စိုက်ပျိုးသုတ ...စက်တင်ဘာလ
စက်တင်ဘာလသည် မိုးလယ်ကာလမှ မိုးနှောင်းသို့ ကူးပြောင်းချိန်ဖြစ်ကာ မိုးစပါး၊ မိုးနှောင်းနေကြာ၊ ချည်မျှင်ရှည်ဝါနှင့် အခြားယာသီးနှံများ အထွက်နှုန်းမြင့်မားရေးအတွက် အလွန်အရေးပါသောလဖြစ်သည်။ ဤဆောင်းပါးတွင် လအတွင်း ဆောင်ရွက်သင့်သည့် နည်းစနစ်များကို စိုက်ပျိုးသုတ မျှဝေထားပါသည်။
၁။ မိုးစပါးသီးနှံ (သာမန်စိုက်ခင်း)
အောင်ရေကို စနစ်တကျ ထိန်းသိမ်းရေး
စက်တင်ဘာလတွင် မုတ်သုန်မဆုတ်ခွာမီ မိုးရွာသွန်းနိုင်သော်လည်း မိုးပြတ်ပါက စိုက်ခင်းများအတွင်း ရေကြာရှည်စွာ တည်နေစေရန် လယ်တစ်ကွက်ချင်းအတွင်း အောင်ရေ ထိန်းသိမ်းရေးကို အထူးဂရုပြုသင့်ပါသည်။
မိုးကြီးရွာသွန်းပါက ရေလွှမ်းမှု ရေကြီးမှုမဖြစ်စေရေးအတွက်လည်း ရေသွင်းရေထုတ် မြောင်းများ ကောင်းမွန်အောင် ဖော်ထားပေးသင့်ပါသည်။
နိုက်ထရိုဂျင်မြေဩဇာကို အချိန်မှန်၊ ပမာဏမှန် အသုံးပြုရေး
စပါးပင်ပွားဖွံ့ဖြိုးချိန်တွင် နိုက်ထရိုဂျင်အာဟာရသည် အရေးကြီးပါသည်။ သို့သော် နိုက်ထရိုဂျင်မြေဩဇာကို တစ်ကြိမ်တည်း အများအပြားကျွေးခြင်းထက် သီးနှံ၏ လိုအပ်ချက်နှင့် မြေအခြေအနေအလိုက် အကြိမ်ခွဲ၍ ကျွေးပေးခြင်းက ပိုမိုထိရောက်ပါသည်။
တစ်ကြိမ်တည်း အလွန်အကျွံကျွေးပါက အပင်မှ မယူသုံးနိုင်၍ မြေဩဇာများ လေလွင့် ခြင်း၊ ရေဖြင့်မျောပါခြင်းတို့ကြောင့် ဆုံးရှုံးနိုင်ပါသည်။ ထို့ကြောင့် မြေဩဇာ၏ အကျိုးအာနိသင် ကို အပြည့်အဝရရှိစေရန် အပင်၏ကြီးထွားမှုအဆင့်နှင့် ကိုက်ညီအောင် ခွဲဝေကျွေးပေးသင့် ပါသည်။
မြေဩဇာအသုံးပြုရာတွင် မိမိလယ်မြေ၏ မြေဆီလွှာအခြေအနေ၊ စပါးမျိုးနှင့် အပင် ဖြစ်ထွန်းမှုအခြေအနေတို့ကို ထည့်သွင်းစဉ်းစားသင့်ပြီး လိုအပ်သည့်အချိန် လိုအပ်သည့် ပမာဏ ကိုသာ ကျွေးပေးသင့်ပါသည်။
ထုထယ်တူ မြေဆွေး သို့မဟုတ် ကောင်းစွာဆွေးမြေ့ပြီးသော နွားချေးဆွေးများကို ယူရီးယားဓာတ်မြေဩဇာနှင့် စနစ်တကျ ရောစပ်အသုံးပြုခြင်းဖြင့် မြေဆီလွှာ၏ ဖွဲ့စည်းပုံ ကောင်းမွန်စေပြီး မြေဆီလွှာအတွင်း အော်ဂဲနစ်ပစ္စည်းများ တိုးပွားစေကာ နိုက်ထရိုဂျင် မြေသြဇာအကျိုးအာနိသင်ထိရောက်စေနိုင်ပါသည်။
ပေါင်းမြက်ကင်းစင်စေရေး
စပါးပင်များ ကြီးထွားချိန်တွင် ပေါင်းမြက်များနှင့် အာဟာရ၊ ရေ၊ နေရောင်ခြည်တို့ ရယူမှုတွင် ယှဉ်ပြိုင်မှုများ ရှိနေပါသည်။ ထို့ကြောင့် စိုက်ခင်းအတွင်း ပေါင်းမြက်ကင်းစင်ရေးကို အချိန်မီ ဆောင်ရွက်သင့်ပါသည်။
