အသားတိုးကြက်မွေးမြူရေး မိတ်ဆက် (၂)

05/12/2022 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

အသားတိုးကြက်မွေးမြူရေးနှင့်ပတ်သက်၍ သိသင့်သည့်အချက်များ၊ သတိထားသင့်သည့်အချက်များကို အပိုင်း (၁) တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မဖတ်ရှုရသေးပါက အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3B6wTne

ယခုအပိုင်း(၂) တွင်လည်း နောက်ထပ်သိသင့်သည့်အချက်များ၊ သတိထားသင့်သည့်အချက်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။

အမြတ်အစွန်းနည်းခြင်း

အသားတိုးကြက်များ၏ ကြီးထွားနှုန်းမှာ အလွန်မြင့်မားသော်လည်း ထိုသို့ကြီးထွားနှုန်းကောင်းသည့် ကြက်မျိုးကို ထုတ်လုပ်ရန်မှာလည်း ကုန်ကျစရိတ်က မြင့်မားလှပါသည်။ သို့အတွက် ကြက်ပေါက်တစ်ကောင်၏ တန်ဖိုးမှာလည်း မြင့်မားနေမည် ဖြစ်ပါသည်။ လက်ရှိအချိန်တွင် အသားတိုးကြက်ပေါက်တစ်ကောင်လျှင် ကျပ် ၁၈၀၀ ခန့်ထိ ရှိနေပါသည်။ 

ကြက်မျိုးက ထုတ်လုပ်ပေးနိုင်သည့် ကြီးထွားနှုန်းရရှိစေရန် အာဟာရဓာတ်ပြည့်ဝသည့်အစာနှင့် အသေးစိတ်ကျပြီး အရည်အသွေးမြင့်မားသည့် ပြုစုစောင့်ရှောက်မှုလိုအပ်ရာ ယင်းတို့သည်လည်း ကုန်ကျစရိတ်များသည့် ကိစ္စရပ်များ ဖြစ်ပါသည်။ 

တစ်ဖက်တွင် အသားတိုးကြက်များအား ထုတ်လုပ်ရောင်းချရာတွင် “ထုတ်လုပ်မှုကုန်ကျစရိတ် အပေါ် အခြေခံ၍ တွက်ချက်သည့် ရောင်းဈေး” ဖြင့် ရောင်းချရခြင်း မဟုတ်ပါ။ “ဈေးကွက်အတွင်း ရောင်းလိုအား၊ ဝယ်လိုအားတို့က ဆုံးဖြတ်သည့် ဈေးနှုန်း” ဖြင့်သာ ရောင်းချရခြင်း ဖြစ်ပါသည်။ ကြက်ခြံဖမ်းဈေးနှင့် ဈေးတွင် စားသုံးသူများ ဝယ်ယူစားသုံးရသည့် ကြက်သားဈေးနှုန်းတို့မှာ ကြီးကြီးမားမား ကွာခြားမည် ဖြစ်ပါသည်။ 

ထို့ကြောင့် ကြက်တစ်ကောင်ချင်းစီက ရရှိသည့် အမြတ်အစွန်းမှာ အလွန်နည်းပါးလှပါသည်။ အသားတိုးကြက်မွေးမြူသူအနေဖြင့် မိမိရည်မှန်းသည့် အမြတ်အစွန်းတစ်ခုကို ရရှိရန်အတွက် ကြက်ကောင်ရေများစွာ မွေးမြူရနိုင်ပါသည်။ ဥပမာအားဖြင့် ကြက်တစ်သုတ် (အချိန် ၁၀ ပတ်၊ တနည်းအားဖြင့် ၂ လကျော်) အတွင်း ကြက်တစ်ကောင်မှ အမြတ် ၃၀၀ ကျပ်သာ ရရှိသည် ဆိုပါစို့။ တစ်လလျှင် အမြတ်ငွေ ကျပ် ၁၀ သိန်း (ကြက် တစ်သုတ်အတွက် ကျပ် သိန်း ၂၀) ရရှိရန် ရည်မှန်းလျှင် ကြက်ကောင်ရေ ၆,၀၀၀ ကျော် မွေးမြူရန် လိုအပ်မည် ဖြစ်ပါသည်။ 

