အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၄၈) လယ်ယာသီးနှံစိုက်ပျိုးရေးပညာ (သီးနှံစိုက်ပျိုးနည်းစနစ်များ)

07/11/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – 48 Agronomy (Cropping Systems) 

ကျွန်တော် အနှစ် ၄၀ နီးပါး ရေဆင်းစိုက်ပျို:ရေးတက္ကသိုလ် လယ်ယာသီးနှံဌာနမှာ ကျောင်းဆရာ အလုပ်လုပ်ရင်း လယ်ယာသီးနှံဘာသာကြီး (Agronomy) အောက် ဘာသာခွဲများစွာ (Branches; Specialized Subjects) စာတွေ့၊ လက်တွေ့ သင်ကြား၊ သင်ယူခဲ့ရသည့်အတွက် သင်ကြားရေး အတွေ့အကြုံ အတိုင်းအတာ တစ်ခုအထိ ရှိပါသည်။

တစ်ချို့ ဆရာ၊ ဆရာမအလုပ် လျှောက်ချင်သူများမှာ ကွင်းမဆင်းချင်၍ လယ်ယာသီးနှံဌာနသို့ အလုပ်မလျှောက်ကြပါ။ ကျွန်တော်ကတော့ ပြောင်းပြန်ပါ၊ မနက်စောစောထတတ်သည့် ကျွန်တော့်၏ အကျင့်ကြောင့် စောစောစီးစီး ကွင်းဆင်းရသည့် အလုပ်ကို ကျွန်တော်သဘောကျပါသည်။ မနက်စောစော ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကွင်းထဲလမ်းလျှေက်ပြီး လေကောင်း၊ လေသန့်ရှူရှိုက်ကာ ကွင်းလက်တွေ့ (Field Practicals) ဆင်းရသည်က အလွန် ကြည်နူးဖွယ်ပါ။

ကျွန်တော်တို့ခေတ်က စိုက်ပျိုးရေးပညာများကို ဆရာများက မြန်မာလိုသင်ကြားပါသည်။ ပို့ချစာစဉ်တွေလည်း မရှိသလောက်ပါပဲ။ မှတ်မှတ်ရရ ဒုတိယနှစ်တွင် ဆရာကြီး ဒေါက်တာဆလိုင်းထွန်းသန်း၏ ဆန်စပါးစိုက်ပျိုးခြင်း (Rice Cultivation) ကို ဖူးစကက်စာရွက်များ (Full-scrap Papers) (ယခုခေတ်ကဲ့သို့ A4 စာရွက်များ မဟုတ်ပါ) ဖြင့်သုံး၍ ဖယောင်းစာရွက် (Wax papers) ဖြင့်ဖောက်၊ စာကူးစက်ဖြင့်လှည့်ကာ စာအုပ်ကြီးသဖွယ်ချုပ်ပြီး ဝယ်ယူဖတ်ရှုခဲ့ရသည်ကို မှတ်မိနေပါသည်။  

ပထမနှစ်သင်သော အခြေခံသိပ္ပံ ဘာသာရပ်များ (ဥပမာ - ရုက္ခဗေဒ၊ အင်အော်ဂဲနစ်ဓာတုဗေဒ) အစရှိသည်တို့ကိုတော့ တက္ကသိုလ်များပုံနှိပ်တိုက်က ထုတ်ဝေသဖြင့် ဝယ်ယူ၍ ရပါသည်။ စိုက်ပျိုးရေးနှင့် ပတ်သက်၍ မြန်မာလို ပြဌာန်းစာအုပ်များ (Text Books)၊ ပုံနှိပ်စာအုပ်များကတော့ အလွန်ရှားပါသည်။ 

