အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)

ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)

ဆီထွက်သီးနှံများ (Oilseed Crops) အကြောင်းကို အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ် စဉ် (၁၀၀ မှ ၁၀၉)တွင်ရေးသားဆွေးနွေးခဲ့ပြီးဖြစ်ပါသည်။ သို့သော်စိုက်ပျိုးရေးတက္ကသိုလ်တက်ရောက်စဉ်က စာရေးသူတို့ထက် အတန်းကြီးသော မိတ်ဆွေ၊ အကိုကြီးဦးဇော်ဝင်းမှ ဆီအုန်းနှင့် မြေအသုံးချမှု အကြောင်း၊ မြန်မာနိုင်ငံဆီလိုအပ်ချက်များကို ရွေရောင်လွင်ပြင် အဖွဲ့၏ ဗဟုသုတမျှဝေခြင်းအစီအစဉ် (KSP_ Knowledge Sharing Program) တွင် ဆွေးနွေးခဲ့ ရာ ဆီအုန်းနှင့်အတူ ဆီလိုအပ်ချက်၏ အနာဂတ်အကြောင်း ရေးသားဆွေးနွေးလိုစိတ်ပေါ်လာသဖြင့် ဆီအုန်း (ဒုတိယပိုင်း/ အပိုင်း-၂) ဆက်လက်ရေးသားပါသည်။ စားအုန်းဆီအကြောင်း (အပိုင်း-၁) ကို အခြေ ခံစိုက်ပျိုးရေးသိပ္ပံပညာ အမှတ်စဉ်-၁၀၆ တွင် ဆွေးနွေး၊ ရေးသားခဲ့ပြီးဖြစ်ပါသည်။

ပထမဦးစွာ ကမ္ဘာ့အသီးအရွက်မှရရှိသောဆီ (Vegetable Oil) အသုံးကိုကြည့်ရအောင်ပါ။

ဇယား-၁ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီသုံးစွဲမှု — သီးနှံ/ဆီအမျိုးအစားအလိုက် (၂၀၂၅-၂၆)

အဆင့်

ဆီထွက်သီးနှံ

ရရှိသောဆီ

ခန့်မှန်း ကမ္ဘာ့သုံးစွဲမှု (သန်းမက်ထရစ်တန်)

ခန့်မှန်းရာခိုင်နှုန်း

ဆီအုန်းသီး (Oil Palm)

Palm Oil

≈ ၇၈.၄

≈ ၃၄.၃%

ပဲပုပ် (Soybean)

Soybean Oil

≈ ၆၉.၉

≈ ၃၀.၅%

မုံညင်း (Rapeseed/Canola)

Rapeseed Oil

≈ ၃၄.၄

≈ ၁၅.၀%

နေကြာ (Sunflower)

Sunflower Oil

≈ ၂၀.၀

≈ ၈.၇%

ဆီအုန်းစေ့ (Palm Kernel)

Palm Kernel Oil

≈ ၈.၉

≈ ၃.၉%

မြေပဲ (Peanut/Groundnut)

Peanut Oil

≈ ၆.၂

≈ ၂.၇%

ဝါစေ့ (Cotton seed)

Cottonseed Oil

≈ ၄.၇

≈ ၂.၁%

အုန်းသီး (Coconut)

Coconut Oil

≈ ၃.၇

≈ ၁.၆%

သံလွင်သီး (Olive)

Olive Oil

≈ ၃.၀

≈ ၁.၃%

၁၀

အခြားဆီများ

Other Vegetable Oils

≈ ၀.၈–၁.၀

<၀.၅%

စုစုပေါင်း

ကမ္ဘာ့ ဟင်းသီး ဟင်းရွက်ဆီများ

≈ ၂၂၉ 

၁၀၀%

မှတ်ချက်။ အထက်ပါကိန်းဂဏန်းများသည် ၂၀၂၅-၂၆ နှစ် (Marketing Year) အတွက် ခန့်မှန်းတန်ဖိုးများဖြစ်ပြီး အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ နောက်ဆုံး အချက် အလက်များ ထွက်ပေါ်လာသည်နှင့်အမျှ ပြင်ဆင်နိုင်ပါသည်။ ထိုဌာန၏ ၂၀၂၅/၂၆ ခန့် မှန်းချက်တွင် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ စုစုပေါင်းသုံးစွဲမှုကို ၂၂၈.၉ တန်သန်း (228.9 million metric tons) ခန့်ဟု ဖော်ပြထားပါသည်။

