ဖြေကြားချက် ၃ ခု
အများစုစိုက်ပျိုးကြသည်မှာအဖို အမ လိင်စုံပင်ဟူ၍ကွဲပြားသောမြန်မာမျိုး မဟုတ်ဘဲ အပင်တိုင်းသီးပြီးအဝိုင်းနှင့်အရှည်သာကွဲပြားသည့် (၇၈၆) ခေါ် ထိုင်ဝမ်မျိုးစေ့ဖြစ်သည်။ ပထမဦးစွာ(၇၈၆)မျိုးစေ့များကိုည (၁၀) နာရီခန့်တွင်မိုးရေမဟုတ်သည့် ချောင်းရေ တွင်းရေတို့ဖြင့်စိမ်ပြီး မနက်(၈)နာရီခန့်တွင်ဆယ်ယူကာ ပိတ်ပါးစဖြင့်စစ်ပြီးစည်းနှောင်ကာ အမှောင်ချထားပါ။ ၃ရက်မှ၄ရက်မြောက်သောညတွင် အညှောင့်များ အစီအရီထွက်လာမည် ဖြစ်သည်။ အစေ့မညီညာသည့် အတွက်အချို့ သောအစေ့များမှာ အာရုံသာအာနေ မည်ဖြစ်သည်။ စိတ်မပူပါနှင့် ဆက်အုပ်ထားပါကပေါက်လာမည် ဖြစ်ပါသည်။ #ပျိုးအိတ်သွပ်ခြင်း ဗျက်(၃)လက်မနှင့် အမြင့်(၆)လက်မခန့်ရှိသော ပျိုးအိတ်များကိုထောင့်စွန်း(၂)ခု ဖြတ်ထားပါ။ ကောက်ရိုးမြေဆွေးပေါများ သောဒေသဖြစ်ပါက မြေဆွေး(၂)ဆ ဖွဲပြာ၁ဆ (၂း၁)စပ်ပြီး သိပ်ထည့်ပါ။ နွားချေးဆွေးလည်း အသုံးပြုနိုင်ပါသည်။ ပြီးပါက လက်သည်းခွံခန့်အစေ့မြုပ်ရုံ အချိုင့်လေးလုပ်ပြီး အညှောင့်ထွက်နေသော အစေ့ကိုချကာဖွဖွလေး အစေ့မပေါ်ရုံပြန်အုပ်ပါ။ #ပျိုးအိတ်နေရာချခြင်း အစေ့သွပ်ပြီးသောအိတ်များကို မင်္ဂလာရွက်ခေါ်ပထမဦးဆုံး အရွက်ဝိုင်းလေးနှစ်ရွက်ထွက်သည် အထိ အရိပ်ထဲမှာထားပါ။ပုရွက်ဆိတ်နှင့် ကြွက်များမဖျက်စီးနိုင်အောင် ဂရုစိုက်ပါ။ အပင်ပေါက်(၁)လက်မခွဲမှ(၂)လက်မရှည် သောအရွယ်ရောက်ပါက ပျိုးထုတ်များကို နေရောင်ကောင်းစွာရသောနေရာသို့ရွှေ့ပြောင်းပေးပါ။ အပင်ငယ်အားနေပြင်းဒဏ်နှင့်မိုးသီး ဒဏ်မှကာကွယ်ရန် မိုးကာအကြည်စကို မိုးပေးပါ။ တလမှသည်(၁)လခွဲခန့်ကြာသောအခါ စိုက်ပျိုးရန်အသင့်ဖြစ်နေသောပျိုးပင်များကို ရရှိမည်ဖြစ်ပါသည်။ #စိုက်ပျိုးရန်နေရာရွေးချယ်ခြင်း သင်္ဘောပင်သည်စိုစွတ်သောမြေကို နှစ်သက်သော်လည်းရေဝပ်ခြင်းဒဏ်ကို လုံးဝမခံနိုင်သောအပင်ဖြစ်သည်။ ရေတစ်ညမြုပ်ရုံနှင့် အပင်နာပြီး (၂) ည (၃)ညခန့်ဆက်မြုပ်ပါက