ပေါင်းသတ်ဆေးအသုံးပြုမည့်အခါ စပါးပင်အသက်၊ ပေါင်းမြက်အမျိုးအစားနှင့် ပေါင်းမြက်အရွယ်အစားတို့ကို ထည့်သွင်းစဉ်းစားရပါမည်။ ပေါင်းမြက်များ အရွယ်လွန်နေပါက ပေါင်းသတ်ဆေး၏ ထိရောက်မှု လျော့နည်းနိုင်သဖြင့် လက်ပေါင်းနှုတ်ခြင်း၊ သင့်လျော်သော ကြားပေါင်းလိုက်ကိရိယာဖြင့် ပေါင်းမြက်နှိမ်နင်းခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။
ပိုးမွှားနှင့် ရောဂါများကို စောစီးစွာ စောင့်ကြည့်ကာကွယ်ခြင်း
မိုးများခြင်းနှင့် စိုထိုင်းဆမြင့်မားခြင်းတို့ကြောင့် အချို့သောပိုးမွှားနှင့် ရောဂါများ ကျရောက်နိုင်ပါသည်။ ထို့ကြောင့် စပါးခင်းကို ပုံမှန်လှည့်လည်စစ်ဆေးပြီး အရွက်အရောင် ပြောင်းခြင်း၊ အရွက်တွင် အစက်အပြောက်များဖြစ်ခြင်း၊ ပင်စည်နှင့် ပင်ခြေတွင် ပိုးကျခြင်း စသည့် လက္ခဏာများကို စောစီးစွာရှာဖွေသင့်ပါသည်။
ပိုးမွှားနှင့် ရောဂါတွေ့ရှိပါက ချက်ချင်းဆေးဖျန်းခြင်းထက် ဖြစ်ပေါ်နေသော ပိုးမွှား၊ ရောဂါကို မှန်ကန်စွာ ခွဲခြားသတ်မှတ်ပြီး လိုအပ်မှသာ သတ်မှတ်နှုန်းထားအတိုင်း သင့်တော် သော အပင်ကာကွယ်ဆေးဖြင့် အသုံးပြုနှိမ်နင်းသင့်ပါသည်။
၂။ မိုးစပါးသီးနှံ(မျိုးစေ့ထုတ်စိုက်ခင်း)
သာမန်စပါးစိုက်ခင်းထက် အထူးဂရုပြုသင့်သည်မှာ မျိုးစေ့ထုတ်စပါးခင်းများတွင် အရည်အသွေးကောင်းမွန်သော မျိုးစေ့ရရှိရေးအတွက် မျိုးကွဲအပင်များကို အချိန်မီ ရှာဖွေ နှုတ်ပယ်ရန် ဖြစ်ပါသည်။
စပါးပင်များ ပင်ပွားအများဆုံးထွက်သည့်အချိန်မှစ၍ မျိုးကွဲအပင်များကို စတင်ရှာဖွေ နှုတ်ပယ်သင့်ပါသည်။ မိမိစိုက်ပျိုးထားသော စပါးမျိုးနှင့် မတူညီသည့် အပင်အရပ်အမြင့်၊ အနိမ့်အမြင့်၊ ပင်ပွားထွက်ရှိမှုပုံစံ၊ ပင်စည်စုထောင်မှု၊ ပြန့်ကားမှု၊ အရွက်အလျားနှင့် အကျယ်
ပင်စည်မှ အရွက်ထွက်သည့်ထောင့်အကျဥ်းအကျယ်၊ အပင်ဖြစ်ထွန်းမှုပုံစံ၊ ပန်းပွင့်ချိန်နှင့် ရင့်မှည့်ချိန် ကွာခြားမှု-စသည့် လက္ခဏာများရှိသော အပင်များကို မျိုးကွဲအပင်များအဖြစ် သတ်မှတ်၍ နှုတ်ပယ်သင့်ပါသည်။
တစ်ကြိမ်တည်း စစ်ဆေးရုံဖြင့် မလုံလောက်သဖြင့် စိုက်ခင်းကို အဆင့်ဆင့်၊ အခါခါ စစ်ဆေး၍ မျိုးကွဲအပင်များကို အမြစ်ပါအောင် နှုတ်ပယ်ဖယ်ရှားသင့်ပါသည်။ ဤသို့ဆောင်ရွက် ခြင် ဖြင့် မျိုးစေ့၏ မျိုးသန့်စင်မှုနှင့် အရည်အသွေးကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။

၃။ မိုးနှောင်းနေကြာ စိုက်ပျိုးရေး
မိုးနှောင်းနေကြာကို ရာသီချိန်အတွင်း စနစ်တကျ စိုက်ပျိုးနိုင်ရေးသည် အထွက်နှုန်း ကောင်းမွန်ရေးအတွက် အရေးကြီးပါသည်။
မြေပြုပြင်ခြင်း
နေကြာသည် အမြစ်စနစ်ကောင်းမွန်စွာ ဖွံ့ဖြိုးရန် မြေသားနက်နက်နှင့် အစိုဓာတ် ထိန်းနိုင်သောမြေကို နှစ်သက်သဖြင့် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက် မြေပြုပြင်ပေး သင့်ပါသည်။