အရေးကြီးသောအချက်မှာ ဆီအုန်းနှင့်ပဲပုပ်ဆီနှစ်မျိုးတည်းသည် ကမ္ဘာ့ဟင်းသီး ဟင်းရွက်ဆီ သုံးစွဲမှု၏ သုံးပုံနှစ်ပုံခန့်ကို ဖုံးလွှမ်းထားပါသည်။

ထို့အပြင် ဟင်းသီးဟင်းရွက်ဆီများကို

(က) စားသုံးရန် (Food Use)

(ခ) စက်မှုလုပ်ငန်းသုံးရန် (Industrial Use)

(ဂ) ဇီဝလောင်စာ/ဇီဝဒီဇယ် ထုတ်လုပ်ရန် (Biofuel/Biodiesel) တို့အတွက် အသုံးပြု ကြပါသည်။ အမေရိကန်စိုက်ပျိုးရေးဌာန၏ ၂၀၂၅/၂၆ ခန့်မှန်းချက်အရ စုစုပေါင်း ဟင်းသီးဟင်းရွက်ဆီသုံးစွဲမှု၏ ၇၂% ခန့်သည် အစားအစာအတွက် ဖြစ်ပြီး စက်မှုသုံးစွဲမှု မှာ ၃၈% (64.1 million metric tons) ခန့်ရှိပါသည်။

စိုက်မွေးဆည်ဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနနှင့် ဦးဇော်ဝင်း၏ဆွေးနွေးချက်အရ စာရေးသူတို့မြန်မာနိုင်ငံသည် စားသုံးဆီလိုအပ်သော နိုင်ငံဖြစ်ပါသည်။ ပြည်တွင်းစားသုံးမှုမှာ ဆီ တန်ချိန် ၁-သန်းခန့်လိုအပ်ပြီး ၂၀၂၃-၂၄ ခုနှစ်က စားအုန်းဆီ တန်ချိန် နှစ်သိန်းခန့် ပြည်ပ မှတင်သွင်းခဲ့ရပါသည်၊ (DoP, 2024)

ပုံ-၁ ဆီအုန်းစိုက်ခင်းတစ်ခု

ဆီအုန်းဆီထုတ်လုပ်ရေး (Palm Oil production) ကို ကမ္ဘာပေါ်တွင်အများဆုံး ထုတ်လုပ်သုံးစွဲကြရခြင်းအကြောင်း

စားအုန်းဆီ/ဆီအုန်းဆီသည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံး ဟင်းချက်ဆီများထဲမှ တစ်မျိုး  ဖြစ်ပါသည်။ သို့သော် ဆီအုန်းဆီကို ကမ္ဘာတစ်ဝန်းတွင် အလွန်များပြားစွာ ထုတ်လုပ်သုံးစွဲ နေခြင်းမှာ လူ့ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်သောကြောင့် မဟုတ်ဘဲ၊ စိုက်ပျိုး မြေ တစ်ယူနစ်မှ ဆီထွက်နှုန်း အလွန်မြင့်မားခြင်းနှင့် စီးပွားရေးအရ ထိရောက်မှုရှိခြင်း တို့ကြောင့် ဖြစ်ပါသည်။