ဆရာကြီး ဒေါက်တာဆလိုင်းထွန်းသန်း၏ စိုက်ပျိုးရေးဆိုင်ရာ အခြေခံစိုက်ပျိုးရေးသိပ္ပံပညာစာအုပ် ၁၉၆၉-ခုနှစ် ကတည်းက မန္တလေးစာအုပ်တိုက်တစ်ခုက ထုတ်ဝေပါသည်။ အခုခေတ်လို အွန်လိုင်း (Online) ကဝယ်ယူ၍ မရသဖြင့် စာကြည့်တိုက်မှာပင် ဖတ်ရှုခဲ့ရပါသည်။ စာကြည့်တိုက်မှာ မန္တလေးက ပြောင်းလာရ၍ စာသင်ခန်းမ - ၂ (Lecture Theatre-2) အောက်တွင် ယာယီဖွင့်လှစ်ခဲ့ရပြီး နောက်မှ (ကျွန်တော်တို့ အခေါ် ဆယ်သိန်းတန် အဆောက်အဉီ) သို့ပြောင်းရွှေ့ခဲ့ပါသည်။ စာသင်ခန်းမ - ၂ အောက်တွင်ရှိစဉ်က နောက်မှ ပြတင်းပေါက်များ မလုံခြုံ၍ အဖိုးတန် အင်္ဂလိပ်လို ပြဌာန်းစာအုပ်များ (Text Books)၊ ရည်ညွှန်းစာအုပ်များ (Reference Books) များစွာပျောက်ဆုံးခဲ့ရပါသည်။ အလွန်ဝမ်းနည်းကြေကွဲဖို့ ကောင်းပါသည်။

ယခုတော့ တက္ကသိုလ်၏ ဝင်ပေါက်အဆောင်များနှင့်နီးသော ဆေးရုံအနားတွင် ဖွင့်လှစ်ကာ ပုံနှိပ်စာအုပ် (Text Book)၊ ခေတ်မီအီလက်ထရောနစ်စာအုပ် (E-Books)၊ အွန်လိုင်းဂျာနယ်၊ စာရွက်၊ စာတမ်း၊  စာအုပ် (Online Journals, Documents, Books) များစွာဖြင့် အလွန်တိုးတက်နေပါပြီ၊ စိုက်ပျိုးရေးဆိုင်ရာ စာကြည့်တိုက်များ အကြောင်း သီးသန့်ဆောင်းပါး ရေးပါဉီးမည်။

အဓိက ကျွန်တော်ပြောချင်တာက မြန်မာလိုသင်တဲ့ခေတ်ကနေ အင်္ဂလိပ်လိုသင်၊ သင်ခန်းစာ ပြဌာန်းစာအုပ်များ (Lecture Guides) က အင်္ဂလိပ်လို ရိုက်နှိပ်ထုတ်ဝေလာနိုင်သောအခါ ကျောင်းသားများ အထူးသဖြင့် ကျောင်းသူများက ပြဌာန်းစာအုပ်ရှိ အင်္ဂလိပ်စာပိုဒ်များကို အလွတ်ကျက်ပါတော့သည်။ ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် မြန်မာလိုသင်သော၊ မြန်မာဘာသာများစွာရှိသော စာရွက်စာတမ်းများ (PowerPoints, Documents) ဖြင့် ပညာ ဖြန်ဝေပေးရန် စိတ်ကူးရလာပါတော့သည်။ ယခု ကျွန်တော်တို့ရွှေရောင်လွင်ပြင်အဖွဲ့ မှ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများသို့ တက်ရောက်ခွင့်မရသော ကျေးလက်နေ တောင်သူလယ်သမားကြီးများ၊ သူတို့၏ သားသမီးများအတွက် မြန်မာလိုသင်ပေးသော အွန်လိုင်း လက်မှတ်ရသင်တန်းလေး နှစ်ခု ဖွင့်လှစ်နေပါပြီ၊ မကြာမီ နောက်တစ်ခုဖွင့်လှစ်ပါတော့မည်။ 

ထိုအထဲမှ ကျွန်တော် သင်ကြားဆွေးနွေးရမည့် ခေါင်းစဉ်ကလေးများကို ပြင်ဆင်ရင်း၊ အောက်ပါ ဆောင်းပါးကလေးများကို ရေးဖြစ်ပါသည်။ 

အခန်း (၁) သီးနှံစိုက်ပျိုးနည်းစနစ်များ (Cropping Systems)