အရင်းအနှီးကြီးမားခြင်း

အသားတိုးကြက်မွေးမြူရေးစတင်လုပ်ကိုင်ရန်၊ မြေ၊ အဆောက်အဦ၊ ရေ၊ လမ်း၊ လျှပ်စစ်မီး အစရှိ သည့် အခြေခံအဆောက်အအုံများကို စတင်ရင်းနှီးမြှုပ်နှံရပါသည်။ ထို့နောက် ကြက်များစတင်မွေးမြူသည့်အခါ ကြက်တစ်သုတ်ချင်းစီအတွက် ကြက်ပေါက်၊ အစာ၊ ဆေးဝါး၊ လုပ်သား၊ စီမံခန့်ခွဲမှု၊ အချိန် စသည့် အရင်း အမြစ်များကို ထည့်သွင်းရင်းနှီးမြှုပ်နှံရပါသည်။ ကြက်တစ်ကောင်ချင်းစီက ရရှိသော အမြတ်အစွန်းမှာလည်း နည်းပါးသဖြင့် အကောင်ရေများများမွေးမြူရန် လိုအပ်ပြန်ပါသည်။ အကောင်ရေများများမွေးမြူရန် ရင်းနှီးမြှုပ်နှံမှုကြီးကြီး လိုအပ်လာပြန်သည်။ ထို့ကြောင့် ယေဘုယျသဘောအားဖြင့် အသားတိုးကြက် မွေးမြူရေးမှာ အရင်းအနှီးကြီးမားသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။  

တစ်နှစ်လျှင် အသားတိုးကြက် ၅-၆ သုတ်ခန့် မွေးမြူနိုင်မည်ဖြစ်ရာ မိမိ၏ကြက်များ ရောင်းချချိန်တွင် ခြံဖမ်းဈေး အနိမ့်၊ အမြင့် မျိုးစုံကို ကြုံတွေ့ရနိုင်ပါသည်။ သို့ဖြစ်ရာ မည်သည့်အသုတ်တွင် ရှုံး၍ မည်သည့်အသုတ်တွင် မြတ်မည်ကို တစ်ထစ်ချ ပြော၍ မရနိုင်ပါ။ တစ်နှစ်လုံးပေါင်း၍ စာရင်း ချုပ်သည့်အခါ လုပ်ငန်းတစ်ရပ်လုံးအတွက် အမြတ်ကို ရရှိနိုင်သော်လည်း၊ ကြက်တစ်သုတ်ချင်းစီတွင် အမြတ်ရှိနိုင်သလို၊ အရှုံးလည်း ရှိနိုင်သည်ကို မမေ့လျော့သင့်ပါ။ 

အကယ်၍ ပထမဆုံး မွေးမြူသည့် အသုတ်တွင် အရှုံးနှင့်ရင်ဆိုင်ရပါက နောက်ထပ်အသုတ်များ (အမြတ်ပြန်ရမည့် အသုတ်များ) ကို ဆက်လက်မွေးမြူရန် အရင်းအနှီး ထပ်မံ၍ လိုအပ်နိုင်ပါသည်။ ထို့ကြောင့် ကြက်တစ်သုတ်စာ အရင်းအနှီးဖြင့်သာ လုံလောက်မည် မဟုတ်ဘဲ၊ ပထမဆုံးအသုတ်တွင် ရှုံးသွားသည့်တိုင် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ရန် အရန်ငွေကြေးလိုအပ်နေဦးမည် ဖြစ်ပါသည်။ 

ကန်ထရိုက်စနစ်

အရင်းအနှီးကြီးမားပြီး၊ စွန့်စားရလွန်းသည့် လုပ်ငန်းဖြစ်သည့်အတွက် သာမန် အရင်းအနှီးအနည်းငယ်သာ ရှိသူများအတွက် အသားတိုးကြက်မွေးမြူရေး စတင်လုပ်ဆောင်ရန် ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် အချို့က ကန်ထရိုက်စနစ်ဖြင့် မွေးမြူကာ လုပ်ငန်းကို စတင်လေ့ရှိပါသည်။