(က) ဆီအုန်းသည် နှစ်ရှည်သီးနှံဖြစ်သည်

ပဲပုပ်၊ နေကြာ၊ ကနိုလာမုံညင်းဆီစသည်တို့သည် အများအားဖြင့် နှစ်စဉ်ပြန်လည် စိုက် ပျိုးရသော သီးနှံများ ဖြစ်ပါသည်။ ဆီအုန်းမှာမူ နှစ်ရှည်ပင် ဖြစ်ပြီး နှစ်ပေါင်း ၂၀–၂၅ ခန့် အထိ စီးပွားဖြစ် ထုတ်လုပ်နိုင်ပါသည်။ ထို့အပြင် တစ်နှစ်လျှင် အကြိမ်များစွာ အသီးခိုင် များ ရိတ်သိမ်းနိုင်ပါသည်။ အရေးအကြီးဆုံး အားသာချက်မှာ တစ်ဟက်တာလျှင် ဆီထွက်နှုန်း အလွန်မြင့်မားခြင်း ဖြစ်ပါသည်။ ဆီအုန်းသည် ပဲပုပ်၊ နေကြာ၊ ကနိုလာ မုံညင်း ဆီ (Canola/Rapeseed) စသည့် အဓိကဆီထွက်သီးနှံများထက် မြေဧရိယာ တစ်ခုတည်း မှ ဆီပမာဏ ပိုမိုထုတ်လုပ်နိုင်ပါသည်။ ထို့ကြောင့် ဆီအုန်းစိုက်ပျိုးသူများ အနေဖြင့် မြေ ဧရိယာ အနည်းငယ်ဖြင့်ပင် ဆီပမာဏများစွာ ထုတ်လုပ်နိုင်ပြီး စီးပွားရေးအရ အကျိုးရှိ ပါသည်။

(ခ) အသုံးပြုနိုင်သည့် နယ်ပယ် အလွန်ကျယ်ပြန့်သည်

ဆီအုန်းဆီကို ဟင်းချက်ဆီ၊ မာဂျရင်း (Margarine)၊ မုန့်ဖုတ်လုပ်ငန်း၊ ဘီစကွတ်၊ ချော ကလက်နှင့် အချိုပစ္စည်းများ၊ အသင့်စားခေါက်ဆွဲများ (Instant Noodles)၊ ကြော်ထား သော အစားအစာများ၊ ဆပ်ပြာ၊ ဆပ်ပြာရည်နှင့် ကြေးချွတ်ဆေး (Detergent)၊ အလှကုန်၊ ဆီမှထုတ်လုပ်သောဓာတုပစ္စည်းများ (Oleochemicals)၊ ဇီဝဒီဇယ် (Biodiesel) စသည့် ထုတ်ကုန်များစွာတွင် အသုံးပြုပါသည်။

(ဂ) အစားအစာထုတ်လုပ်ရေးအတွက် သင့်တော်သော ဂုဏ်သတ္တိရှိသည်

ဆီအုန်းဆီသည် အပူပေးချက်ပြုတ်ရာတွင် တော်တော်လေး တည်ငြိမ်မှုရှိပြီး အခန်း အပူ ချိန်တွင် တစ်စိတ်တစ်ပိုင်း အခဲအဖြစ် ရှိနိုင်ပါသည်။ ထို့ကြောင့် စက်ရုံထုတ် အစားအစာ များ ထုတ်လုပ်ရာတွင် အလွန်အသုံးဝင်ပါသည်။

(ဃ) ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်သည်

တစ်ဟက်တာမှ ဆီထွက်နှုန်းမြင့်မားခြင်း၊ ထုတ်လုပ်မှုစနစ်နှင့် စက်ရုံအခြေခံအဆောက် အအုံများ ဖွံ့ဖြိုးပြီးဖြစ်ခြင်းတို့ကြောင့် ဆီအုန်းဆီသည် အခြားစားသုံးဆီများနှင့် ယှဉ်ပြိုင် နိုင်သော ဈေးနှုန်းဖြင့် ထုတ်လုပ်နိုင်ပါသည်။

ပုံ-၂ စားအုန်းဆီထုတ်လုပ်ပေးသောစက်ရုံ

လူ့သားများကျန်းမာရေးအတွက် ဆီအုန်းဆီသည် ကောင်းမွန်ပါသလား?