သီးနှံစိုက်ပျိုးနည်းစနစ်ဆိုသည်မှာ တိကျသော ပတ်ဝန်းကျင် အ‌ခြေအနေတစ်ရပ်အောက်တွင် ပေးထားသော အရင်းအမြစ်တစ်ခုမှ အကျိုးအမြတ်ရရှိလာအောင် စီမံခန့်ခွဲသည့် စိုက်ပျိုးနည်းစနစ် ဖြစ်ပါသည်။ ဤတွင် သီးနှံစိုက်ဧရိယာ၊ သီးနှံဇီဝဒြပ်ထု၊ စီးပွားရေးအရ တွက်ချေကိုက်သည့် အထွက်နှုန်း၊ သီးနှံပြက္ခဒိန်၊ စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်နှင့် စိုက်ပျိုး၊ ရိတ်သိမ်း ပျံ့နှံ့ခြင်းများ ပါဝင်သည်။ 

၁.၁။ သီးနှံစိုက်ပျိုးသည့်ပုံစံ (Cropping Pattern) - ၎င်းကို တစ်ချိန်တည်းတွင် မတူညီသည့်ဒေသများ၌ စိုက်ပျိုးနေရာ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်နိုင်ပါသည်။ စိုက်ပျိုးနေရာ တစ်စိတ်တစ်ပိုင်းဟု ဆိုရာတွင် နေရာဒေသတစ်ခုရှိ စိုက်ပျိုးမှုပုံစံအပေါ်မူတည်၍ အသားတင်စိုက်ဧရိယာ (သို့) စုစုပေါင်း စိုက်ပျိုးထားသည့် ဧရိယာများ ပါဝင်နိုင်ပါသည်။   အိန္ဒိယနိုင်ငံတွင် သီးနှံစိုက်ပျိုးမှုပုံစံသည် မိုးရေချိန်၊ အပူချိန်၊ ရာသီဥတု၊ နည်းပညာနှင့် မြေအမျိုးအစားအပေါ်မူတည်၍ ကွဲပြားပါသည်။ 

သီးနှံအထွက်နှုန်း အမြင့်ဆုံးရရှိစေရန် သီးနှံစိုက်ပျိုးမှုပုံစံအမျိုးမျိုးကို ကျင့်သုံးလေ့ရှိကြသည်။ အဓိက သီးနှံစိုက်ပျိုးမှုပုံစံများတွင် အောက်ပါတို့ ပါဝင်သည်။ 

၁.၂။ မတူကွဲပြားသော သီးနှံစိုက်ပျိုးစနစ်များ (Diversified Farming Systems) သည် စိုက်ကွက်များ၊ လယ်ယာများနှင့် မြေယာများတွင် ဂေဟစနစ်ကွဲပြားမှုအား အလေးထား၍ အစားအစာကို ရေရှည်တည်တံ့စွာ ထုတ်လုပ်နိုင်ရန်အတွက် ဖော်ထုတ်ထားသော နည်းလမ်းများဖြစ်ပါသည်။ သီးနှံမျိုးစုံစိုက်ပျိုးခြင်းစနစ်တွင် ကွင်းပတ်လည်ရှိ ခြံများ (သို့) ခြံစည်းရိုးများ၊ အနိမ့်အမြင့် မတူသောသီးနှံပင်များ၌ အကျိုးပြုအင်းဆက်များ (Beneficial Insects) အတွက် အလိုအလျောက် နေစရာဖန်တီးပေးခြင်းဖြင့် သီးနှံဖျက်ပိုးများကို နှိမ်နင်းနိုင်၍ သီးနှံအထွက်တိုးစေနိုင်ပါသည်။ 

၁.၃။  အမျိုးမျိုးသော သီးနှံစိုက်ပျိုးနည်းစနစ်များ (Different Cropping System Methods)

က။ သီးနှံစဉ်လိုက် စိုက်ပျိုးခြင်း (Sequential Cropping) 

ဥပမာ - သီးနှံတစ်မျိုးစိုက်သည့် တူညီသော လယ်ယာမြေတစ်ခုတည်းပေါ်တွင် ပထမသီးနှံကို ရိတ်သိမ်းပြီးသည့်နောက် ဒုတိယသီးနှံကို စိုက်ပျိုးခြင်းကဲ့သို့သော တစ်နှစ်အတွင်း သီးနှံတစ်မျိုးတည်း (သို့)  သီးနှံမျိုးစုံကို စိုက်ပျိုးသည့်ပုံစံတစ်ခု ဖြစ်သည်။  တစ်နှစ် ၂-ကြိမ် (Double Cropping)၊ တစ်နှစ် ၃-ကြိမ် (Triple Cropping)၊ လေးကြိမ်စိုက်ပျိုးခြင်း (Quadruple Cropping) စသည်အထိ ပြုလုပ်နိုင်ပါသည်။ 