ရေသောက် မြစ်ပုပ်ကာ အပင်ပါသေတတ်ပါသည်။ သင်္ဘောပင်စိုက်မည်ဆိုပါက (၁)-လောင်းရိပ်ကင်းလွတ်ပြီးအနည်းဆုံး နေရောင်ခြည်(၈၀%)ရရှိသောနေရာတွင် စိုက်ပါ၊ (၂)-ကုက္ကိုပင်နှင့်ငှက်ပျောပင်များ နီးသောနေရာတွင်လုံးဝမစိုက်ပါနှင့်။ (၃)-တနှစ်ပတ်လုံးရေမနစ်မြုပ်သောဘောင်ပေါ်တွင်သာစိုက်ပျိုးပါ။ အကယ်၍မြေနိမ့်ပါက ဘောင်များ ဖော်ပြီးမှစိုက်ပျိုးပါ။ #စိုက်ပျိုးရန်ပြင်ဆင်ခြင်း စိုက်ပျိုးရန်မြေနေရာပြင်ဆင်ခြင်းလုပ် ငန်းကို အစေ့များအိတ်စသွပ်သည့်အချိန် ထက်နောက်မကျဘဲပြင်ဆင်သင့်ပါသည်။ ပထမဦးစွာစိုက်မည့်နေရာတွင် တပင်နှင့်တပင်(၄)ပေမှ(၆)ပေမိမိလိုချင် သည့် အကွာအဝေးအလိုက် ကြိုးတိုင်းပြီး တိုင်းတုတ်ကလေးများစိုက်ထားပါ။ ပြီးပါက တိုင်းတုတ်ကလေးများ၏ (၁)ထွာပတ်လည်ကို ဘေးမှမြေသားယူပြီး (၇)လက်မအမြင့်ပတ်လည်ဝိုင်းပေးပါ(စိုက်ပျိုးချိန်တွင် မြေဆွေးနှင့် ပြာများထည့်နိုင်ရန်ဖြစ်သည်)။ပေါင်းမြက်များမရှိစေရန်လည်း သတိပြုပါ။ #အပင်မြေချစိုက်ပျိုးခြင်း သဘော်ပင်ပေါက်များအရွယ်ရောက်၍ မြေချစိုက်မည်ဆိုလျှင် ကောက်ရိုးမြေ ဆွေးပေါများသောဒေသဖြစ်ပါက မြေဆွေး(၂)ဆ ဖွဲပြာ(၁)ဆရောပြီး အထက်တွင်ရေးခဲ့သောအဝိုင်းခွေထဲ တွင် ထည့်၍ခံထားပေးပါ။မြေဆွေးသည် သဘာဝမြေသြဇာဖြစ်၍(၅)ပြည်ခန့် ထည့်နိုင်လေကောင်းလေဖြစ်ပြီး အန္တရာယ်ကင်းကာ ဓါတ်မြေသြဇာဖိုး လည်း သက်သာပါသည်။ကျင်းထဲတွင် မြေဆွေးများထည့်ပြီးပါက စိုက်မည့်အပင် ကိုယူလာပြီးကျင်းထဲတွင် မြေဆွေးကို အနည်းငယ်ဖယ်ကာ အပင်ကို ထည့်ပြီးအရင်း မြုပ်သည်အထိ မြေဆွေးဖုံးပါ ။ပြီးပါက မြေဆွေးများအလေလွင့်မဖြစ်စေရန် ဘေးမှမြေသားကို တူရွင်းပြားနှင့်ယှက်ပြီး အပေါ်မှလုံအောင်လိုက်ဖိပေးခြင်းဖြင့် အပင်စိုက်ပျိုးခြင်း ပြီးမြောက်ပြီဖြစ်ပါသည်။ကျင်းဟုဆိုရာတွင် တူးကျင်းမဟုတ်ပါ မူလမြေပေါ်သို့ထပ်၍ ဖို့ထားသောဖို့ ကျင်းသာဖြစ်ပါသည်။ စိုက်ပျိုးရာတွင် တချို့သောစိုက်ပျိုးကျွမ်းကျင်သူများက