ဤနေရာတွင် အရေးကြီးသောအချက်တစ်ခုကို ခွဲခြားနားလည်ရန် လိုအပ်ပါသည်။

ဆီအုန်းဆီသည် အဆိပ်အတောက်ဖြစ်စေသောဆီ မဟုတ်ပါ။ သို့သော် နှလုံးသွေးကြော ကျန်းမာရေးကို အကောင်းဆုံးထိန်းသိမ်းလိုပါက ကျန်းမာရေးအတွက် အကောင်းဆုံး ရွေးချယ်စရာဆီဟုလည်း မဆိုနိုင်ပါ။

ဆီအုန်းဆီတွင် ပြည့်ဝအဆီ (Saturated Fat) ပါဝင်မှုသည် အတော်မြင့်ပြီး ခန့်မှန်း အား ဖြင့် ၅၀% ဝန်းကျင် ရှိနိုင်ပါသည်။ Saturated Fat များပြားစွာ စားသုံးပါက သွေးထဲရှိ LDL Cholesterol ("မကောင်းသော ကိုလက်စထရော") ကို မြင့်တက်စေနိုင်ပါသည်။ ထို့ ကြောင့် နှလုံးနှင့် သွေးကြောကျန်းမာရေးအတွက် Saturated Fat အစား Unsaturated Fat (မပြည့်ဝအဆီ) ပါဝင်သောဆီများကို ရွေးချယ်စားသုံးခြင်းက ပိုမိုသင့်တော်ပါသည်။

စားအုန်းဆီသည် လူ့ကျန်းမာရေးအတွက် မဖြစ်မနေ လိုအပ်ပါသလား?

မလိုအပ်ပါ။ လူ့ခန္ဓာကိုယ်အတွက် စားအုန်းဆီကို သီးခြားလိုအပ်ခြင်း မရှိပါ။ လူ့ခန္ဓာ ကိုယ်သည် မရှိမဖြစ်လိုအပ်သော အဆီအက်ဆစ်များ (Essential Fatty Acids) ကို လိုအပ်သော်လည်း ထိုအဆီအက်ဆစ်များကို ဆီအုန်းဆီမှသာ ရရှိရမည်ဟု မဆိုနိုင်ပါ။

အောက်ပါဆီများနှင့် အစားအစာများမှလည်း ရရှိနိုင်ပါသည် ဥပမာ - ပဲပုပ်ဆီ (Soybean Oil)၊ ကနိုလာဆီ (Canola/Rapeseed Oil)၊ နေကြာဆီ (Sunflower Oil)၊ ပြောင်းဖူးဆီ (Corn Oil)၊ မြေပဲဆီ (Peanut Oil)၊ သံလွင်ဆီ (Olive Oil)၊ အခွံမာသီးများ၊ အစေ့အဆန်များ၊ ငါးနှင့် ပင်လယ်စာများ

အဓိကအကြောင်းရင်းမှာ ပြည့်ဝဆီ (Saturated Fat) ပါဝင်မှုမြင့်မားခြင်း ဖြစ်ပါသည်။ အဓိက ဆက်နွယ်မှုမှာ— စားအုန်းဆီ က Saturated Fat ပါဝင်မှု မြင့်ပြီး LDL Cholesterol မြင့်တက်နိုင်ကာ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ် မြင့်တက်နိုင်ပါသည်၊ 

သို့သော် ဆီအုန်းဆီကို "ကောင်း/မကောင်း" ဟု ရိုးရိုးရှင်းရှင်း ခွဲခြားပြောခြင်းထက် "စား အုန်းဆီကို အစားထိုးပြီး မည်သည့်အဆီကို စားသုံးမည်နည်း?" ဟူသော မေးခွန်းသည် ပို၍ အရေးကြီးပါသည်။

