ကန်စွန်းဥစိုက်ပျိုးနည်းလေးသိချင်ပါတယ်
ကန်စွန်းဥ စိုက်ပျိုးနည်း **************** #မူရင်းဒေသ အမေရိကတိုက်၏ အရှေ့ပိုင်းဒေသသည် မူရင်းဒေသဖြစ်သည်။ #စိုက်ပျိုးသည့်ဒေသ ကန်စွန်းဥကို မြန်မာပြည်တွင် ဒေသအနှံ့အပြားတွင် စိုက်ပျိုးသည်။ #အမျိုးအစား ကန်စွန်းဥမှာ မျိုးပေါင်းမြောက်များစွာရှိသည်။ အသာမာမျိုးနှင့် အသားပျော့မျိုးဟူ၍ ခွဲခြားနိုင်သည်။ အချို့က အပင်ပေါက်ပုံ အလေ့အထ ပေါ်မူတည်၍ ခွဲကြသည်။ အလွယ်ဆုံးမှာ ကန်စွန်းဥ၏ အရောင်ပေါ်မူတည်၍ အမျိုးအစားခွဲခြင်း ဖြစ်သည်။ #ရေမြေရာသီဥတု သဲမြေ၊ သဲနုန်းနှင့် နုန်းမြေတို့တွင် ကန်စွန်းဥကို ကောင်းမွန်စွာ စိုက်ပျိုးနိုင်သည်။ သို့သော် အောက်ခံမြေသည် နုန်းစနယ်မြေဖြစ်ရန် လိုသည်။ မြေသည် ဖွယ်နေရမည်။ ရေဝပ်ဒဏ်ကို မခံနိုင်ချေ။ အလွန်စေးသောမြေတွင် ကန်စွန်းဥသည် အသားကြမ်းပြီး ပုံသဏ္ဍန် မမှန်တော့ပေ။ မြေ၏ အသင့်တော်ဆုံးအပူချိန်မှာ (၂၀-၃၀) ဒီဂဂီစင်တီဂရိတ်အတွင်း ဖြစ်သည်။ ကန်စွန်းဥသည် အတော်အသင့် ချဉ်သောမြေတွင် စိုက်ပျိုး၍ရသည်။ pH(၅.၈-၆.၇) အတွင်းရှိ မြေသည် အကောင်းဆုံးဖြစ်သည်။ အနည်းဆုံး ပူနွေးသော ရာသီ(၄) လရှိရန်လိုသည်။ မိုးအသင့်အတင့်ရွာသော ဒေသဖြစ်ရမည့်အပြင် အလင်းရောင် ကောင်းမွန်စွာ ရရှိရမည်။ #ပျိုးထောင်ခြင်း ကန်စွန်းဥကို စိုက်ပျိုးရာတွင် အညွန့်ကို ယူ၍ စိုက်ရသည်။ ဥကောင်းများကို ရွေးချယ်ပြီး ပျိုးထောင်၍ ရရှိသော အညွန့်များကို စိုက်ပျိုးပါက ပို၍ သေချာပြီး အထွက်လည်းကောင်းပေမည်။ (၅-၆) ပေကျယ်၍ သင့်လျော်မည့် အရှည်ကို ပျိုးဘောင်ပြုလုပ်ပေးပါ။ အလွန်ဖွယ်သော မြေ၊ သို့မဟုတ် သဲဆန်သောမြေတွင် ပြုလုပ်ပါ။ ရွေးချယ်ထားသော ဥများကို မာကျူရစ်ကလိုရိုဒ် တစ်ဆ၊ ရေအဆ(၁၀၀၀) စပ်ထားသော အရည်တွင် (၁၀) မိနစ်စိမ်ပြီး စိုက်ပါ။ အာရီတန်ဆေးကိုလည်း အသုံးပြုနိုင်ပါသည်။ ပျိုးဘောင်ပေါ်တွင် (၁) ပေခွဲခြား အတန်းများပြုလုပ်ပေး၍ ၎င်းအတန်းတွင် တစ်ပေလျှင် တစ်ဥချ၍ မြေနှင့် ဖုံးအုပ်စိုက်ပါ။ အပင်များမြေပေါ်သို့ ထွက်လောသောအခါ အပင်ခြေတွင် မြေဖို့ပေးပါ။ ဤသို့ဖို့ပေးခြင်းဖြင့် ပင်စည် အရင်းပိုင်း(၃-၄)လက်မအထိ မြေနှင့် ထိတွေ့သောနေရာတွင် အမြစ်များ ထွက်လာပေလိမ့်မည်။ ပျိုးပင်များ အတော်အတန် ရှည်လာ၍ မိမိလိုအပ်သော ကိုင်းအရေအတွက် ရနိုင်လောက်သည့် အရွယ်တွင် စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးနိုင်သည်။ #မျိုးစေ့နှုန်ထား တစ်ဧကအတွက် ပင်စည်ဖြတ်ပိုင်း (၂၀၀၀၀) ခန့် လိုအပ်သည်။ # မြေသြဇာနှုန်းထားများ #တစ်ဧကအတွက် နွားချေး – ၁၀ တန် ယူရီးယား – ၂၂၄ ပေါင် တီစူပါ – ၁၁၂ ပေါင် ပိုတက်ရှိ – ၂၂၄ ပေါင် ယူရီးယားကို (၂) ကြိမ်ထည့်သွင်းရာတွင် ဒုတိယကြိမ်တွင် လျှော့၍ထည့်ရမည်။ နိုင်ထရိုဂျင်ဂျင်များပါက ပင်ပိုင်းကြီးထွားမှုများပြီး သေး၍ ရှည်သော ဥများကိုသာ ရရှိပေမည်။ နွားချေးမြေဆွေးကို ကန်စွန်းဥစိုက်ရန် အတွက် ထည့်ခြင်းထက် ကန်စွန်းဥမစိုက်မီ အစောပိုင်း စိုက်ပျိုးသည့် သီးနှံတွင် ထည့်ပေးသင့်သည်။ #မြေပြုပြင်ခြင်း ကန်စွန်းဥ၏ ပုံသဏ္ဍန်သည် သေး၍ရှည်နေခြင်းထက် အလုံးတုတ်ပြီး အသင့်အတင့်ရှည်ခြင်းကို ပိုမိုကြိုက်နှစ်သက်ကြသည်။ မြေပြုပြင် ရာတွင် ထယ်ရေး(၆-၈) လက်မအနက် အတွင်းသာ ရှိသင့်သည်။ များသောအားဖြင့် ဘောင်တင်စိုက်ပျိုးကြသည်က များသည်။ ဘောင်မှာ အကျယ်(၄-၆) ပေနှင့် ဘောင်အရှည်မြေအနေအထားပေါ် မူတည်၍ သင့်တော်သလို ဖော်ပေးရမည်။ အမြင့်မှာ (၈-၉) လက်မသာ ပြုလုပ်ပါ။ အကယ်၍ စိုက်ကွက်တွင် ရေဝပ်တတ်ပါက ၎င်းထက် ပိုမြင့်ရန် လိုပေမည်။ #စိုက်ပျိုးခြင်း အနည်းဆုံး အဆစ်(၄) ဆစ်ပါသော အတိုင်းများကို ဖြတ်စိုက်ရသည်။ အယ်(၂)ဆစ်ကို မြေတွင်ထည့်စိုက်၍ ဘေးအစွန်း(၂) ဆစ်ကို မြေပေါ်တွင် ရှိနေပါစေ။ အပင်၏ အဖျားပိုင်းအညွန့်ကို စိုက်ပျိုးက ဥအထွက်ပိုကောင်းစေသည်။ တစ်တန်းနှင့်တစ်တန်း (၂) ပေကွာ စိုက်တန်းတွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခြားစိုက်ပါ။ အပင်အကွာအဝေးကျယ်လျှင် အထွက်လျော့စေသည်။ ကန်စွန်းဥကို မိုးတွင်း မေလ၊ဇွန်လလောက်တွင် စတင်စိုက်ပျိုးသည်။ ရေရရှိသော ဒေသတို့တွင် ၎င်းထက်စောပြီး ရေသွင်းစိုက်ပျိုးသည်။ စိုက်ချိန်စော၍ အထွက်ပိုများသည်။ #အပင်ပြုစုခြင်း စိုက်ပြီးအစောပိုင်းတွင် ပေါင်းလိုက်မြက်ရှင်းခြင်းကို မကြာခဏပြုလုပ်ပေးရမည်။ အပင်များ တစ်ပင်နှင့်တစ်ပင် ရောယှက်လာ၍ မြေကို ဖုံးသွားပါက ပေါင်းလိုက်ရန် မလိုတော့ပေ။ စိုက်ပြီး ၂လခွဲ အကြာတွင် အပင်ခြေရင်းတွင် မြေတင်ပေးရမည်။ #ရေသွင်းခြင်း ကန်စွန်းဥသည် မိုးတွင်စိုက်ပျိုးသော သီးနှံဖြစ်၍ ရေသွင်းရန်မလိုချေ၊ ဆောင်းနှင့်နွေရာသီတွင် စိုက်လျှင် (၄) ရက် နှင့် (၉) ရက် အကြာ တွင် ရေတစ်ကြိမ်စီ သွင်းပေးရမည်။ ထို့နောက် ရာသီဥတုနှင့် မြေအခြေအနေပေါ်မူတည်၍ (၁၀) ရက်တစ်ကြိမ်ခန့် သွင်းပေးရမည်။ #ရိတ်သိမ်းခြင်းနှင့် အထွက် ကန်စွန်းဥစျေးကောင်းက မရင့်မီ အရွယ်ရောက်ဥများကို တူးဖော်ရောင်းချနိုင်သည်။ အကောင်းဆုံးမှာ ဥများရင့်သော အချိန်တွင် တူးဖော်ခြင်းဖြစ်သည်။ ကန်စွန်းဥကို မရင့်မီရိတ်သိမ်းက အလေးချိန် အလွယ်တကူ လျော့သွားမည်။ ဥများရင့်ပြီးနောက် မြေတွင် (၅-၆) ပတ်အထိ မရိတ်သိမ်းဘဲ ထားနိုင်သည်။ သို့သော် (၈-၉) ပတ်အထိထားက အထွက်များစွာ လျော့သွားပေမည်။ တစ်ဧကလျှင် ပိဿချိန် (၃၀၀၀-၅၀၀၀) ကျော်ထိ ထွက်ရှိသည်။ Source by – #ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း
ဆက်စပ်မေးခွန်းများ
ကစွန်းဥစိုက်ပျျိးနည်းလေး
ဖြေကြားချက် 2 ခု
ရောင်းဝယ်ရေးနှင့်ထွက်ရှိအများဆုံးဒေသ/လှည်းကူးတွင်စိုက်ချင်ပါသည်
ဖြေကြားချက် 1 ခု
ဘယ်အချိန် စိုက်၍ ဘယ်လိုစိုက်ရတယ်ဆိုတာ သိချင်ပါတယ်
ဖြေကြားချက် 2 ခု
ဂျပန်မျိုး ရွှေရောင် ကန်စွန်းဥ ကို စိုက်ပျိုုးချင်လို့ မျိုး ဘယ်ကနေ ဝယ်လို့ရနိုင်မလဲဆိုတာ သိသူများ လမ်းညွှန်...
ဖြေကြားချက် 3 ခု
ကန်စွန်းဥကိုဘယ်လိုစိုက်ပျိုးရမလဲ
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။