အပင်ကိုနေထွက်ရာအရပ်သို့(၄၅) ဒီဂရီစောင်း ၍စိုက်ခြင်း ရေသောက်မြစ်ကို ဖြတ်၍စိုက် ပျိုးခြင်းများလည်း ပြုလုပ်ကြပါသည်။ ထိုနည်း(၂)ခုစလုံးသည် အပင်ပုပုနှင့် သီးစေသောနည်းကောင်းများ ဖြစ်ပါသည်။ #အပင်ဆေးကျွေးခြင်းနှင့်ပြုစုခြင်း စိုက်ပြီးသောအပင်များသည်(၁)ပတ်အတွင်းအမြစ်စွဲပြီး အမြစ်ပွားနှုန်းလည်း မြန်ပါသည်။စိုက်ပြီး(၁၅)ရက်ခန့်မှစ၍ NPKသုံးမျိုးစပ်မြေသြဇာကို ချင့်ချိန်၍ကျွေးနိုင်ပါသည်။ နည်းနည်းနှင့်မကြာမကြာကျွေး သောနည်းကို ကျွန်တော်ပိုနှစ်သက်ပါသည်။(၁၅)ရက်တကြိမ်ဖြစ်စေ (၁)လကို(၁)ကြိမ်ဖြစ်စေဆန္ဒရှိသလိုကျွေး နိုင်ပါသည်။အစာကျွေးရာတွင်လည်း မှန်ကန်ဖို့အရေးကြီးသေးသည်။ သင်္ဘောပင်၏အမြစ်သည် အပင်ထက်ရှည်အောင်ထွက်၍ အစာရှာသောအပင်မျိုးဖြစ်သည်။ အစာကျွေးရာတွင်သင်္ဘောပင်အရွက်ဖျား များနှင့် အညီပတ်ပတ်လည်ကို အနည်းငယ်ဆွပြီးအစာကျွေးပါ။အပင်ခြေရင်းကို ကပ်မကျွေးပါနှင့်စိုက်ပြီး(၄၅)ရက်မှရက်(၅၀) အတွင်း အဖူးကင်းလေးများဝင်လာမည် ဖြစ်ပါသည်။ နွေရာသီတွင် သင်္ဘောပင်ပတ်လည်ကိုကောက်ရိုး(သို့မဟုတ်)ခုတ်သင်ထားသောပေါင်းမြက်များအား အခြောက်ခံ ပြီး ထူထူဖုံးအုပ်ထားသင့်ပါသည်။ ထိုသို့ ဖုံးအုပ်ခြင်းဖြင့် ရေလောင်းရသက်သာကာ အစိုဓါတ်လည်းမြဲနေမည်။ ဝဲစားမြစ်ခေါ်အစာစုပ်ယူသည့်အမြစ်လေးများကလည်း အဆွေးအစိုဓါတ်ရှိရာလာသည့်အတွက် မြေသြဇာကျွေးရာတွင် လည်းပိုမိုထိရောက်မှုရှိမည်ဖြစ်ပါသည်။ Ko Ye
ဆက်စပ်မေးခွန်းများ
သဘေ်ာမျိုးစေ. 786 ပျိုးနည်းတိတိကျကျအသေးစိတ်သိချင်ပါတယ်
ဖြေကြားချက် 4 ခု
သဘော်ပင်က အရွက်တွေ တွန့်နေလို့ပါ ဘာဆေးကြွေးရမလဲခင်ဗျာ
ဖြေကြားချက် 1 ခု
ဒီလိုပုံစံံတွေဖြစ်နေတာဘာဆေးများဖြန်ရင်ပျောက်မလဲဆိုတာအကြံပေးပါလားဗျာ
ဖြေကြားချက် 2 ခု
ဆရာတို့ သင်္ဘောပင်စိုက်ပျိုးနည်းလေးပြောပေးကြပါလား
ဖြေကြားချက် 1 ခု
သင်္ဘောပင်စိုက်ပျိုးနည်းသိချင်လို့ပါဆရာတော့
ဖြေကြားချက် 5 ခု