ကန်ထရိုက်တာဘက်မှ ကြက်ပေါက်၊ အစာ၊ ဆေးဝါး၊ နည်းစနစ် များ စိုက်ထည့်ပြီး၊ မိမိက ခြံနှင့် လုပ်အားကို စိုက်ထည့်သည့် နည်းလမ်းကို အသုံးပြုကြပါသည်။ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံမှုနှင့် နှိုင်းယှဉ်လျှင် အကျိုးအမြတ် နည်းပါးသော်လည်း သေချာသည့် လုပ်ငန်းဖြစ်ခြင်း၊ လုပ်ငန်းကျွမ်းကျင်မှု မရှိသေးချိန်တွင် အလုပ်သင်သဘော ဆောင်ရွက်ကာ ကျွမ်းကျင်မှု တည်ဆောက်နိုင် ခြင်း၊ အသားတိုးကြက်မွေးမြူရေးကဏ္ဍအတွင်းရှိ အသားတိုးကြက်မွေးမြူသူများနှင့် ဆက်စပ်ပတ်သက်နေသူများ (ဥပမာ အစာကုမ္ပဏီ၊ ကြက်ဒိုင် စသည်ဖြင့်) နှင့် အချိတ်အဆက်များ တည်ဆောက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါသည်။ 

နောက်ပိုင်း လုပ်ငန်းကျွမ်းကျင်လာပြီး၊ အရင်းအနှီးတစ်ခုလည်း စုဆောင်းမိလာချိန်တွင် ကိုယ်ပိုင်ခြံ အဖြစ် ပြောင်းလဲမွေးမြူလိုပါက မွေးမြူနိုင်မည် ဖြစ်ပါသည်။ 

နည်းပညာ

အများစုမှာ ကြက်မွေးမြူရေးအကြောင်း ဂဃနဏ မသိရှိသေးဘဲ လုပ်ငန်းကို စတင်ဆောင်ရွက်လေ့ ရှိကြပါသည်။ ယင်းမှာ အကြီးမားဆုံး အမှားအယွင်းတစ်ရပ် ဖြစ်ပါသည်။ အသားတိုးကြက် မွေးမြူရေးလုပ်ငန်းမှာ သိပ္ပံနည်းကျ ချဉ်းကပ်ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ရာ မွေးမြူရေးနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုများကို သိပ္ပံနည်းကျ နားလည်ထားရန် လိုအပ်ပါသည်။ သို့မှသာ လုပ်ငန်းကို အမှန်တကယ် လုပ်ဆောင်ရာတွင် အမှားအယွင်း နည်းပါးပြီး၊ အရှုံးသက်သာမည် ဖြစ်ပါသည်။ 

အဝေးကမြက် ပိုစိမ်းစေဖို့ 

ယခုမှ အသားတိုးကြက်မွေးမြူရေးကို စတင်ဆောင်ရွက်လိုသူများသည် “အဝေးကမြက် ပိုစိမ်းသည်” ဟု ယူဆကာ ရေကြည်ရာ၊ မြက်နုရာ လုပ်ငန်းအသစ်တစ်ခုကို ရှာဖွေနေကြသူများ ဖြစ်ပါသည်။ ပိုကောင်းသည့်နေရာသို့ ရောက်အောင် သွားလိုသူများအနေဖြင့် မိမိတို့သွားရောက်မည့် နေရာသည် လက်ရှိအခြေအနေထက် ပို၍ သာလွန်ကောင်းမွန်နေရန် လိုအပ်ပါသည်။ တနည်းအားဖြင့် ပိုစိမ်းသည်ဟု ထင်ရသော အဝေးက မြက်များသည် ထင်သည့်အတိုင်း လက်တွေ့ စိမ်းစိုနေဖို့ လိုအပ်ပါသည်။ 

အဓိက လိုအပ်ချက်မှာ အသားတိုးကြက်မွေးမြူရေးအကြောင်း ရေရေလည်လည် သိရှိနေဖို့နှင့် အမှန် တကယ်မွေးမြူသည့်အခါ သိပ္ပံနည်းကျကျ မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်ရေး တို့ပင် ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်