ခ။ သီးနှံရောနှောစိုက်ပျိုးခြင်း (Mixed Cropping) 

သီးနှံနှစ်မျိုး (သို့) နှစ်မျိုးထက်ပိုသော သီးနှံများကို တူညီသော မြေယာတစ်ခုတည်းပေါ်တွင် တစ်ချိန်တည်းတွင် စိုက်ပျိုးခြင်းဖြစ်သည်။ ဤသို့ စိုက်ပျိုးခြင်းဖြင့် သီးနှံပျက်စီးမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေများကို လျှော့ချစေနိုင်သည်။ 

ဥပမာအားဖြင့် တစ်ချိန်တည်းတွင် တူညီသောမြေပေါ်၌ ဂျုံနှင့် ကုလားပဲကို အတူတကွ စိုက်ပျိုးခြင်းသည် သီးနှံရောနှောစိုက်ပျိုးခြင်းပင် ဖြစ်သည်။ ဤနည်းဖြင့် စိုက်ပျိုးခြင်းသည် သီးနှံတစ်ခုချင်းပျက်စီးမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေများကို လျှော့ချစေနိုင်၍ ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေများကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုကို အာမခံပေးနိုင်သည်။ 

အတူတကွစိုက်ပျိုးမည့်သီးနှံများသည် မတူညီသည့် ရင့်မှည့်ချိန်များရှိသင့်၍ ရေလိုအပ်ချက်များလည်း မတူညီသင့်ပါ။ သီးနှံတစ်ခုက သက်တမ်းရှည်၍ သီးနှံတစ်ခုက သက်တမ်းတိုသော သီးနှံများကို အတူတကွ စိုက်ပျိုးရန် ရွေးချယ်သင့်ပါသည်။ သီးနှံတစ်ခု၏ အာဟာရဓာတ်လိုအပ်မှုသည် အခြားသီးနှံတစ်ခု၏ အာဟာရဓာတ်လိုအပ်မှုထက် လျော့နည်းသင့်သည်။ သီးနှံတစ်မျိုးတွင် အမြစ်နက်နက်ဆင်းသည့် စနစ်ရှိသင့်၍ အခြားသီးနှံတွင် တိမ်သော အမြစ်စနစ်ရှိသင့်သည်။ သို့မှသာ မတူညီသော မြေနေရာမှ အာဟာရဓာတ်များ ရနိုင်ပါသည်။  ဤအချက်များအားလုံးနှင့် ကိုက်ညီပါက သီးနှံရောနှောစိုက်ပျိုးခြင်းပုံစံကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပေမည်။ 

သီးနှံရောနှောစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ (Advantages of Mixed Cropping)

  • သီးနှံအထွက်နှုန်း တိုးတက်လာခြင်း
  • ဖျက်ပိုးများ ကျရောက်မှုကို လျော့ကျစေခြင်း 
  • သီးနှံပျက်စီးမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေများကို လျှော့ချစေနိုင်ခြင်း
  • မြေကြီးကို သင့်လျော်စွာ အသုံးချနိုင်ခြင်း 
  • တစ်ချိန်တည်းတွင် တစ်မျိုးထက်ပိုသောသီးနှံများကို ရိတ်သိမ်းနိုင်ခြင်း 

က။ သီးနှံတစ်မျိုးတည်း စိုက်သည့်စနစ် (Mono Cropping) သီးနှံတစ်မျိုးတည်း စိုက်သည့်စနစ်သည် မြေဆီလွှာကောင်းမွန်မှုကို လျော့ကျစေ၍ မြေကြီး၏ဖွဲ့စည်းပုံကို ပျက်စီးစေသည်။ ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန် ဓာတ်မြေဩဇာများကို သုံးရန်လိုအပ်သည်။ ဤစနစ်သည် သီးနှံဖျက်ပိုးများနှင့် အပင်ရောဂါများ ကျရောက်မှုကို ပျံ့နှံ့စေသည်။   

