ မုတ်သုံမိုးလျော့တာတို့၊ အပူချိန်တိုးတာတို့စတာတွေဟာ တကယ်တော့ရာသီဥတုခန့်မှန်းရေးမှာ အရေးပါလှပါတယ်။ 
  • နောက်တစ်ချက်ကအယ်လ်နီညိုဖြစ်စဉ်တစ်ခုရဲ့သက်တမ်းကာလဟာ ၁၈ လ လောက်သက်တမ်းရှိပါတယ်။ ဒီဇင်ဘာလလောက်မှာ အားအကောင်းဆုံးကို ရောက်လာတတ်တဲ့ အယ်လ်နီညိုဖြစ်စဉ်ရဲ့အမှာင့်ပယောဂဟာ ရှေ့ ၉ လ နောက် ၉ လလောက်ကြာလေ့ရှိပါတယ်။ ဒီဇင်ဘာလကိုဗဟိုပြုပြီး ရှေ့ ၉ လ ဟာ မတ်လလောက်ကစလေ့ရှိပြီး၊ နောက် ၉လကတော့ နောက်နှစ်ရဲ့ စက်တင်ဘာလလောက်အထိ အယ်လ်နီညိုရဲ့ အကျိုးသက်ရောက်မှုဂယက်က ရှိတတ်ပါတယ်။ 
  • အနည်းဆုံး၁၂ လနဲ့တွက်ရင်တောင် အားကောင်းတဲ့ အယ်လ်နီညိုဖြစ်ပြီဆိုရင် ရှေ့နှစ်ရဲ့ မိုးနှောင်းနဲ့မိုးလွန်ကာလနဲ့ နောက်နှစ်ရဲ့မိုးကြိုနဲ့မိုးဦးကာလတွေ အကျိုးသက်ရောက် စေလေ့ရှိပါတယ်။ အယ်လ်နီညိုကိုအခြေခံပြီး မိုးလေဝသခန့်မှန်းမယ်ဆိုရင် အားသာချက်ကတော့ အချိန်ကာလ ၄-၅ လကြိုပြီး၊ မှန်ကန်မှုရာခိုင်နှုန်းမြင့်မြင့်နဲ့ခန့်မှန်းနိုင်တာဖြစ်ပါတယ်"။
  • ၂၀၂၄ - ၁ လပိုင်း က ၄ လပိုင်းအထိ ပုံမှန် အပူချိန်ထက် ၁.၅ ဒီဂရီမှ ၂ ဒီဂရီလောက်အထိပိုပူမယ်လို့ ကြိုတင်ခန့်မှန်းချက်တွေတွေ့ထားတယ်။

၂၀၂၃ ခုနှစ်အဆုံးသတ်ကာ ၂၀၂၄ နှစ်သစ်ကို ကူးပြောင်းချိန်မှာ ဖြစ်လာနိုင်တဲ့ သဘာဝဘေးများကို ရင်ဆိုင်ကျော်လွှားနိုင်အောင် လေ့လာမှတ်သားထားကြရမဲ့သင်ခန်းစာတွေဟာ ၂၀၂၂-၂၃ လာနီညာ+အယ်လ်နီညို ၂ နှစ်နဲ့တင် ကောင်းကောင်းလုံလောက်ပြီလို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး သဘာဝဘေးများနဲ့ အစွန်းရောက်ဖြစ်စဉ်အားလုံးမှ လွတ်ငြိမ်းချမ်းသာကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်