စာရေးသူ၏အတွေး

မြန်မာ့ဟင်းလျာများ၏ သဘာဝအရ ဆီပြန်ဟင်းချက်လေ့ရှိပါသည်၊ အများစုမှာ ပိုလျှံဟင်းများကို နောက်တကြိမ် (ဥပမာ မနက်ချက်ပြီး ပိုလျှံပါကညနေစားရန်) အတွက်သို လှောင်ထားရာတွင် အများစုမှာ ရေခဲသေတ္တာ အဆင်မပြေ၍ ဆီပြန်ဟင်း ချက်စားသည် ဟူ၍ စာရေးသူထင်ပါသည်။ မြန်မာနိုင်ငံထဲတွင်ဘဲ စာရေးသူတို့ တိုင်းရင်းသား ညီအကို မောင်နှမများချက်သော ရိုးရာဟင်းများက ဆီပါဝင်မှုနည်းသဖြင့် ကျန်းမာရေး နှင့် အလွန်ညီညွတ်ပါသည်။ စားသုံးမှုဓလေ့ (Eating habits in Myanmar) ကို သုတေသနပြုပြီး အစား အစာစားသောက်မှုစနစ်ကို သုတေသနပြုပြီး လူအများစုက စားသုံးပုံ ပြောင်းလဲလာပါက  ဆီလိုအပ်မှုလျော့နည်း သွားလေမလားဟူ၍ အတွေးဝင်နေမိပါသည်။

ကျောင်းတက်စဉ်က စာရေးသူ၏တရုတ်သူငယ်ချင်းက ထမင်းကို လဘက်ရည်ပုဂံတစ်လုံး ပိုပိုနှင့် ဟင်း - ကန်ဇွန်းရွက်ကျော် (စာရေးသူတို့မြန်မာ ၄-ဦးစာလောက်ရှိ) ကို ချက်ခြင်း ကြော်ပြီး ပူပူနွေးနွေးတစ်ဦးထဲထိုင်စားတာကိုသတိရပါသည်။

တဖန် အိန္ဒိယနိုင်ငံသွားတော့ သူတို့ဓလေ့က မနက်စာ၊ နေ့ယ်စာ၊ ညနေစာစားခါနီးမှ နံပြား (Naan)၊ ပလာတာ (Parata)၊ ဂျပါတီ (Chapati) စသည်တို့ကို ဆီမပါဘဲ (သို့မ ဟုတ်) ထောပတ်အနဲငယ်ဖြင့် ပြုလုပ်ပြီး ပူပူနွေးနွေး စားလေ့ရှိသည်ကို သတိပြုမိပါ တော့သည်။

ကျန်းမာရေးရှုထောင့်မှ ဆီစားသုံးမှု အကြောင်း ဆက်လက်ဆွေးနွေးပါဦးမည်။

ဤဆောင်းပါးများဖြင့် စာရေးသူတို့ကျောင်းသားဘဝ ဆရာအဖြစ်မှ အငြိမ်းစားယူသွား သည်အထိ ဆီထွက်သီးနှံများအကြောင်း တစ်စိုက်မတ်မတ် သင်ကြားပေးခဲ့သူ၊ မြေပဲနှင့် နှမ်းသုတေသနများကို တောက်လျှောက်သုတေသနပြုခဲ့သူ စာရေးသူ၏ဆရာ ပါမောက္ခ (ငြိမ်း) ဆရာကြီးဦးမြသောင်း နှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အား ဂါရဝပြု၊ ကန်တော့အပ်ပါသည်။ 

(ဆက်ပါဦးမည်)

မှီငြမ်းစာအုပ် (Reference Book) နှင့် စာတန်း (Reference Paper)

DoP (2024) Myanma Agriculture in Brief. MoALI.

Hartley, C.W.S. (1977) The Oil Palm. 2nd Edition. Longman, London. 806p.

Fairhurst, T. (2001) ဆီအုန်းသီးနှံတွင် အဟာရဓာတ်ချို့တဲ့မှု လက္ခဏာများနှင့် မူမမှန်ဖြစ်ရပ်များ၊ အပြည်ပြည်ဆိုင်ရာ အပင်အာဟာရဓာတ်အဖွဲ့ (International Plant Nutrition Institute) နှင့် မြန်မာ့ဩဘာလုပ်ငန်းစု ၃၆-မျက်နှာ

မြန်မာ့နှစ်ရှည်ပင်လုပ်ငန်း (၁၉၉၉) အဟာရနှင့်ကျန်းမာရေး အထောက်အကူပြု ဆီအုန်းဆီ ၈-မျက်နှာ

ဦးဇော်ဝင်း၏ ပြောကြားချက်များ နှင့် PowerPoint File. (GP KSP 8 Aug 2026)

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။