ခ။ လမိုင်းထားခြင်း (Ratooning): သီးနှံတစ်မျိုးတည်း၏ မြေကြီးအပေါ်ရှိ အပိုင်းများကို ရိတ်သိမ်း၍ နောက်တစ်ရာသီတွင် သီးနှံအသစ်အဖြစ် ပြန်လည်ကြီးထွားနိုင်စေရန် အမြစ်များနှင့် ကြီးထွားစေသည့် အညွန့်များကို ချန်ထားခြင်း နည်းစနစ်ဖြစ်သည်။  ဥပမာ - ကြံ

ဂ။ တစ်မျိုးအပေါ်တစ်မျိုး တစ်စိတ်တစ်ပိုင်းထပ်၍ စိုက်ခြင်း (Relay Planting) ။ ဒုတိယသီးနှံကြီးထွားနေ၍ မရိတ်သိမ်းမီအချိန်တွင် အခြားသီးနှံကို စိုက်ပျိုးသည့် သီးနှံမျိုးစုံစိုက်ပျိုးမှု နည်းလမ်းတစ်မျိုးဖြစ်သည်။ ထိုသို့စိုက်ခြင်းသည် ရရှိနိုင်သော အရင်းအမြစ်များ မလုံလောက်ခြင်း၊ စိုက်ချိန်မတူခြင်းနှင့် မြေဆီလွှာအာဟာရဓာတ် လျော့ကျစေခြင်း အစရှိသော အခက်အခဲများကို ဖြေရှင်းနိုင်သည်။  

ပုံ - ၁ ဥပမာ - ဂျုံနှင့် ပဲပုတ်စိုက်ခြင်း 

 

ဃ။ ကြားညှပ်စိုက်ခြင်း (Inter-Cropping)။ သီးနှံနှစ်မျိုး (သို့) နှစ်မျိုးထက်ပိုသော သီးနှံများကို မြေယာတစ်ခုတည်းပေါ်တွင် တစ်ချိန်တည်း၌ တိကျသော ပုံစံတစ်မျိုးဖြင့် စိုက်ပျိုးခြင်း ဖြစ်သည်။ 

ဥပမာ - ပဲစင်းငုံနှစ်တန်းကြား မြေပဲ (သို့) နှမ်း ၆-တန်းစိုက်ခြင်း 

  • ၁. Mixed Inter-Cropping သီးနှံ ၂-၃ မျိုးကြုံသလိုရောစိုက်ခြင်း (ဥပမာ-နှမ်း၊ ပဲကြီးရောကြဲ)
  • ၂. Row Inter-Cropping သီးနှံ၂-၃ မျိုး အတန်းလိုက်စိုက်ပျိုးခြင်း (ဥပမာ-ဝါအတန်းကြား မြေပဲ အတန်းလိုက်စိုက်ခြင်း)
  • ၃. Strip Inter-Cropping သီးနှံ၂-၃ မျိုး အုပ်စုလိုက်စိုက်ပျိုးခြင်း
  • ၄. Relay Inter-Cropping သီးနှံ၂-၃ မျိုး ထပ်၍စိုက်ပျိုးခြင်း

င။ သီးလှည့်စိုက်ပျိုးခြင်း (Crop Rotation) သီးနှံ ၂-၃ မျိုးကို ၂ နှစ်မှ ၃ နှစ်အတွင်း အစီအစဉ်ဖြင့် အလှည့်ကြစိုက်ပျိုးခြင်း ဖြစ်သည်။ အထွက်တိုးတက်ရုံမက မြေဆီလွှာအာဟာရဓာတ်တိုးအောင်၊ ရေကို စနစ်တကျသုံးနိုင်အောင်၊ ပိုးမွှား၊ ရောဂါကျရောက်မှု လျော့နည်းသွားအောင်တို့အတွက် ရည်ရွယ်ပါသည်။ 

ဥပမာ - ပြောင်းဖူး၊ ပဲ၊ နေကြာ

၁.၄။ မြန်မာနိုင်ငံတွင် အချို့သောနေရာများ၌ လက်ရှိကျင့်သုံးလျက်ရှိသော သီးနှံစိုက်ပျိုးနည်းစနစ်များ 