မြေမပြုပြင်မီ ကောင်းစွာဆွေးမြေ့ပြီးသော နွားချေး၊ ကြက်ချေး သို့မဟုတ် သဘာဝ မြေဆွေးများကို ထည့်သွင်းပေးသင့်ပါသည်။ မြေပြုပြင်ချိန်တွင် နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယမ် အာဟာရဓာတ်များ ပါဝင်သော မြေဩဇာကို မြေအခြေအနေနှင့် သီးနှံလိုအပ်ချက် အလိုက် ထည့်ပေးသင့်ပါသည်။
အပင်ဦးရေနှင့် စိုက်ပျိုးအကွာအဝေး
တစ်ဧကလျှင် အပင်ဦးရေ ၂၉,၀၀၀ ခန့် ရရှိစေရန် တန်းကြား ၂ ပေ၊ ပင်ကြား ၉ လက်မ ခန့်ထား၍ တစ်ကျင်းလျှင် မျိုးစေ့ ၂ စေ့ နှုန်းဖြင့် စိုက်ပျိုးနိုင်ပါသည်။
မျိုးစေ့ကို မြေအနက် ၁.၅ လက်မမှ ၂ လက်မ ခန့်တွင် စိုက်ပျိုးသင့်ပါသည်။ သို့သော် မြေအစိုဓာတ်နှင့် မြေအမျိုးအစားအလိုက် မျိုးစေ့အတိမ်အနက်ကို သင့်လျော်စွာ မျိုးစေ့ချ စိုက်ပျိုးသင့်ပါသည်။
နေကြာမျိုးရွေးချယ်ရာတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ထုတ်ဝေထားသော ရေဆင်းစပ်မျိုးနေကြာ-၁ သို့မဟုတ် ဆင်းရွှေကြာ-၂ ကဲ့သို့ ဒေသနှင့် ကိုက်ညီသော မျိုးကောင်း မျိုးသန့်များကို အသုံးပြုနိုင်ပါသည်။
အပင်ပြုစုခြင်း
နေကြာပင်များ ပေါက်ရောက်ပြီး ၁၅ ရက်သားအတွင်း တစ်ကျင်းလျှင် အပင်ကောင်း တစ်ပင်သာ ချန်ထား၍ အပြီးသတ် သားခွဲပေးသင့်ပါသည်။ အပင်များကို အလွန်ထူထပ်စွာ ထားပါက အပင်များအကြား အာဟာရ၊ ရေ၊ နေရောင်ခြည် ယှဉ်ပြိုင်မှုများပြားပြီး အပင်ကြီးထွား ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါသည်။
၄။ မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ပျိုးရေး
မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ခင်းများတွင် အစောပိုင်းကာလ ပေါင်းမြက်နှိမ်နင်းရေးကို အထူးဂရုပြုသင့်ပါသည်။ လိုအပ်ပါက ငါးသွားသံထွန်ဖြင့် ထွန်ဝင်ခြင်း၊ ပေါက်ပြားဖြင့် ပေါင်း မြက်နှိမ်နင်းခြင်းနှင့် လက်ပေါင်းနှုတ်ခြင်းတို့ကို အခြေအနေအလိုက် ဆောင်ရွက်သင့်ပါသည်။ အထူးသဖြင့် ပင်ခြေပေါင်းမြက်များကို ဂရုတစိုက် ရှင်းလင်းပေးရပါမည်။
ပေါင်းမြက်များသည် ဝါပင်နှင့် အာဟာရ၊ ရေ၊ နေရောင်ခြည်တို့ ယှဉ်ပြိုင်သုံးစွဲသည့် အပြင် အချို့သော ပိုးမွှားများအတွက် ခိုအောင်းရာနေရာ ဖြစ်လာနိုင်ပါသည်။
ထို့အပြင် ဝါစိုက်ခင်းအတွင်း ပိုးမွှားကျရောက်မှု ရှိ၊ မရှိကို ပုံမှန်စစ်ဆေးသင့်ပါသည်။ အရွက်၊ အညွန့်စသည့် အပင်အစိတ်အပိုင်းတိုင်းကို အထူးဂရုပြုစစ်ဆေးပြီး ပိုးမွှားတွေ့ရှိပါက ပိုးအမျိုးအစားနှင့် ကျရောက်မှုအဆင့်ကို သိရှိပြီးမှ သင့်လျော်သော နည်းလမ်းဖြင့် ကာကွယ် နှိမ်နင်းသင့်ပါသည်။
