အာဟာရချို့တဲ့နေကြောင်းကိုညွှန်ပြနေတဲ့ နွားခြံတွင်းလက္ခဏာများ

15/09/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

နို့ပေးနွားမများ၏ ထုတ်လုပ်မှုနှင့် ကျန်းမာရေးကောင်းမွန်စေရန်အတွက် အစာထဲတွင် အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များအချိုးညီညီ လုံလောက်စွာပါဝင်နေရန် လိုအပ်ပါသည်။ ထိုသို့မဟုတ်လျှင် နွားခြံအတွင်းတွင် အောက်ပါလက္ခဏာများကိုတွေ့ရတတ်ပါသည်။ 

(က) စားမြုံ့ပြန်သည့် နွားအကောင်ရေနည်းခြင်း

နွားခြံအတွင်း နွားများ နားနေချိန်တွင် နွားအားလုံး၏ ၅၀ ရာခိုင်နှုန်းအောက်သာ စားမြုံ့ပြန်နေလျှင် နွားများသည် အမျှင်ဓာတ် ပမာဏကို လုံလောက်စွာမရရှိသောကြောင့် ဖြစ်နိုင်ပါသည်။ ထို့သို့ ဖြစ်ရခြင်းမှာ အစာထဲတွင် အမျှင်ဓာတ်ပမာဏနည်းနေခြင်း (သို့မဟုတ်) အစာထဲတွင် အမျှင်ဓာတ်  လုံလောက်စွာပါဝင်သော်လည်း နွားမသည် အစာကို ရွေးချယ်စားသောက်ခြင်း (feed sorting:  အစာနုကိုသာ ရွေးချယ်စားခြင်း) ကြောင့်ဖြစ်နိုင်ပါသည်။ သေချာစေရန် နွား၏ မစင်ကိုကြည့်ပြီး စစ်ဆေးနိုင်သလို နို့တွင်ပါဝင်သော အာဟာရဓာတ်များ (နို့တွင်းအဆီဓာတ် ပမာဏ) ကို ကြည့်ပြီးလည်းစစ်ဆေးနိုင်ပါသည်။ 

(ခ) မစင်များပျော့နေခြင်း

နွား၏ မစင်များသည် အလွန်ပျော့နေခြင်း (သို့မဟုတ်) အရည် ဖြစ်နေလျှင် ကျွေးသည့် အစာထဲတွင် အမျှင်ဓာတ် လုံလောက်စွာ မပါသည်ကို ညွှန်ပြနေပါသည်။ အကယ်၍ မစင်တွင် ပူစီပေါင်းလေးများ တွေ့ရလျှင် နွားမ၏ အစာအိမ် (သို့မဟုတ်) အူမကြီးအတွင်း အက်စစ်ဓာတ် များခြင်း(acidosis) ကြောင့် ဖြစ်နိုင်ပါသည်။ ထို့သို့ ဖြစ်ရခြင်းမှာ အစာထဲတွင် ကစီဓာတ် များပြီး အမျှင်ဓာတ် နည်းသောကြောင့် ဖြစ်ပါသည်။ 

(ဂ) ခြေလက်နာနေသောနွား များနေခြင်း

အစာနုများပြီး အစာကြမ်းနည်းသော အစာကျွေးလျှင် အစာအိမ်တွင်း အက်စစ်ဓာတ်များခြင်း (rumianl acidosis) ဖြစ်ပြီး နွားများတွင် ခြေလက်နာခြင်း ဖြစ်တတ်ပါသည်။ (အခြား အကြောင်းရင်းများကြောင့် ခြေလက်နာခြင်းလည်း ရှိနိုင်ပါသည်။)

(ဃ) နို့ထွက်နှုန်းနှင့် နို့တွင်ပါဝင်သော အာဟာရဓာတ်များ

နို့ထွက်နှုန်း ရုတ်တရက် ပြောင်းလဲသွားခြင်းသည် အပူဒဏ် (heat stress) ခံစားရခြင်းကဲ့သို့သော ပတ်ဝန်းကျင်ဆိုင်ရာ လွှမ်းမိုးမှုများနှင့် အစာအာဟာရ ရုတ်တရက်ပြောင်းလဲလိုက်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ ထို့ကြောင့် နို့ထွက်နှုန်းမြင့်မားသော နို့ပေးကာလ အစောပိုင်းတွင် အစာရုတ်တရက် ပြောင်းကျွေးခြင်းကို ရှောင်ရှားသင့်ပါသည်။ အစာထဲတွင် အစာကြမ်းပမာဏနည်းလျှင် နို့တွင်းအဆီဓာတ် (milk fat) ပမာဏ ကျဆင်းတတ်ပါသည်။ မွေးခါစနွားမများတွင် စွမ်းအင်ဓာတ် မလုံလောက်သောကြောင့် နို့တွင်းအသားဓာတ် (milk protein) နှင့် အဆီ မဟုတ်သော အစိုင်အခဲ (solid not fat) ပမာဏ လျော့နည်းနေတတ်ပါသည်။ စွမ်းအင်ဓာတ် မလုံလောက် သောကြောင့် အစာခြေပိုးများသည် အသားဓာတ် အသုံးချနိုင်မှုကို ကောင်းစွာအလုပ်နိုင်သောကြောင့် နို့တွင်းအသားဓာတ် ပမာဏ လျော့နည်းရခြင်းဖြစ်ပါသည်။ စွမ်းအင်ဓာတ် အပိုဖြည့်စွက် ကျွေးခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။

(င) ရောဂါ ဖြစ်ပွားနှုန်းများခြင်း

နို့ပေးကာလ ပထမရက်ပေါင်း ၆၀ အတွင်းနှင့် မွေးခါစအချိန်တွင် ရောဂါဖြစ်ပွားမှုနှုန်းများ နေတတ်ပါသည်။ မွေးဖွားချိန် နွားများ လဲခြင်း (နှစ်ရာခိုင်နှုန်းကျော်)၊ နွားကလေး မွေးပြီး အချင်းကျန်ခြင်း (ရှစ်ရာခိုင်နှုန်းကျော်)၊ အစာအိမ်နေရာမမှန်ခြင်း (သုံးရာခိုင်နှုန်းကျော်) နှင့် သားအိမ်နှင့် ပတ်သက်သော ရောဂါများစသည့် ရောဂါများ အဖြစ်များပါသည်။ နို့ပေးကာလအစောပိုင်းတွင် ရောဂါများ ဖြစ်သောကြောင့် နို့ထွက်နှုန်း ကျဆင်းနိုင်သလို မျိုးပွားမှု ဆိုင်ရာ ပြဿနာများလည်း ဖြစ်နိုင်ပါသည်။ သားအိမ်နှင့် ပတ်သက်သော ရောဂါများ ဖြစ်နိုင်ခြေသည် ကလေးမမွေးမီ အစာစားနှုန်းကျဆင်းခြင်းနှင့် ဆက်စပ်နေပါသည်။

ဒေါက်တာမင်းအောင်ရေးသားသော နို့စားနွားမွေးမြူရေး စီမံခန့်ခွဲမှုများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်