(က) ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း (Shifting Cultivation) ။ တောင်ပေါ်နေ တိုင်းရင်းသားများက အပင်သေးများနှင့် မြက်ပင်ရှည်များ ခြုံပုတ်ပင်များကို ရှင်းလင်းပစ်သည်။ အပင်ကြီးများကို ပင်စည်တစ်ဝိုက်တွင် တံစဉ်ဖြင့် ခုတ်ထွင်ကြသည်။ အိမ်ထောင်စုတစ်ခုချင်းစီသည် သူတို့၏ကိုယ်ပိုင်စိုက်ကွက်ကို ရှင်းလင်းကြရန် တာဝန်ယူကြပါသည်။ မီးရှို့ခြင်းကို ပုံမှန်အားဖြင့် အိမ်ထောင်တစ်စုချင်းစီ၏ အမျိုးသားများက ဆောင်ရွက်ကြသည်။ 

ပျမ်းမျှအားဖြင့် မြေတစ်ဧကကို ရှင်းလင်းပြီးစီးရန် ရက် ၃၀ မှ ၃၅ ရက်အထိ ကြာမြင့်နိုင်သည်။ တောင်ယာစပါး (သို့) ဒေသပြောင်းစိုက်ပျိုးခြင်းကို အမျိုးသား/အမျိုးသမီး တောင်သူများက လုပ်ဆောင်ကြသည်။ အိမ်ထောင်စုတစ်ခုစီတိုင်းသည် သူတို့၏ကိုယ်ပိုင်စိုက်ကွက်တွင် စိုက်ပျိုးကြရန် တာဝန်ရှိသည်။ တခါတရံ ပြောင်းဆန် (သို့) နှံစားပြောင်းကို ကြဲပက်စိုက်ပျိုးကြ၍ ပြောင်းဖူးကို ကျင်းတူး၍ စိုက်ပျိုးကြသည်။ သခွား၊ ဖရုံကဲ့သို့သော ဟင်းသီး ဟင်းရွက်များကိုလည်း မီးရှို့ထားသည့် ပြာပုံများတွင် စိုက်ပျိုးကြသည်။ ပေါင်းသင်ခြင်းကို အမျိုးသမီးများက ပေါက်ပြားငယ်များဖြင့်သော်လည်းကောင်း၊  လက်ဖြင့်သော်လည်းကောင်း လုပ်ဆောင်ကြသည်။ ၎င်းကို ပုံမှန်အားဖြင့် တစ်ရာသီလျှင် သုံးကြိမ်နှုန်း လုပ်ဆောင်ကြသည်။ 

ပုံ - ၂ မြန်မာနိုင်ငံရှိရွေ့ပြောင်းတောင်ယာတစ်ခု

 

(ခ) တောင်စောင်းများတွင်တည်မြဲသော စိုက်နည်းနစ် (Permanent Farming System) 

  • တောင်ပေါ်တွင်ချင်းစိမ်း၊ နနွင်း စိုက်ခင်းများ စိုက်ပျိုးလေ့ရှိပါသည်။ စိုက်ခင်းများသည် ရွာနှင့် မဝေးသောနေရာတွင် တည်ရှိသည်။ ၎င်းတို့ကို စိုက်ပျိုးရာတွင် သီးလှည့်စနစ်ဖြင့် စိုက်ပျိုးသင့်သည်။ ဥပမာ - ပထမနှစ်တွင် ချင်းစိမ်း၊ ဒုတိယနှစ်တွင် ယာစပါး (သို့) ကောက်ညှင်း၊ တတိယနှစ်တွင် ပိန်းဥ၊ ကန်စွန်းဥ အစရှိသည်တို့ ဖြစ်သည်။
  • ဝင်ငွေရသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းအတွက် အမြဲတမ်းဥယျာဉ်ခြံ၊ အိမ်တွင်းဥယျာဉ် (Home Gardens) - ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ ငှက်ပျောနှင့် သရက်ခြံများ၊ ပီလောပီနံစိုက်ခင်းများ ပါဝင်သည်။ 