၅။ အခြားယာသီးနှံများ
ဩဂုတ်လအတွင်း စိုက်ပျိုးထားသော မိုးလယ်ယာသီးနှံများဖြစ်သည့် မြေပဲ၊ ပဲတီစိမ်းနှင့် အခြားယာသီးနှံများကိုလည်း စက်တင်ဘာလတွင် အထူးဂရုပြုစောင့်ရှောက်ရပါမည်။
အထူးသဖြင့် ပေါင်းမြက်များကို အချိန်မီ ရှင်းလင်းပေးခြင်း၊ အပင်ခြေတွင် ရေမဝပ်စေရန် ဆောင်ရွက်ခြင်း၊ ပိုးမွှားနှင့် ရောဂါများကို ပုံမှန်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။
မိုးကြီးရွာသွန်းပြီးနောက် စိုက်ခင်းများအတွင်း ရေဝပ်နေပါက အပင်အမြစ်များထိခိုက် ခြင်းနှင့် အမြစ်ပုပ်ရောဂါများ ဖြစ်ပေါ်နိုင်သဖြင့် ရေထုတ်မြောင်း၊ စိမ့်မြောင်းနှင့် ပတ်မြောင်းများ ကို သင့်လျော်စွာ ထားရှိပေးရန် လိုအပ်ပါသည်။
စက်တင်ဘာလအတွင်း မိုးစပါးသီးနှံအပါအဝင် မိုးလယ်၊ မိုးနှောင်းယာသီးနှံများ အောင်မြင်ရေးအတွက် မိုးများသော်လည်း ရေဝပ်ခြင်းမဖြစ်စေရန် ရေထုတ်မြောင်းများ ပြင်ဆင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းမြက်ကို အချိန်မီရှင်းလင်းခြင်း၊ ပိုးမွှားနှင့် ရောဂါကို ပုံမှန်စစ်ဆေးပြီး လိုအပ်က နှိမ်နင်းခြင်းတို့ကို ဆောင်ရွက်ကာ စိုက်ပျိုးသည့်သီးနှံများ အောင်မြင် ဖွံ့ဖြိုး ဝင်ငွေတိုးကြစေလိုပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Nay Min Htet
လွန်ခဲ့သော ၁ လ ကပဲပုတ်စိုက်နည်းလေးပါတင်ပြပေးစေခြင်ပါတယ်ခင်ဗျာ။🙏
ဆက်စပ်မေးခွန်းများ
ခြံထဲ ဒီအပင်တွေချည်း ပေါက်နေကြလို့။ ပုံမှန်ကတော့ ခြံရှင်းရင်း မြေဆွေးလုပ်ပစ်တယ်။ ပုံထဲက အပင် 3 မျိုးရဲ့နာမည်နဲ့ အသုံးဝင်မဝင်လေး သိချင်လို့ပါ။ အသုံးမဝင်ရင် တခါတည်း ရှင်းပစ်ပြီး မြေဆွေးကန်ထဲထည့်လိုက်တော့မလို့ဗျာ။
Nyi M Htet • ဖြေကြားချက် 2 ခု
စပါးက အနှံပြူနေပါပီ ရေမရှိတော့ဘူး မြေကစိုနေရင် အဆေ့အဆန် ပြည့်၀နိင်သလား အမှော်အဖျင်း များမလား ဆရာ
နံပတ်2 • ဖြေကြားချက် 3 ခု
စပါးကျဲခင်း၁၀ရက်သားဘယ်ပေါင်းသက်ဆေးသုံးရမလဲ။
u win zaw • ဖြေကြားချက် 1 ခု
ရောဂါကျနေ့အရွက်တွေကို အခုလို ပုံအတိုင်း ညှပ်ချလိုက်ပါတယ် တတန်းဘဲဘညှပ်ရသေးပါတယ် ညှပ်သင့် မညှပ်သင့် အဖြေကိုပြောပေးစေ လိုပါတယ်
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
တောင်ပပေါ်သားမျိူးပါဆရာ ခရမ်းချဉ် 3ပတ်ဘဲခူးရသးတယ် ရောဂါဆိုးဝါးဝါးကျနေလို့ပါ တခင်းလုံးတော့မဟုတ်ပါဘူး ခရမ်းချဉ်ဈေးလည်းကောင်းနေတာ့ အပင်ဆက်ထိန်းထားချင်လို့ပါ ကုလိုရနိုင်ပါသလား
ရှိုင်းထက်အောင် • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Soe Myint
အားလုံး