 (ဂ) သမားရိုးကျ မိုးစပါး လှေကားထစ်စိုက်ပျိုးခြင်းစနစ် (Contour System) ။ မိုးစပါးကို စိုစွတ်သည့် ရာသီဥတုတွင် စိုက်ပျိုးသည်။ မြေပြင်၍ပြီးဆုံးချိန်တွင် အပင်ကြီးထွားချိန်သက်တမ်းတစ်လျှောက် စိုက်ခင်းများကို ရေအမြဲရှိနေစေသည်။ အဆန်ဖြည့်သည့် အဆင့်ကို အားပေးနိုင်ရန် မရိတ်သိမ်းမီတစ်လအလိုတွင်  ထိုရေများကို စပါးခင်းမှ ထုတ်ပစ်သည်။ 

(ဃ) နွား၊ ကျွဲ၊ ဝက်၊ ကြက် မွေးမြူရေးနစ်များ (Animal Husbandry System)။ ဤတိရစ္ဆာန် မွေးမြူရေးများ (ကျွဲ၊နွားများ)ကို ထယ်ထိုးခြင်း၊ ပစ္စည်းသယ်ခြင်းများတွင် ခိုင်းရန်အတွက်နှင့် (ဝက်၊ ကြက်များကို) အရေးပေါ်ငွေလိုအပ်လာသည့်အခါ ရောင်းချသုံးစွဲနိုင်ရန် စုဆောင်းခြင်းအနေဖြင့် မွေးမြူကြသည်။ ကျေးလက်ဒေသများရှိ ရွာများတွင် အိမ်တိုင်းနီးပါးသည် တိရစ္ဆာန်များကို အချင်းချင်းမျိုးစပ်ပေးလေ့ ရှိကြသည်။ မိုးရွာသီတွင် စားကျက်မြေများအား ရိတ်၍ ဆားခပ်ကာ ကျွဲနွားစာများအဖြစ် ကျွေးလေ့ရှိကြသည်။ စပါး(နွေ/မိုး) ရိတ်သိမ်းပြီးပါက ကျွဲနှင့်နွားများကို လယ်ခင်းထဲသို့ ကျောင်း၍ စားကျက်မြေအဖြစ် စပါးပင်အကြွင်းအကျန်များကို လွတ်လပ်စွာ စားစေသည်။ 

(င) အသေးစားတိရိစ္ဆာန် မွေးမြူခြင်း စနစ် (Small Livestock Production System) ကို မိသားစုအတွက် အပိုဝင်ငွေအရင်းအမြစ် တစ်ခုဖြစ်စေရန် အိမ်ထောင်စုတစ်စုခြင်းစီ၏ စုဆောင်းခြင်းအဖြစ် လုပ်ဆောင်ကြသည်။ ဥပမာ - (ဝက်နှင့်ကြက်)   မျိုးပေါက်ထားသော ဝက်ငယ်နှင့် ဝက်သားပေါက်လေးများကို တစ်နှစ်ပတ်လုံး ရောင်းချနိုင်ခြင်း။ အချို့သော တောင်သူများသည် ဝက်ပေါက်လေးများကို ဝယ်ယူကျွေးမွေးထားပြီး အနည်းဆုံး (၈) လ သက်တမ်းရှိသောအခါ ပြန်လည်ရောင်းချကြသည်။  

ကျွန်တော်တို့၏ အွန်လိုင်း (Online) က သင်ကြား၊ ဆွေးနွေးပေးနေသော သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်း (Agroforestry) နှင့် အခြေခံ စိုက်ပျိုးရေးသိပ္ပံပညာ (Basic Agricultural Science) သင်တန်းများမှ သင်ခန်းစာ (Chapter)  တစ်ခုပါ။ ဤဆောင်းပါးလေးများကိုလည်း စုစည်း၍ စာအုပ်ငယ်ကလေးအဖြစ် ထုတ်ဝေပြီး ကျေးလက်နေ တောင်သူဦးကြီးများအတွက် ဖြန့်ဝေပေးမှာပါ။ တစ်ချိန်ချိန်မှာ စိုက်ပျိုး၊ မွေးမြူရေး ပညာများကို နိုင်ငံတော်နှင့်အတူ ပုဂ္ဂလိက ပညာရေးကဏ္ဍမှ တဖက်တလမ်း ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရင်း --------

(ဒေါက်တာမျိုးကြွယ်) 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။    


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်